မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူကို စက်တင်ဘာလ ၁၀ ရက်နေ့ က မန္တလေးခရိုင် တရားရုံးတွင် တရားစွဲဆိုတင်ပို့ခဲ့ကြောင်း မန္တလေးခရိုင်တရားရုံးမှ သိရသည်။
“၅၅လမ်းက သေနတ်ပစ်မှုကို ဒီနေ့ခရိုင်တရားရုံးကို တရားစွဲဆိုတင်ပို့လာပါတယ်၊ သေနတ်ပစ်နဲ့ပက်သက်ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၂/ ၃၉၇ အရ စွဲဆိုတင်ပို့လာတာဖြစ်ပါတယ်၊ ဒီနေ့ကတော့ စွဲဆိုတင်ပို့လာတာဖြစ်ပြီးတော့ အမှုကို ခရိုင်တရားရုံးက လက်ခံစစ်ဆေးကြားနာသွားမှာဖြစ်ပါတယ်”ဟု မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်စန်းစန်းဝင်းက ပြောသည်။
ချမ်းမြသာစည်မြို့နယ် ၅၅လမ်း၊ ထွန်တုံးရပ်ကွက်၊ မနော်ဟရီလမ်းနှင့် နှင်းဆီလမ်းကြားတွင် သြဂုတ် ၁၃ရက် နံနက် ၁၁ နာရီခန့်က ဆိုင်ကယ်စီးလာသော အမျိုးသားတ ၁ ဦးနှင့် အမျိုးသမီး ၁ ဦးအား အခြားဆိုင်ကယ်ပေါ်မှ အမျိုးသား ၁ ဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခံရသူများမှာ နိုင်ငံသား တရုတ်လူမျိုးများဖြစ်ပြီး မြရည်နန္ဒာရပ်ကွက်တွင် ခေါင်ရည်ဆိုင်ဖွင့်လှစ်ထားသည့် လိလျူခွမ် (ခ)ဇော်လင်းနှင့် မယွမ်ဖိန်း(ခ)မဟော်လောက်ဖိန်းတို့ဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သူမှာ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာတွင် နေထိုင်သူဖြစ်ကာ ပန်းရန်လုပ်ငန်းလုပ်သူ ခွန်ကောလား(ခ)မောင်မျိုး (၃၇ )နှစ် ဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ပစ်ခံရသူ အမျိုးသမီးမှာ ဦးခေါင်းထိမှန်ခဲ့ရာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး အမျိုးသားမှာ ရင်အုံနှင့် ဝဲရင်ဘတ်မှ ကျည်ဖောက်ဝင်ပြီး ယာချိုင်းအောက် ကျည်ဖောက်ထွက် ဒဏ်ရာရရှိခဲ့သည့်အတွက် မန္တလေး ပြည်သူဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူခဲ့ရပြီး ယခုအခါ သက်သာလာပြီဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ပစ်ခတ်သူမှာ ခြေလျင်ထွက်ပြေးလာပြီး အနီးဆိုင်မှထွက်လာသည့် ဆိုင်ကယ် ကို လုရာ မရရှိခဲ့သဖြင့် ၅၅လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြတားဆီးခဲ့ရာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သော်လည်း ကျည်ထွက်ခဲ့ခြင်းမရှိဘဲ အနီးဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ပြစ်မှုကျုးလွန်သူ ခွန်ကောလားကို အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ) ၅၈၀/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄၊ ၃၀၂ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ချမ်းမြသာစည်မြို့နယ်တရားရုံး၌ နှစ်ကြိမ်တိုင် ချုပ်ရီမန်ရယူပြီး နောက် စက်တင်ဘာ ၁၀ရက်နေ့တွင် ခရိုင်တရားရုံးသို့ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
သို့သော် တရားရုံးသို့ ရောက်ရှိလာသည့်အခါ ယခုအမှုကို ထွန်တုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကံလှိုင် မှ တရားစွဲဆိုခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၂၄၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၉၂/ ၃၉၇ တို့ဖြင့် တရားစွဲဆိုတင်ပို့လာခြင်းဖြစ်ကြောင်း၊ လက်နက်ဥပဒေပုဒ်မှာလည်း မပါဝင်တော့ကြောင်း သိရသည်။
