အစ္စလာမ် ထုံးတမ်းအရ ကွာရှင်းခဲ့သည့် ခင်ပွန်းဟောင်းကို ပြစ်မှုကြောင်းအရ တရားစွဲဆို သွားမည် ဖြစ်ကြောင်း ကာယကံရှင် မအေးမြတ်မွန်က ပြောသည်။
ခင်ပွန်းဟောင်းဖြစ်သူ ကိုအောင်သက်ဦး အနေဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် သွလာက် (ခင်ပွန်း၏ ဆန္ဒ အရ ကွာရှင်းခြင်း) အား တချိန် တနေရာတည်း၌ “သုံးသွလာက် (သွလာက် သုံးကြိမ်)” ပေးကာ ကွာရှင်းခဲ့သည့် အပြင် လက်ထပ်စဉ်က တင်တောင်းထားသည့် ရွှေ ၁၀ ကျပ်သားကိုလည်း အဓမ္မပြန်လည် ရယူသွားကြောင်း မအေးမြတ်သူ က ပြောပြသည်။
ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးတွင် ယနေ့ပြလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မအေးမြတ်သူက“ဒီ သွလာက် ဆိုတာကြီးကို အသုံးပြုပြုပြီးတော့ ကျမလိုပဲ အမျိုးသမီး ဘယ်လောက်များ ပျက်စီးနေပြီလဲ၊ ကျမတို့ ဘဝ တခု လုံး ဆုံးရှုံးခံရပြီးတော့မှ ဒီလိုလွယ်လွယ်နဲ့ ပြီးပြီလား၊ ကျမတို့ အတွက် ဥပဒေဆိုတာ မရှိတော့ဘူးလား”ဟု လည်း ပြောဆိုသည်။
ထိုသို့ ကွာရှင်းမှု ပြုလုပ်ခြင်းကြောင့် နိုင်ငံသား အမျိုးသမီး တဦး၏ ရပိုင်ခွင့်များနှင့် ၎င်းတို့ လင်မယား ရရှိထားသည့် ရင်သွေး ကလေးငယ်တဦးအတွက် အခွင့်အရေးများ ဆုံးရှုံးရကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင် မအေးမြတ်သူ က ပြောသည်။
ကိုအောင်သက်ဦးက“သူ (မအေးမြတ်သူ) ဒီနေ့ ပြောတာတွေက တဖက်သတ် ပြောတာတွေ၊ အကုန်အမှန်တွေ မဟုတ် ဘူး၊ ဒါတွေအတွက် တရားဥပဒေအရ ရင်ဆိုင် ဖြေရှင်းဖို့လည်း ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့နှစ်ဦးသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အစ္စလာမ် ထုံးတမ်းများအရ လက်ထပ်ခဲ့ကြပြီး လက်ရှိ တွင် ၈ လသားအရွယ် သမီးတဦး ရရှိထားကြောင်း ကာယကံရှင်များက ပြောပြသည်။
ကိုအောင်သက်ဦး အနေဖြင့် မအေးမြတ်သူနှင့် ကွာရှင်း ပြတ်စဲပြီးကြောင်းကိုလည်း ၎င်း၏ ရှေ့နေများက တဆင့် သြဂုတ် ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ထည့်သွင်း ကြေညာခဲ့ကြောင်း သိရသည်။
မအေးမြတ်သူက“သတင်းစာ တခုမှာ ကြေညာခြင်း ခံရတယ်၊ ကျမ တရားဝင် မကွဲသေးဘဲနဲ့ ကွဲပါတယ် ဆိုတဲ့ အနေ အထား တခု၊ ဒါ ကျမ ဂုဏ်သိက္ခာ ဘယ်လောက် ထိခိုက်လဲ”ဟု ယနေ့ ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောသည်။
ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည့် ထိုတဖက်သတ် ကြေညာချက်ကို ပြန်လည် ရုပ်သိမ်း၍ ကွာရှင်းလိုပါက လူကြီး စုံရာ ရှေ့၊ ဓမ္မသတ် ဆရာကြီးများ ရှေ့တွင် လူကြီးလူကောင်း ပီသစွာ ကွာရှင်းပေးရန် တောင်းဆိုကြောင်း လည်း မအေးမြတ်သူက ထည့်သွင်း ပြောကြားသွားသည်။
အစ္စလာမ့် ထုံးတမ်းအရ ကွာရှင်းပြတ်စဲခြင်း ဆိုင်ရာ ကန့်သတ်ချက်များတွင် အမျိုးသားအနေဖြင့်“သွလာက်” မပေးခင် အမျိုးသမီး ဖြစ်သူအပေါ် ညှိနှိုင်း စောင့်ကြည့်ခြင်းများ ဦးစွာပြုလုပ်ရန်နှင့် “သွလာက်” ပေးပြီးပါကလည်း ၃ လ (ရာသီသွေး စက်ဝန်း ၃ ကြိမ်) အထိ စောင့်ဆိုင်းရမည်ဟု ပါရှိသည်။
၃ လစောင့်ဆိုင်းရန် ကန့်သတ်မှုသည် ပြန်လည် ညှိနှိုင်းအဆင်ပြေ၍ ပြန်လည် ပေါင်းသင်းနိုင်စေရန်နှင့် အမျိုးသမီး တွင် ကိုယ်ဝန် ရှိမရှိကို စောင့်ကြည့်ရန် အတွက် ဖြစ်ပြီး ကိုယ်ဝန်ရှိပါက ကလေးမွေးပြီးသည့် အချိန်မှသာ ကွာရှင်းမှုကို ဆက်လက် ပြုလုပ်ရကြောင်း ဆိုသည်။
“သွလာက်” ပေးပြီးသည့် အမျိုးသား အနေနှင့် စောင့်ဆိုင်းကာလ သုံးလအတွင်း “သွလာက်” ပေးထားမှုအား ပြန် ရုပ်သိမ်းကာ ဇနီးဖြစ်သူနှင့် ပြန်လည် ပေါင်းသင်းနိုင်ကြောင်း၊ ထိုသို့ ပြန်လည် ရုပ်သိမ်းခြင်း မရှိပါက ၃ လပြည့်ချိန်တွင် ကွားရှင်းမှု အတည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွာရှင်းပြီးသော်လည်း နှစ်ဦး သဘောတူ ပြန်လည်ပေါင်းခြင်းကို အသိ သက်သေများရှေ့တွင် ပြန်လည် ပြုလုပ် နိုင်ကြောင်း၊ သို့သော် ၃ ကြိမ်မြောက် အဖြစ် “သွလာက်” ပေးပြီးပါက ပြန်လည် ပေါင်းသင်းခြင်းကို အစ္စလာမ့် ဓမ္မသတ် အရ လက်မခံကြောင်းလည်း ဆိုသည်။
အစ္စလာမ့် ဓမ္မသတ်မှူး မုဖ်သီ ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်)က“တကြိမ် တနေရာတည်း သုံးသွလာက် ပေး တာ ကို ကျနော်တို့ လုံးဝ လက်မခံပါဘူး၊ ဒီလိုမျိုး မိန်းကလေးတွေကို အနိုင်ကျင့်တဲ့ အမှောင်ခေတ်က ဟာမျိုးတွေ လက် မခံပါဘူး”ဟု ပြောသည်။
အိုလမာ-အစ္စလာမ် သာသနာ့ ပညာရှင်များ အသင်းချုပ် ဓမ္မသတ်ဌာန အနေဖြင့် ကိုအောင်သက်ဦး နှင့် မအေးမြတ်သူ တို့၏ ကွာရှင်းမှုနှင့် ပတ်သက်ပြီး ကိုအောင်သက်ဦး၏ မေးမြန်း တင်ပြလာမှုအပေါ် အခြေခံကာ သွလာက်သုံးကြိမ် အထ မြောက်ကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့တွင် ဖြေကြား ထုတ်ပြန်ထားကြောင်း သိရသည်။