သတင်း

ဖြိုးကိုကိုတင့်ဆန်း အမှု နေပြည်တော် ACE ဟိုတယ် ဝန်ထမ်းအချို့ ကို စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် လေဆိပ်တွင် လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှုရင်ဆိုင်နေရသည့်ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုတွင် ပါဝင်ပတ်သက်သည့် ဝန်ထမ်း အချို့ကို ယနေ့ တရားခွင်တွင် စစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မန်နေဂျာ အပါအဝင် ဝန်ထမ်း ၂ ဦးတို့ကို စစ်ဆေးရာတွင် ဟိုတယ် ACE တွင် ဖမ်းဆီးရမိသည့် လက်နက်၊ ဆက်သွယ်ရေးစက်၊ မူးယစ်ဆေးဝါးများနှင့် ပက်သက်သည့် အမှုများကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ကို တရားခွင်တွင် တွေ့ရသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က လက်ရှိတာဝန်ထမ်းဆောင်နေသည့် ACE ၏ မန်နေဂျာ တဦးကို ဟိုတယ်ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းနှင့် ယခင်က ဆက်ဆံဖူးခြင်း၊ စကားပြောဆိုဖူးခြင်း ရှိပါသလားဟု မေးမြန်းခဲ့ရာ၊ မန်နေဂျာ ဖြစ်သူက ဆက်ဆံဖူးခြင်း၊ စကားပြောဆိုခြင်း မရှိကြောင်းကို တရားခွင်တွင် ဖြေကြားခဲ့သည်။

၎င်းက “ဖြိုးကိုကိုတင့်ဆန်း ဟိုတယ် ACE သို့ လာရောက်သည့် အခါတွင်လည်း ၎င်းတည်းခိုနေထိုင်မည့် ကိစ္စကို ကျော်ချမ်းငြိမ်းကသာ စီစဉ်ဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်” ဟု မန်နေဂျာ၏ ထွက်ဆိုချက်ကို တရားလွှတ်တော် ရှေ့နေမှ ရုံးတော်သို့ တင်ပြခဲ့သည်။

တရားခံပြေး ဖြစ်နေသည့် ကျော်ချမ်းငြိမ်းနှင့် ပတ်သက်သည့် အကြောင်းအရာကိုလည်း မေးမြန်းခဲ့ပြီး ၎င်းက ဖြိုးကိုကိုတင့်ဆန်း နေ ပြည်တော်လာရောက်စဉ် နေပြည်တော် ဟိုတယ် ACE တွင် ဆောင်ရွက်ပေးမှု စသည်တို့ကို မေးမြန်းခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်း အမှုကို ဒက္ခိဏ ခရိုင် တရားသူကြီး ဦးတင့်လွင် ပြောင်းလဲစစ်ဆေးပြီးနောက် ပုံမှန်စစ်ဆေးနေသည့် ဗုဒ္ဓဟူးနေ့အစား တနင်္လာနေ့သို့ ပြောင်းလဲ စစ်ဆေးလျက်ရှိပြီး နေပြည်တော်နှင့် ရန်ကုန်အမှု များကို အလှည့်ကျ ပုံမှန် စစ်ဆေးရာတွင် ယခုရုံးချိန်း အပါအဝင် ၃ ကြိမ်မြောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း ၊ ရဲမင်းဆွေ၊ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆံများ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက်အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြော စက်၊ နိုင်ငံတော် လုံခြုံရေးကဲ့သို့သော အဖွဲ့အစည်းတံဆိပ်စသည့် ပစ္စည်းများကိုတွေ့ရှိခဲ့သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယနေ့ လိုပြသက်သေအဖြစ် စစ်ဆေးခြင်းခံရသူ နေပြည်တော် ဟိုတယ် ACE မှ မန်နေဂျာအား ရာဇဝတ်ကြီး အမှု အမှတ် ၁၁၇/ ၂၁၀၇ ၊ ၁/ ၂၁၀၈ ၊ ၂/ ၂၀၁၈ ၊ ၆ / ၂၀၁၈ နှင့် ရာဇဝတ် အထွေထွေ အမှု ၂၁/ ၂၀၁၇ နှင့် ၁/ ၂၁၀၈ အမှုတို့ဖြင့် စစ်ဆေးခဲ့ပြီး၊ ကျန်သည့် ဝန်ထမ်းတဦးကို ရာဇဝတ်ကြီး အမှု အမှတ် ၁၁၇/ ၂၀၁၇ ၊ ၂/ ၂၀၁၈ နှင့် ရာဇဝတ် အထွေထွေ အမှု ၂၁/ ၂၀၁၇ တို့ဖြင့် ၎င်းတို့ ၂ ဦးအား စုစုပေါင်း ၉ မှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်တုပ သုံးစွဲမှု ၊ ပို့ကုန်သွင်းကုန် ဥပဒေ ၊ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာ နိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မ တို့ဖြင့် အမှုပေါင်း ၂၀ ကျော်စွဲဆိုထားခြင်းဖြစ်သည်။

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ၈ လကျော် ကြာမြင့် သည့် အချိန်ထိ တရားလိုပြသက်သေ ၄၀၀ ကျော် စစ်ဆေးရန်ရှိသော်လည်း လက်ရှိအချိန်ထိ ၁၀၀ ကျော်သာ စစ်ဆေးပြီးကြောင်း သိရသည်။

လာမည့် စက်တင်ဘာ ၁၇ ရက် တနင်္လာနေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ လွှဲပြောင်းပေးခံသူ ၄ ဦးအား စွဲဆိုထားသည့် အမှုများမှာ အရှေ့ပိုင်း ခရိုင်တရားရုံးမှစွဲဆိုထားသည့် နိုင်ငံတော် အစိုးရ လျို့ဝှက်အက်ဥပဒေ၊ မူးယစ်မှု ၂ မှု၊ ဆက်သွယ်ရေး ဥပဒေ ၊ လက်နက် ဥပဒေ ၂ မှုနှင့် သာကေတ ခရိုင်တရားရုံးတွင် လက်နက်မှု ၂ မှု၊ မူးယစ်ဆေးဝါးမှု ၊ ပို့ကုန် သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေအပါ ၁၁ မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် လိုပြ သက်သေများအား စစ်ဆေးသွားမည်ဖြစ်သည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှုရန်ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်လည်စစ်ဆေး

Did you find apk for android? You can find new Free Android Games and apps.
Loading