သတင်း

ဧရာဝတီတိုင်းတွင် မြစ်ကမ်းပါးပြိုကျမှု ယခင်နှစ်များထက် အခြေအနေပိုဆိုးလာ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ – ၁၈ ခုနှစ် ဘဏ္ဍာနှစ်ကာလအတွင်း မြစ်ရေတိုက်စားသည့်အတွက်
မြစ်ကမ်းပါး ပြိုကျမှုပေါင်း အကြိမ် ၂၆၀ ကျော် ဖြစ်ပွားခဲ့ပြီး ယင်းပမာဏမှာ ၂၀၁၆ ခုနှစ်ထက် ၄ ဆကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ – ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ကာလအတွင်း (၂၀၁၆ ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လအထိ) ကမ်းပြိုမှု ၅၇ ကြိမ်သာ ဖြစ်ခဲ့သော်လည်း ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်ကာလအတွင်း ကမ်းပြိုမှုပေါင်း ၂၆၆ ကြိမ်ဖြစ်ပွားခဲ့သည့် အတွက် ပမာဏအားဖြင့် ဖြစ်ပွားမှုအရေအတွက် ၄ ဆကျော် မြင့်တက်လာကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနစာရင်းများအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက “ကျနော်တို့ တိုင်းဒေသကြီးမှာ ဒီနှစ်ပိုင်းတွေမှာ ကမ်းပြိုကျမှုတွေ အရမ်းများလာတယ်။ ၂၀၁၇ – ၁၈ဘဏ္ဍာနှစ်အတွင်းမှာ ဆိုရင် ကမ်းပြိုဘေးက အများဆုံး ဖြစ်ပွားခဲ့တယ်။ ၂၀၁၇ ခုနှစ် ဧပြီလကနေ ၂၀၁၈ မတ်လအထိ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုပေါင်း ၂၆၆ ကြိမ် ဖြစ်ပွား ခဲ့တယ်။ အဲဒီပမာဏက ၂၀၁၆ ခုနှစ်ထက် ၄ ဆ ကျော်လောက် မြင့်တက်လာတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင် ၆ ခုရှိသည့်အနက် ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်ကာလအတွင်း ဟင်္သာတခရိုင်ရှိ မြန်အောင်၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ ကြံခင်းစသည့် ဒေသများတွင် ကမ်းပြိုမှုပေါင်း ၁၉၁ ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် ဟင်္သာတခရိုင်မှာ ဧရာဝတီတိုင်းတွင် ကမ်းပြိုမှုဘေး အများဆုံး ရင်ဆိုင်နေရသည့် ဒေသအဖြစ် တည်ရှိနေသည်။

ကမ်းပြိုမှုဘေး ဒုတိယအများဆုံးရင်ဆိုင်နေရသည့် ဒေသမှာ မအူပင်ခရိုင်ဖြစ်ပြီး ကမ်းပြိုမှု ၅၇ ကြိမ် ဖြစ်ပွားခဲ့သည်။ ကျန်ခရိုင်များဖြစ်သည့် ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာခရိုင်တို့တွင် ကမ်းပြိုမှု အနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး ဖျာပုံခရိုင်တွင် လုံးဝဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။

တိုးမြစ်ရေ တိုက်စားသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် ပန်းတနော်မြို့နယ် ရွှေဖလားကျွန်းကျေးရွာ (ဓာတ်ပုံ – ဦးမျိုးသန့်/ပန်းတနော်)

ကမ်းပြိုမှုများမှာ ၂၀၁၅ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ဖြစ်ပွားနေပြီး ဧရာဝတီတိုင်းရှိ ဒေသခံများမှာ မြစ်ကမ်းပါး တိုက်စားမှုကြောင့် ဒေသခံများမှာ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများ ပျက်စီးဆုံးရှုံးခြင်း၊ နေအိမ်မြေနေရာများ ဆုံးရှုံးခြင်း၊ စာသင်ကျောင်းများနှင့် ဘုရားစေတီ သာသနိကအဆောက်အဦးများ ပျက်စီးဆုံးရှုံးခြင်းများ၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် မြေနေရာအခက်အခဲများ ကြုံတွေ့ နေရသည်။

