မကွေးတိုင်း ဒေသကြီး ဆောမြို့နယ်ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတခု ဖြစ်ပွားရာ တွင်းထဲ၌ ပိတ်မိနေသူ ၄ ဦး အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရသည်။
စက်တင်ဘာလ ၆ ရက်က ဆောမြို့ရှိ ကျောက်မီးသွေးတွင်း၌ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ် သည် ဟု ဆိုသည်။
အဆိုပါ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အလုပ်သမား ၁၂ ဦးမှ အသက်ရှင် လွတ်မြောက်ခဲ့သူ ၄ ဦး တွင် ၁ ဦး ဒဏ်ရာ ရရှိခဲ့ကာ၊ ၄ ဦး သေဆုံးပြီး ကျန်သည့် ၄ ဦး ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေး လုပ်ငန်းကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲက စတင်၍ ဆောင်ရွက်ခဲ့ကာ ထိုနေ့ ၁၂ နာရီ ကျော် ၌ ကယ်ဆယ်ရေး လုပ်ဆောင်သူများ တွင်းထဲမှ ပြန်ထွက်လာပြီး အစည်းအဝေး လုပ်၍ ကယ်ဆယ်ရေး လုပ်ငန်းကို ရပ်ဆိုင်း လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆော မဲဆန္ဒနယ် မကွေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထင်လင်းက “ဓာတ်ငွေ့ကို တိုင်းတာတဲ့ ကိရိယာ တွေ ယူပြီး ဆင်းသွားတယ်။ ပေ ၆၀၀ လောက် အရောက်မှာ အောက်ဆီဂျင် နည်းနေတဲ့ အကြောင်း၊ ယိုစိမ့် ဓာတ်ငွေ့က အရင်ထက် ၂ ဆ လောက် မြင့်တက်နေတဲ့ အကြောင်း၊ မြေပြိုမှုလည်း ဖြစ်နေတဲ့အကြောင်း အချက်ပြ တော့ သူတို့ ၁၂ နာရီလောက်မှာ ပြန်တက်လာပြီး အစည်းအဝေး ထိုင်တယ်။ ဒါဟာ ဆက်လက် ဆောင်ရွက် ရင် ကယ်ဆယ်ရေး လုပ်ငန်း တွေကို ဆောင်ရွက်နေတဲ့ သူတွေပါ အသက်အန္တရာယ် ရှိလာနိုင်တဲ့အတွက် သတ္ထုတွင်း တူးဖော်ရေးဌာနက ညွန်ကြား ရေး မှူး ဦးကိုကိုလှိုင်ရဲ့ အကြံပြုချက် အရ ဒီဟာကို ဆက်လက် ဆောင်ရွက်မှု မသင့် တော့ဘူး ဆိုပြီး ဆုံးဖြတ် လိုက် ကြတယ်”ဟု ပြောသည်။
စက်တင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့သော ထွန်းရာဇာ ကုမ္ပဏီ လုပ်ကိုင်နေသော ဆော ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု နှင့် ပတ်သက်ပြီး လုပ်ကွက် တာဝန်ခံ ဦးမင်းမင်းဦးကို ဆောမြို့နယ် ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) (ပေါ့လျော့ ခြင်းဖြင့် သေစေမှု) နှင့် ပုဒ်မ ၃၃၈ (အပြင်းအထန် နာကျင်စေမှု)တို့ဖြင့် အရေးယူထားကြောင်း သိရသည်။
ဆော မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်း က“ကျနော်တို့ အရေးယူထားတဲ့ ပုဒ်မကတော့ ၃၀၄ (က)၊ ၃၃၈ နဲ့ အမှု ဖွင့် ထား ပါတယ်။ ဒါကတော့ ပေါ့ဆမှု ပုဒ်မပေါ့။ အဲဒီ ပုဒ်မ ၂ ခုလုံးကတော့ အဲဒီ အတွက်ပဲဗျ။ ပေါ့ဆမှုကြောင့် ဖြစ်တဲ့ အရာ ပေါ့”ဟု ပြောပြသည်။
အမှတ်(၁) သတ္ထုတွင်း ဌာနက ယခုဖြစ်စဉ် ဖြစ်ကတည်းက လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းကို ရပ်ဆိုင်းရန် ညွန်ကြား လိုက်ကြောင်း၊ နစ်နာသူများ အတွက် အစိုးရက ကျပ် ၃ သိန်းစီ မိသားစုများသို့ ပေးအပ်ကြောင်း၊ ကုမ္ပဏီ ဘက်က ကျပ် သိန်း ၈၀ စီ အထောက်အပံ့ ပေးအပ်ကြောင်းလည်း ၎င်း က ပြောသည်။
အဆိုပါ ကျောက်မီးသွေးတွင်ကို ထွန်းရာဇာ ကုမ္ပဏီက ၂၀၁၆ ခုနှစ်က စတင်၍ လုပ်ကိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် လုပ်ငန်း ပြီးစီးရန် လျာထားသော လုပ်ကွက် တခု ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး လွှတ်တော် သံယဇာတ၊ သဘာဝ ပတ်ဝန်း ကျင်၊ လျှပ်စစ်၊ စွမ်းအင်ဆိုင်ရာ ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဦးထင်လင်းက ဆိုသည်။
ထိုကျောက်မီးသွေး လုပ်ကွက်သည် နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကွက် တခု ဖြစ်ပြီး လုပ်ငန်း လိုင်စင်ကို သတ္ထုတွင်း ဦးစီး ဌာနက ချပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ဦးထင်လင်းက ဆက်လက်၍“သတ္ထုတွင်း ဦးစီးဌာန ညွန်မှူးရဲ့သုံးသပ်ချက်ကနေ ဌာနကို တင်မယ်။ အဲဒီကနေ ပြည် ထောင်စု ဝန်ကြီးဆီ သွားမယ်။ ပိတ်သိမ်းဖို့ များပါတယ်။ ကုမ္ပဏီကိုတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရ တယ်။ အမှန်က သတ္ထုတွင်း ဦးစီး ဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက်မှု မရှိ လို့ အခုလို ဖြစ်တာ။ တကယ်လို့ ဒီလိုမျိုး ဆက်သွားမယ် ဆိုရင် ကျန်တဲ့ ကျောက်မီးသွေးတွင်းတွေလည်းစိတ်ချရတဲ့ အာမခံချက် မရှိဘူး”ဟု ၎င်းက ပြောသည်။
မကွေးတိုင်း ဒေသကြီးတွင် ကျောက်မီးသွေးတွင်း လုပ်ကွက်ပေါင်း ၃၃ ကွက် ရှိပြီး ထို လုပ်ကွက်များသို့ ကွင်းဆင်း၍ စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးသွားမည် ဖြစ်ပြီး ဆောင်ရွက်မှု အားနည်းနေသည်များကို ကြပ်မတ်ရန် ပြည်ထောင်စု အစိုးရသို့ အကြံပြုသွားမည်ဟုလည်း ဦးထင်လင်းက ပြောဆိုသည်။