အဆိုပါကဲ့သို့တရားစွဲဆိုတင်ပို့ရာတွင် လက်နက်ဥပဒေပုဒ်မ-၁၉(စ) ပါဝင်ခဲ့ခြင်းမရှိသည့်အပေါ် “၁၉(စ)က ပြုတ်စရာ အကြောင်းမရှိဘူး၊ သေနတ်မိထားတာပဲဗျာ၊ လက်နက်မှာကို အမျိုးမျိုးရှိတယ်၊ တပ်မတော်ကသုံးတဲ့ လက်နက်မျိုးဆိုရင် ၁၉-စနဲ့အရေးမယူလို့ကိုမရဘူး၊ အရေးယူရမှာဖြစ်တယ်၊ လက်နက်ကို ဘယ်က ရသလဲဆိုတာကို အဲဒီမှာဖြေရှင်းရမှာ၊ တုတ်၊ဓားလောက်ကိုတော့ ၁၉(င)နဲ့ပြောလို့ရပေမယ့် သေနတ်ပါလာတဲ့အတွက် ၁၉(စ)နဲ့မှ အရေးယူလို့ရမယ်၊ ဒါကို ဘာ ကြောင့်ပြုတ်သွားသလဲဆိုတာတော့ ကျနော်တော့မသိဘူး၊ အခုပြောနေတာတွေက ဥပဒေကြောင်းအရ ပြောနေတာ ဖြစ်တယ်”ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ချမ်းမြသာစည်မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခဲ့သူထံမှ ဆိုင်ကယ်တစီး၊ စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတိုတစ်လက်၊ ပွိုင့် 32 ကျည်နှင့် 9mm ကျည် ၂၂ တောင့်၊ ကျည်ထိပ်ဖူးတစ်ခု၊ ကျည်အိမ်နှစ်ခုတို့ သိမ်းဆည်းရမိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ထား ချက်များအရ သိရသည်။
“လက်နက်ကိုသိမ်းမယ်ဆိုရင် မဖြစ်မနေ ၁၉-စကိုထည့်ရမယ်၊ အဲဒီမှာ အမှုတွဲမှာ လက်နက်ကိုသိမ်းလားမသိမ်းလားဆိုတာ ကျနော်အတိအကျမသိဘူး၊ သေချာတာကတော့ သေနတ်နဲ့ပစ်လို့ သေတယ်၊ ဒဏ်ရာရခဲ့တယ်ဆိုတာ အသေအချာပဲ၊ အဲဒီတော့ သေနတ်ကို သေချာပေါက်သိမ်းကိုသိမ်းရမယ်၊ သေနတ်ကိုသိမ်းပြီဆိုရင် ၁၉-စ ပါကိုပါရမယ်၊ ဒါဟာ ဥပဒေအမြင်ကနေ ပြောတာပါ၊ သို့သော် တခုတော့ရှိတယ် ရဲစွဲတင်ချက်မှာ ၁၉-စမပါသော်လည်းဘဲ အမှုကို စစ်ဆေးရင်း စွဲချက်တင်တဲ့ စွဲချက်အမိန့်ကျရင် ၁၉-စ ပြန်ပါလာရင် ပါနိုင်တယ်”ဦးတင်အောင်က ဆက်လက်ပြောသည်။
သေနတ်ပစ်ခတ်မှုတွင် ဖမ်းဆီးရမိသူ ခွန်ကောလားကို တရားစွဲတင်ခဲ့ပြီး နောက်တပတ်ရုံးချိန်းကို စက်တင်ဘာ၂၀ ရက် နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
“တရားခံက ရှေ့နေငှားရမ်းနိုင်ခြင်းမရှိဘူးလို့ တင်ပြလာလို့ အစိုးရစရိတ်နဲ့ရှေ့နေငှားရမ်းလိုက်ပါနိုင်ဖို့အတွက် ကျမတို့ရုံး ကနေပြီးတော့ ဥပဒေရုံးကို အကြောင်းကြားစာထုတ်ထားပါတယ်၊ လာမယ့်ရုံးချိန်းမှာတော့ ဥပဒေရုံးကနေ စီစဉ်ပေးတဲ့ ရှေ့နေတယောက်က လိုက်ပါဆောင်ရွက်ဖို့အတွက် ကိုယ်စားလှယ်ပါဝါတင်ဖို့အတွက် ချိန်းဆိုထားခြင်းပဲ ဖြစ်ပါတယ်”ဟု ဒေါ်စန်းစန်းဝင်းက ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်၍ လုယက်မှုကျူးလွန်ခဲ့သူကို မန္တလေးခရိုင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂/၃၉၇တို့အနက် ပုဒ်မ ၃၉၂ သည် မည်သူမဆို လုယက်မှုကျူးလွန်လျှင် ထိုသူကို အလုပ်ကြမ်းနှင့် ၁၀နှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သလို လုယက်မှုကို နေဝင်နှင့်နေထွက်အကြား၌ ပြည်သူ သွားလာရန်လမ်းတွင် ကျုးလွန်လျှင် ထောင်ဒဏ်ကို ၁၄နှစ်အထိ တိုးမြှင့်ချထားနိုင်သော သာမန်လုယက်မှုအတွက် ပြစ်ဒဏ် သတ်မှတ်ထားသည့်ပုဒ်မဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၃၉၇သည် လုယက်မှုကို ဖြစ်စေ၊ ဓားပြမှုကိုဖြစ်စေ ကျုးလွန်သော အခါတွင် ပြစ်မှုကျုးလွန်သူသည် တဦးတယောက်သောသူကို အပြင်းအထန်နာကျင်စေလျှင်(သို့) တဦးတယောက်သောသူ ကို သေစေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန်သော်လည်းကောင်း အားထုတ်လျှင်ထိုသူကို ထောင်ဒဏ် ၇နှစ်အောက် မလျော့သည့်ပြစ်ဒဏ်ကို ချမှတ်ရမည်ဟု ပြဌာန်းထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – မန္တလေးမြို့ သေနတ်ပစ်မှု တရားခံကို လူသတ်မှုဖြင့် တရားစွဲမည်