ညောင်တုန်းမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး က “ကမ်းပြိုတာတွေက အရင်နှစ်တွေထက် စာရင် ပိုများလာတယ်။ အထူးသဖြင့် ကျေးရွာတွေမှာ အဖြစ်များတယ်။ တချို့ရွာတွေဆို ဘုရားတွေပါ မြစ်ထဲပြိုကျ၊ အိမ်တချို့တွေလည်း ပြိုကျပြီး ပါသွားတာတွေ ရှိတယ်။ တချို့ ကျတော့လည်း အိမ်တွေမပြိုခင် ကြိုတင်ဖျက်ရ၊ ရွှေ့ရပြောင်း ရတော့ အခက်အခဲဖြစ်တာတွေ ရှိတယ်။ စိုက်ပျိုးမြေတွေဆိုလည်း ကမ်းပြိုတဲ့အထဲပါသွားလို့ အခက်အခဲဖြစ်ကြသူတွေလည်း ရှိတယ်” ဟု ပြောသည်။

၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်ကာလအတွင်း ဧရာဝတီတိုင်း၌ ဖြစ်ပွားခဲ့သည့်သဘာဝဘေးများအနက် ကမ်းပြိုမှုဘေးမှာ ၄၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေပြီး လေပြင်းတိုက်ခတ်မှုဘေးမှာ ၂၆ ရာခိုင်နှုန်းဖြင့်ဒုတိယအများဆုံးအဖြစ် တည်ရှိနေသည်။

ပန်းတနော်မြို့နယ်၊ ရွှေဖလားကျွန်းကျေးရွာ ရပ်မိရပ်ဖ ဦးမျိုးသန့်က “ကျနော်တို့ရွာမှာ ၂၀၁၅ ကတည်းက ကမ်းပြိုမှုတွေဖြစ်လို့ အိမ်တွေ တသုတ်ပြီးတသုတ် ရွှေ့ခဲ့ရတယ်။ ဒီနှစ်ဇွန်လမှာ ကမ်းပြိုတာတွေအရမ်းဆိုးလာလို့ လက်ကျန်အိမ်တွေ အကုန်လုံးရွှေ့ခဲ့ရတာ အခုဆို ရွှေဖလားကျွန်းဘေးနားက မြစိမ်းကျွန်းပေါ်မှာ အိမ်ခြေ ၂၀၀ ကျော် ရွာလုံးကျွတ် ပြောင်းရွှေ့နေထိုင်နေရတယ်။ အိမ်တွေ ပြောင်းရ ရွှေ့ရတော့ အခက်အခဲတွေအများကြီးပဲ” ဟု ပြောသည်။

ကမ်းပြိုခြင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးများကြောင့်
၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ အိမ်ခြေပေါင်း၂၃၂၃၄ အိမ် ထိခိုက်ပျက်စီးခဲ့ပြီး
လူပေါင်း ၉၂၇၀၅ ဦး သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဌာနစာရင်းများအရ သိရသည်။

ရေကြီးခြင်း၊ မီးလောင်ခြင်း၊ လေပြင်းတိုက်ခြင်းနှင့် ကမ်းပြိုခြင်း ဘေးကြုံတွေ့ရသည့်မိသားစုများကို
ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ နေအိမ် ပြောင်းရွှေ့စရိတ်များ ကူညီထောက်ပံ့ခြင်းနှင့် အိမ်များပြန်လည်တည်ဆောက်နိုင်ရန် အိမ်အမျိုးအစား အပေါ်မူတည်၍ ကျပ် အများဆုံး ၂ သိန်းအထိ ကူညီထောက်ပံ့ကြောင်း သိရသည်။

ထို့ပြင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူများကို ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ လူတဦးလျှင် ၃ သိန်းကျပ်နှုန်း ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေး ထိခိုက်ခံစားခဲ့ရသူများကို နိုင်ငံတော်မှ ငွေကျပ် သိန်းပေါင်း ၇၂၈၀ ကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading