ဌာန အတွင်း ငွေကြေး မသမာမှုများ ပြုလုပ်ခဲ့သော ဝန်ထမ်းများကို အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြောသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ၂၁၀၆-၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်သူ့ငွေ စာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်၊ သဘောထား မှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၇/၂၀၁၈) နှင့် ပညာရေး ဝန်ကြီး ဌာန က ဆောင်ရွက်ထားမှုကို စက်တင်ဘာလ ၁၀ ရက်က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၎င်းက ပြန်လည် ရှင်းလင်းခြင်း ဖြစ်သည်။
အမှန် ထုတ်ယူရမည့် ပမာဏထက် ငွေ ၃၈ ဒသမ ၈၂၂ ကျပ်သန်း ပိုမို ထုတ်ယူမှု ဖြစ်ပေါ်ခဲ့၍ မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှ မြို့နယ် ပညာရေးမှူး၊ လက်ထောက် မြို့နယ် ပညာရေးမှူးတို့အား စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့် စာရင်းစစ် စည်းမျဉ်း စည်းကမ်းနှင့် အညီ တာဝန်ရှိသဖြင့် တဆင့်နိမ့် ရာထူးသို့ ပြောင်းရွေ့ခန့်ထားခြင်း၊ တာဝန်ရှိသူ ငွေစာရင်းကိုင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း တို့ဖြင့် အရေးယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။
ထို့အတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ခုနှစ် ဇန်နဝါရီလ အထိ လစာ ငွေကျပ် ၃ ဒသမ ၉၃၄ သန်း ပိုမို ထုတ်ယူမှု ဖြစ်ခဲ့သည့် အတွက် တာဝန်ရှိသည့် လက်ရှိမြို့နယ် ပညာရေးမှူးကို မိုင်းဖြတ် ခရိုင် ပညာရေးမှူး ရုံးသို့ လက်ထောက် ညွှန်ကြားရေးမှူး ရာထူးနှင့် ဒု မြို့နယ်ပညာရေးမှူးကို ခေါင်လန်ဖူးမြို့နယ်သို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေခြင်း၊ အဓိက တာဝန်ရှိသည့် စာရေးဖြစ်သူအား တဆင့်နိမ့် ရာထူးဖြင့် အခြေခံ ပညာကျောင်းတခုသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခဲ့ကြောင်း သိရသည်။
ဒေါက်တာ မျိုးသိမ်းကြီးက “သူတို့တွေကို အခုလို ပြောင်းရွှေ့ခြင်းနဲ့ တဆင့်နိမ့် ရာထူးပဲ ဆောင်ရွက်ရခြင်းကတော့ သူတို့ အနေနဲ့ ပိုထုတ်တဲ့ လစာတွေကို ပြန်သွင်းပြီးတဲ့ အတွက်ကြောင့် ဒီပြစ်ဒဏ်တွေပဲ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ဆို သည်။
လယ်ဝေးမြို့နယ်တွင် ၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ဇန်နဝါရီလ အထိ လစာငွေ ပိုမို ထုတ်ယူမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခင် ပညာရေးမှူး လက်ထက်ကလည်း လစာငွေ ပိုမိုထုတ်ယူမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားသွားသည်။
ဒေါက်တာ မျိုးသိမ်းကြီးက “စာရေး-၃ ကတော့ အဓိက တာဝန်ရှိသူ ဖြစ်ပါတယ်။ စာရေး-၃ ရဲ့ စီမံ ဆောင်ရွက်မှုတွေကို မြို့နယ် ပညာရေးမှူးနဲ့ ဒု မြို့နယ် ပညာရေးမှူးတွေသည် လုပ်ထုံးလုပ်နည်းနဲ့ အညီ စိစစ် ကြီးကြပ်ဖို့ အတွက် တာဝန်ရှိ ပါတယ်” ဟု ပြောသည်။
