ယခုနှစ် အတွင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ဧရာဝတီ လင်းပိုင် တချို့အား ဆေးစိမ်၍ အများပြည်သူ လေ့လာနိုင်ရန် ပြသထားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီး ဌာနက သိရသည်။
မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်း က “လင်းပိုင်ကို ပြခန်းက မှန်ကန်ထဲ ဖော်မလင် ထည့်ပြီး ဆေးစိမ် ပြသထားတယ်။ အများပြည်သူနဲ့ ကျောင်းသားကျောင်းသူတွေ လေ့ လာ နိုင်ဖို့ အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်တယ်။ အဓိကတော့ ကျောင်းသား အရွယ် ကလေးငယ်လေးတွေ လင်းပိုင် ဆိုတာကို မြင်တွေ့ပြီး ထိန်းသိမ်းဖို့ လိုအပ်ပါလား ဆိုတဲ့ အသိတွေ ရရှိစေဖို့ပါ”ဟု ပြောသည်။
မန္တလေးနှင့် ကျောက်မြောင်း အတွင်း မြစ်ကြောင်းတလျှောက် ကမ်းကပ်ပြသနေသည့် ဧရာဝတီ လင်းပိုင် သင်္ဘော ပေါ် ရှိ လင်းပိုင် ထိန်းသိမ်းရေး ပြခန်းတွင် အများပြည်သူများ လေ့လာနိုင်ရန် ပြသထားကြောင်း သိရသည်။
လက်ရှိ၌ ပြခန်းတွင် သေဆုံးသွားသော ဧရာဝတီ လင်းပိုင်ပေါက်၂ ကောင်အား ဆေးစိမ်ပြသထားပြီး အခြား လင်းပိုင် ရုပ်ကြွင်းများနှင့် လင်းပိုင်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုပါ ပြသထားလျက် ရှိသည်။
ဧရာဝတီ လင်းပိုင်များသည် တရားမဝင် ရှော့တိုက် ငါးဖမ်းဆီးခြင်းများ၊ လင်းပိုင် ထိန်းသိမ်းရေးဇုန် မြစ်ကြောင်း အတွင်း ရှိ အင်း လေလံများ၊ ရွှေကျင်ခြင်း အပါအဝင် စက်ရုံထွက် ရေဆိုးများကြောင့် သေဆုံး နေကြရကြောင်း လင်းပိုင် ထိန်းသိမ်းသူများက ဆိုသည်။
မန္တလေး စိမ်းရောင်စို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ကိုမောင်မောင်ဦးက“အခုချိန်မှာ ဧရာဝတီ လင်းပိုင် က အထူး ကာကွယ် ထိန်းသိမ်းထားရမယ့် သတ္တဝါ မျိုးစိတ် အဖြစ် ဥပဒေပြု ပြဋ္ဌာန်းပေးဖို့လည်း လိုနေပါတယ်။ နောက် ဘက်ထရီ ရှော့တိုက်လို့ လင်းပိုင်သေရင် ချမှတ်ခံရမယ့် ပြစ်ဒဏ်က အထူး လျော့ရဲနေတယ်။ လင်းပိုင် ထိန်း သိမ်း ရေး ဧရိယာအတွင်းက အင်းလေလံပေးခြင်းတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုလာပြီ၊ ရေဆိုးစွန့်နေမှုကိုလည်း ပြင်းပြင်း ထန်ထန် သတိပေးခြင်း တားဆီးခြင်းတွေ လုပ်ဖို့လိုအပ်တယ်။ အခုတော့ လင်းပိုင်တွေဟာ အကာအကွယ် မဲ့လွန်းစွာ ရှင်သန်နေကြရတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ဧရာဝတီ လင်းပိုင် သေဆုံးမှုများ အနေဖြင့် ၂၀၁၇ ဒီဇင်ဘာ ၁၇ ရက်တွင် ကသာမြို့အနီး ကျောက်ပုံ ကျေးရွာတွင် အလျား ၇ ပေခွဲ၊ လုံးပတ် ၄ ပေ ၈ လက်မ ရှိသော အသက် ၁၀ နှစ်ခန့် လင်းပိုင် အမတကောင် ဗိုက်ပေါက် သေဆုံး ခဲ့ရသလို ၂၀၁၈ ဇန်နဝါရီလ ၁၀ ရက်က ကသာမြို့ အောင်ချမ်းသာ ရပ်ကွက် ဧရာဝတီမြစ် အတွင်း၌ အလျား ၇ ပေ အရွယ် အသက် ၄၀ ဝန်းကျင်ရှိသော လင်းပိုင်တကောင် နှာခေါင်းပေါက်နားတွင် ဒဏ်ရာရရှိမှုဖြင့် သေဆုံးခဲ့သည်။
ထို့အပြင်၂၀၁၈ မတ်လ ၂၀ ရက်က မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ကုန်းတန်းကြီးကျေးရွာရှေ့ ဧရာဝတီမြစ် ကမ်းတွင် ခန္ဓာကိုယ် အလျား ၇ ပေ၊ ၃ လက်မ အရွယ် အသက် ၄၀ ဝန်းကျင်ရှိသော သက်ကြီး အရွယ် ဧရာဝတီ လင်းပိုင်အမ အသေတကောင် တွေ့ရှိခဲ့ရသလို မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ စိန်ကျွန်းကျေးရွာနှင့် ရွာသာ အေးရွာကြားတွင် ဇွန်လ ၂၆ ရက်က မွေးပြီးစ ဧရာဝတီ လင်းပိုင် သားပေါက် တကောင် သောင်တင်၍ သေဆုံးခဲ့ သည်။
အဆိုပါ ဧရာဝတီ လင်းပိုင်သားပေါက်ငယ်မှာ အလျား ၃ ပေ ၃ လက်မ၊ လုံးပတ် အရွယ် ၁ ပေ ၁၁ လက်မ၊ အထီး ဖြစ်ပြီး ဧရာဝတီမြစ်တွင် လှိုင်းလေကြီးနေစဉ် မွေးဖွားပြီးစ အချိန်၌ မိခင်နှင့်ကွဲကာ သေလုမြောပါးဖြစ်၍ သောင်တင် နေသောကြောင့် ဒေသခံ မော်တော်သမား တဦးက စက်လှေအတွင်းရှိ သံခွံစည်ပိုင်းတွင်း ထည့်၍ ထိန်းသိမ်း စောင့် ရှောက် ထားစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဦးဟန်ဝင်းက“လင်းပိုင် သားပေါက်တွေကို အသက်ရှင်လျက် သောင်တင်လာရင် သဘာဝ ရေပြင်ထဲမှာပဲ ရေမတိမ် လွန်း မနက်လွန်းမှာ ပြုစုစောင့်ရှောက်ပြီးတော့ အမြန်ဆုံး သဘာဝရေပြင်ထဲကို ပြန်လွှတ်ပေးရပါမယ်။ ထိန်းသိမ်း အသိ ပညာက ဒေသခံတွေ ပိုသိလာပေမယ့် လင်းပိုင်တွေကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ် ဆိုရင် အားနည်း တယ်။ ပညာပေးတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲ ဒီနှစ်မှ ဖြစ်သွားတာပါ။ သဘာဝ ရေ ပြင် ထဲကို အမြန်ဆုံး ပြန်လွှတ်ပေးရမယ်။ ကုန်းပေါ်မှာဆိုရင်လည်း အမြန်ဆုံး ရေပတ်အုပ် ပေးရမယ်”ဟု ပြောသည်။
သားငှက် ထိန်းသိမ်းရေး အဖွဲ့ – မြန်မာ (WCS Myanmar) မှ လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးကျော်လှသိန်း က လည်း “မိုးရာသီက လင်းပိုင် ပေါက်ပြီးတော့ လှိုင်းလေကြောင့် မိဘနဲ့ ကွဲတတ်တာတွေ ဖြစ်တတ်တော့ သားပေါက် လေး တွေ တွေ့ရင် သေသေချာချာ ရေစိုအဝတ်နဲ့ အုပ်ထားပေးရပါမယ်။ ပြီးရင် ရေလယ်ကို ဒါမှမဟုတ်၊ လင်းပိုင် အုပ် ရှိတဲ့ နေရာမှာ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်”ဟု ရှင်းပြသည်။
ရှားပါးရေချို အမျိုးအစားဖြစ်သည့် ဧရာဝတီ လင်းပိုင်များကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ များရှိ မြစ်များ အတွင်း၌သာ တွေ့ရပြီး အဓိက အနေဖြင့် မဲခေါင်၊ ဧရာဝတီ စသည့် ရေချိုမြစ်ကြီးများ အတွင်း အများဆုံး တွေ့ရှိရ ကြောင်း WCS နှင့် ငါးလုပ်ငန်း ဦးစီးဌာန၏ ပူးပေါင်း ထိန်းသိမ်းရေး မှတ်တမ်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ အဖြစ် မန္တလေးမှ ရွှေဘို-ကျောက်မြောင်း-ဗန်းမော် အထိ သတ် မှတ်ထားပြီး ဖြစ်သလို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကသာ၊ ထီးချိုင့်၊ ရွှေကူ စသည့် နေရာများ အထိ လည်း ထိန်းသိမ်းရေး ဧရိယာကို တိုးချဲ့ရန် လျာထားသည်။
ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်း သိမ်းရေး အဖွဲ (မြန်မာ) တို့ ပူးပေါင်း၍ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့် ရှောက်ရေး ဧရိယာ မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီ လင်းပိုင်ကောင်ရေ သုတေသန စစ်တမ်းပြုလုပ်ရာ၌ ၂၀၁၇ ဖေဖော်ဝါရီက ကောက်ယူခဲ့သည့် စစ်တမ်းတွင် ၆၉ ကောင် တွေ့ရှိခဲ့ရပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက စစ်တမ်း ကောက် မှု အရ ဧရာဝတီ လင်းပိုင်ကောင်ရေ ၇၆ ကောင် ရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက စစ်တမ်းကောက်ယူရာ ခရီးစဉ် တလျှောက်တွင် တရားမဝင် ရှော့တိုက် ငါးဖမ်းဆီးသော စက်လှေ ၁၇ စီးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များတွင် ဥပဒေနှင့်အညီ အရေးယူခဲ့သည်ဟုလည်း ဆိုသည်။
ယခုအခါ ဧရာဝတီ လင်းပိုင်ကို မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နေရာတချို့မှာသာ တွေ့ရှိရပြီး ကမ္ဘာတဝန်း လုံး ၌ ခန့်မှန်း အကောင်ရေ ၆၀၀၀ လောက်သာ ကျန်ရှိတော့ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီ လင်းပိုင်များ သည် အခြားနိုင်ငံများရှိ လင်းပိုင်များနှင့် မတူဘဲ ကွန်ပစ် တံငါသည်များနှင့် အတူ ပူးပေါင်းပြီး ငါးဖမ်းကြသည့် ဓလေ့ ရှိကြောင်း ဒေသခံများက ပြောပြကြသည်။
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးနှင့် အသိပညာပေး လုပ်ငန်းများကို ငါးလုပ်ငန်း ဦးစီးဌာန၊ ရေကြောင်း ရဲတပ်ဖွဲ့နှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ) တို့ ပူးပေါင်း၍ ကင်းလှည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကြောင့် ဘက်ထရီ ရှော့တိုက် လုပ်ငန်းများ လျော့ကျလာလျက် ရှိကြောင်း WCS Myanmar က ပြောသည်။
ဧရာဝတီ လင်းပိုင်သည် ဧရာဝတီမြစ်ကို အစွဲပြု၍ ကမ္ဘာက အသိအမှတ်ပြု နာမည်ပေးထားကာ နှစ် ၃၀ မှ ၅၀ အထိ သက် တမ်းရှည် နေထိုင်နိုင်ပြီး ယခုအခါ မျိုးသုဉ်းပျောက်ကွယ်လုနီး ဖြစ်နေသော အထူး ကာကွယ် ထိန်းသိမ်းရမည့် ရှားပါး သတ္တဝါမျိုးစိတ် အဖြစ် ရှိနေသလို လူကို အကျိုးပြုသည့် သတ္တဝါဖြစ်ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
- ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာတိုးချဲ့
- မျိုးတုံး ပျောက်ကွယ်တော့မည့် ဧရာဝတီ လင်းပိုင်မတကောင် အသေတွေ့ရှိ