ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်အဖြစ် ယူထားသော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ယနေ့ မွန်းလွဲပိုင်းတွင် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် “အပြစ်မဲ့ ပြည်သူအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံ တော် အစိုးရက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို များစွာ ထိခိုက်စေပါသည်” ဟု NRPC က ထုတ်ပြန်ခဲ့သည်။
ဆက်လက်ပြီး “သို့ပါ၍ PSLF/TNLA ကဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူ နန်းမိုဟွမ်အား အမြန်ဆုံး လွှတ်ပေးရန်နှင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့် လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်” ဟု ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်ကို PSLF/TNLA အဖွဲ့မှတပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၇ ရက်နေ့တွင် နေအိမ်သို့သွားရောက်၍ သေနတ်ဖြင့် ချိန်းကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ပြီး ယနေ့ထိတိုင် လွတ်မပေးသေးကြောင်း မိသားစုဝင်များက ပြောသည်။
နန်းမိုဟွမ် လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ထံစာပို့တင်ပြထားပြီးနောက် NRPC က ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လာခြင်းဖြစ်သည်။
နန်းမိုဟွမ်လွတ်မြောက်ရေးနှင့်ပတ်သက်ပြီး မိသားစုဝင်များကလည်း မကြာခင်ရက်ပိုင်းက နမ့်ခမ်းမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ခဲ့ ကြသလို ထိုဖြစ်ရပ်ကြောင့် ရှမ်းနှင့် ပလောင် တိုင်းရင်းသားများအကြား လူမျိုးရေး ပြဿနာ အသွင်ဆောင်လာမည်ကို တိုင်းရင်းသား ခေါင်းဆောင်များက စိုးရိမ်နေကြသည်။
ထို့ကြောင့် နန်းမိုဟွမ်ကို လွှတ်ပေးရန်အတွက် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တိုင်းရင်းသား အရေး ဆောင်ရွက်သူများက တိုက်တွန်းပြောဆိုမှုများလည်း ရှိနေသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အကြံပေး ဦးဟန်ယောင်ဝေက “ပထမဆုံးကတော့ ကျနော့် အမြင်မှာ တအာင်း နဲ့ရှမ်းကြားမှာ ပြဿနာ မရှိသင့်ဘူး။ ဘာကြောင့်လဲဆို အရင်ကလည်း အတူတူနေခဲ့တယ်။ ပြဿနာမရှိခဲ့ဘူး။ ဒီဟာတွေက အခုမှပေါ်လာတဲ့ ပြဿနာတွေ ဖြစ်တယ်။ လူမျိုးရေး အမုန်းအတီး ဖြစ်သွားနိုင်တယ်။ အခုလိုမျိုး ပြဿနာတွေရှိလာရင်။ ဒီအမျိုးသမီးကို ဖမ်းသွားတယ်ဆိုတဲ့ နေရာမှာလည်း ကျနော်လည်း လွှတ် (ပေး) သင့်တယ်လို့ ထင်ပါတယ်။ ဒီဟာက တအာင်းက သွားဖမ်းတာကြောင့် မဟုတ်ဘူး။ ဘယ်တပ်မဆို လူထုကို အနှောင့်အယှက် မပေးသင့်ဘူးလို့ မြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးရေးအဖွဲ့ချုပ် (PNLO) မှ ဒုဥက္ကဌ ခွန်မြင့်ထွန်းကလည်း ရှမ်းပြည် ညီညွတ်ရေး ကို ရှေ့ရှုပြီး ရှမ်းပြည်၏ တိုင်းရင်းသား ညီညွတ်ရေးအတွက် ရှေ့ရှုပြီးတော့ နန်းမိုဟွမ်ကို လွှတ်ပေးသင့်ကြောင် း၊ ရှမ်းပြည် ညီညွတ်ရေးကို ရှမ်းပြည်သားများ အားလုံးက ဦးထိပ်ထားသင့်ကြောင်း ဧရာဝတီသို့ ပြောထား သည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)မှ ဗဟိုဦးဆောင် ကော်မတီဝင် မိဆူးပွင့်က “ဒီနေ့ခေတ်ကာလကြီးမှာ လက်နက်ကိုင်တပ်တွေနဲ့ပတ်သက်ပီး အထူးစောင့်ကြည့်နေတာက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံသလဲဆိုတဲ့အပိုင်းကလည်း အချက်တခု ဖြစ်တယ်။ ဒါက TNLA အတွက် လည်း ဘယ်လိုပဲ သူတို့ဥပဒေအရ လုပ်တယ်ပဲ ပြောပြော၊ တဖက်မှာ စည်းရုံးရေးကျတဲ့ အပြုအမူ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
နန်းမိုဟွမ်သည် TNLA ၏ ဥပဒေကျူးလွန်သဖြင့် အပြစ်ပေး အရေးယူရန် ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါကြောင်း၊ TNLA အကောက်အခွန် ဦးစီးဌာနမှ အကောက်ခွန် ဝန်ထမ်း များ လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက် သေဆုံးသည်အထိ နန်းမိုဟွမ်မှ တာဝန် ဝတ္ထရား နှောက်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် TNLA ဗဟိုတရား ရုံးသို့ အမှုဖွင့် တိုင်ကြား ခဲ့ပါကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
TNLA ၏ ထုတ်ပြန်ချက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး နန်းမိုဟွမ် မပြုလုပ်ခဲ့ကြောင်း နန်းမိုဟွမ်၏ မိသားစုဝင်များက ပြောသည်။
နန်းမိုဟွမ်၏ အမဖြစ်သူက “ဘာအပြစ်မှ မရှိတဲ့ မိန်းကလေး တယောက်ကို အဲလိုမျိုး သေနတ်နဲ့ လာချိန်းပြီးတော့ ခေါ်သွားတာ ကျမတို့ စိတ်မကောင်းဘူး။ အဲလိုမျိုးလည်း မလုပ်ပါဘူး။ သူဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပါဘူး။ သူမလုပ်ဘူး အဲလိုမျိုး၊ သူ့မှာလည်း ကလေးတွေရော ရှိသေးတာဘဲ၊ သူဘာလို့ အဲလို လုပ်မှာလည်း နှစ်တိုင်း ဆောင်ပြီးပြီရော”ဟု ဧရာဝတီသို့ ပြောသည်။