လစာငွေ ပိုမိုထုတ်ယူမှုများမှာ အမှန်ရရှိမည့် လစာထက် ပိုမိုထုတ်ယူခြင်း၊ လစာမဲ့ ခွင့်ယူသူများ၏ လစာကို ထုတ်ယူခြင်း၊ အလုပ်ဝင် ရောက်ခြင်း မရှိသည့် ဝန်ထမ်း၏ လစာကို ထုတ်ယူထားခြင်း၊ ပြောင်းရွှေ့နှင့် ရာထူးတိုးသူများ၏ လက်ရှိ တာ ဝန်ကျ ကျောင်းအပြင် ယခင် ကျောင်းများတွင်ပါ လစာ ထုတ်ယူထားခြင်း၊ ပညာသင် ထောက်ပံ့ကြေး ခွဲဝေချထား ငွေ ထက် ပိုမို ထုတ်ယူထားခြင်း၊ ပယ်ဖျက် ချက်လက်မှတ် ဖော်ပြပြီး ဘဏ်မှ ငွေထုတ်ယူထားခြင်းတို့ ဖြစ်သည်ဟု အစီရင်ခံ စာတွင် ဖော်ပြထားသည်။
အထက်ပါ ပညာရေးဌာန၏ လစာငွေ ပိုမိုထုတ်ယူသည့် ကိစ္စများ အပေါ် အကြံပြု ဆွေးနွေးခဲ့သူ ငါန်းဇွန်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်က လစာငွေ ပိုမိုထုတ်ယူခဲ့မှု ဖြစ်စဉ်များတွင် အထက် တာဝန်ရှိသူများက ဆရာ/ ဆရာမများကို တာဝန်ချထားရာ၌ တဦးလျှင် နေရာ နှစ်နေရာ ဖြစ်နေ၍ လစာ နှစ်နေရာ ထုတ်ယူရန် အနေအထား ဖြစ်နေ ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတွက် အထက်မှ အမှားများကို အောက်ခြေ ပညာရေးမှူးများ အပေါ်သို့ တာဝန်ကျရောက်သည့် အနေအထား ဖြစ်နေကြောင်း သုံးသပ် ပြောဆိုသည်။
ယင်းပြင် လယ်ဝေး ဖြစ်စဉ်တွင် ယခင် ပညာရေးမှူး လက်ထက်ကတည်းက လစာကိစ္စ လွဲမှားမှုများ ရှိခဲ့ပြီး လွှဲပြောင်းတာ ဝန်ယူရသည့် ပညာရေးမှူး လက်ထက်တွင်လည်း စာရင်းဇယား မနိုင်နင်းမှုကြောင့် အမှားများကို မသိရှိခဲ့၍ အရေးယူခံ ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းဖြစ်စဉ်များတွင် အဓိက တာဝန်ရှိသူများမှာ စာရင်းကိုင်နှင့် စာရေးများ ဖြစ်သော်လည်းသက်ဆိုင်ရာ ပညာရေးမှူးများ သည်လည်း စာရင်းများကို စီမံခန့်ခွဲ စစ်ဆေးရန် တာဝန်ရှိသူများ ဖြစ်ကြောင်း ဦးကျော်တုတ်က ဆိုသည်။
“ငွေကြေးမသမာမှု မဖြစ်အောင်ဆိုရင် ငါန်းဇွန်ကိစ္စမျိုးမှာ ပယ်ဖျက် ချက်လက်မှတ်ဖော်ပြပြီး ဘဏ်က ထုတ်တာဆိုတော့ ဘဏ်က ထုတ်မရအောင်တော့ ပညာရေးမှူးက သေချာ စိစစ်ရမယ်။ လယ်ဝေးကိစ္စမှာတော့ အထက်က အော်ဒါထွက် ကတည်းက ဆရာ တယောက်ကို နှစ်နေရာမှာ လစာ ဖြစ်နေတယ်။ စာရေးတွေရော ပညာရေးမှူးတွေရာ သေချာစိစစ်တာ အားနည်းလို့ ဖြစ်တာ၊ ဆင့်ကဲဆင့်ကဲ စိစစ်ဖို့ လိုအပ်တယ်” ဟု ဦးကျော်တုတ်က ပြောသည်။
အဆိုပါ ငွေကြေး မသမာမှုများ မဖြစ်ပေါ်စေရန် ကျောင်းတွင်း စာရင်းစစ် အဖွဲ့နှင့် မြို့နယ် ပညာရေးမှူးများက စစ်ဆေး ခြင်း၊ ထပ်မံ စစ်ဆေးခြင်း မပြု၍ ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ဌာနတွင်း ကြီးကြပ်မှုကို ဂရုစိုက် လုပ်ဆောင့်သင့်ကြောင်း နှင့် မြို့နယ် ပညာရေးမှူးရုံးကဲ့သို့ ဝန်ထမ်း ဦးရေ များပြားသည့် အသုံးစရိတ် သုံးစွဲမှုများသည့် ဌာနများတွင် အသုံးစရိတ် ငွေတောင်းခံ စိစစ် ထုတ်ပေးခြင်းကို ဌာနစိတ် တခုတည်းမှ မဟုတ်ဘဲ စာရင်းဌာန၊ ငွေကြေးဌာနများဖြင့် အပြန်အလှန် စိစစ်သည့်စနစ်ကို ကျင့်သုံးရန် ပြည်ထောင်စု စာရင်းစစ်ချုပ်က သုံးသပ်ထားပြီး ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီက လည်း အလားတူ အကြံပြုထားကြောင်း သိရသည်။