ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ လူသတ်မှုဖြင့် အလိုရှိနေသော တရားခံပြေး တဦးအား ဖမ်းဆီးစဉ် ပြန်လည် ခုခံသည့် အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း တိုင်း ရဲတပ်ဖွဲ့ က ပြောသည်။
လူသတ်မှုဖြင့် အလိုရှိနေသူ ဝေရှင်း (၂၇) နှစ်မှာ ထွက်ပြေး ပုန်းရှောင်နေသည့် အတွက် စက်တင်ဘာလ ၉ ရက်၌ ရွှေ သောင်ယံနယ်မြေ စခန်းမှူး ရဲအုပ် ရဲလင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ပုသိမ်မြို့၊ ရွှေသောင်ယံမြို့၊ သဘော့ကန် ကျေးရွာအနီးရှိ တောထဲတွင် လိုက်လံ ဖမ်းဆီးခဲ့ရာ ပြန်လည် ခုခံသဖြင့် သေနတ်၂ ချက် ပစ်ခတ်ကာ အသေ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
တိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “တရားခံ ဝေရှင်းကို လက်နက်ချပြီး အသာတကြည် အဖမ်းခံဖို့ ပြောတာကို သူက လက်မခံဘူး။ သူ့လက်ထဲက ကိုင်းခုတ်ဓားနဲ့ ရဲတပ်ဖွဲ့ကိုရော ရပ်မိရပ်ဖတွေကိုပါ ရန်ပြုဖို့ ပြေးဝင်လာတယ်။ အဲဒီမှာ ရဲတပ်သား တဦးက ခြောက်လှန့်တဲ့ အနေနဲ့ မိုးပေါ်ထောင်ပြီး တချက်ပစ်တယ်။ သေနတ်ပစ်ဖောက်တဲ့ ရဲတပ်သားကို ဝေရှင်းက ဓားနဲ့ခုတ်ဖို့ ပြေးလာတော့ ရဲတပ်သားက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တဲ့ အတွက်ကြောင့် ရင်ဘတ်မှာ တချက်၊ လည်ပင်းမှာ တချက်၊ သေနတ်ဒဏ်ရာရပြီး တရားခံကို အသေ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဝေရှင်းမှာ စက်တင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက သဘော့ကန် ကျေးရွာရှိ မိဘများအိမ်တွင် နေထိုင်သည့် ဇနီးဟောင်း မစိုးစိုးဝင်း (၂၅ နှစ်) အား အတင်းဆွဲခေါ်ရာ ငြင်းဆန်သည့် အတွက် မစိုးစိုးဝင်းအား ရိုက်နှက် ထိုးကြိတ်မှုများ လုပ်ဆောင် ခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ ဝိုင်းဝန်း တားမြစ်ကြရာ ၎င်းက တမိသားစုလုံးအား သတ်ပစ်မယ်ဟု ကြိမ်းဝါး ပြောဆိုကာ တော ထဲသို့ ထွက်သွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ထိုနေ့တွင် တောထဲသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားသည့် မစိုးစိုးဝင်း၏ အဒေါ် ဖြစ်သူ ဒေါ်မဲ (ခ) ဒေါ်စန်းမြမှာ ညမိုးချုပ် သည် အထိ အိမ်ပြန်ရောက် မလာဘဲ ပျောက်ဆုံးနေသည့် အတွက် ည ၈ နာရီ အချိန်ခန့်တွင် သဘော့ကန် အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးနှင့် အဖွဲ့မှ ပဲ့ထောင် စက်လှေ ၂ စီးဖြင့် ရွှေလီချောင်း တလျှောက် လိုက်လံ ရှာဖွေခဲ့ရာ စက်တင် ဘာလ ၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် ဓားခုတ်ဒဏ်ရာများဖြင့် ဒေါ်မဲ၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရ သည်။
သဘော့ကန် ကျေးရွာသားတချို့က ဒေါ်မဲနှင့် ဝေရှင်းတို့ တောထဲ၌ စကားများ ရန်ဖြစ်နေသည်ကို မြင်တွေ့ခဲ့ကြောင်း သက် သေ ထွက်ဆိုခဲ့သည့် အတွက် မစိုးစိုးဝင်းက အဒေါ်ဖြစ်သူကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကာ ခင်ပွန်းဟောင်းကို ရွှေသောင်ယံ နယ်မြေ ရဲစခန်းတွင် တိုင်တန်းခဲ့ရာ ပြစ်မှု အမှတ် ၂၃/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် ရဲစခန်းက အမှုဖွင့်လှစ် ခဲ့သည်။
လူသတ်မှုဖြင့် ထွက်ပြေးနေသူ ဝေရှင်းအား ဖမ်းဆီးရန် အတွက် စခန်းမှူး ရဲအုပ် ရဲလင်း ဦးစီးသည့် တပ်ဖွဲ့ဝင် ၉ ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်း၍ ရှာဖွေခဲ့ရာ သဘော့ကန် ကျေးရွာအုပ်စု ရွှေလီချောင်းဖျား အထက် ၁ မိုင် ခန့် အကွာ ဒေသအခေါ် အုတ်တွင်းတောထဲရှိ လူမနေသော လယ်စောင့်တဲ အနီး၌ ကိုင်းခုတ် ဓားကိုင်ကာ ပုန်းအောင်း နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဒုရဲမှူးကြီး ထွန်းရွှေက “တရားခံကို ပစ်ခတ်တဲ့ ရဲတပ်ဖွဲ့ဝင်က ဥပဒေနဲ့ အညီ လုပ်တာဖြစ်လို့ ကျနေ်ာတို့ အရေးယူလို့ မရ ပါဘူး။ တရားခံနဲ့ ပတ်သက်လို့ ထောင်ဒဏ် နှစ် ၂၀ နဲ့ သေဒဏ် ကျခံနိုင်တဲ့ တရားခံမျိုးဆို သေအောင် ပစ်ခတ် ဖမ်းဆီး ပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။
သေဆုံးသူ ဝေရှင်း၏ အလောင်းအား ရွှေသောင်ယံမြို့နယ်ခွဲ ဆေးရုံသို့ သယ်ဆောင်ကာ စစ်ဆေးပြီးနောက် ရွှေသောင်ယံ နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၈ ဖြင့် ဖွင့်ကာ စခန်းမှူး ရဲအုပ် ရဲလင်းက အမှုစစ်အဖြစ် စစ်ဆေး ဆောင် ရွက်နေကြောင်း သိရသည်။