သတင်း

မြန်မာကို EU က ထပ်မံ အရေးယူရေး စဉ်းစားနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ ထိပ်တန်းစစ်ဘက်အရာရှိများကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂက တောင်းဆိုနေသည့် အချိန်တွင် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံ ပြုလုပ်ရန် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံ အများအပြားက စဉ်းစားနေကြကြောင်း သတင်းရရှိသည်။

EU က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော ထိပ်တန်းစစ်ဘက်အရာရှိ ၇ ဦးကို ခရီးသွားလာမှု ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း အပါအဝင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ရခိုင်ပြည်နယ်မှ မွတ်ဆလင် ရွာသားများ အသတ်ခံရခြင်းကို စုံစမ်းဖော်ထုတ်ခဲ့ခြင်းအတွက် ရိုက်တာသတင်း ဌာနမှ သတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းနှင့် အတူ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေ အထောက်အထားများ ပေါ်ထွက်လာခြင်းက နောက်ထပ် အရေးယူပိတ်ဆိုမှုများ ပြုလုပ်ရန် တောင်းဆိုမှုများ ပေါ်ပေါက်စေခဲ့သည် ဟု EU တာဝန်ရှိသူ ၃ ဦးကို ကိုးကား၍ Politico သတင်းက ရေးသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က စစ်ဆေးရေးများ ပြုလုပ်ခဲ့သည့် ပြီးခဲ့သည့် နှစ် သြဂုတ်လမှ စတင်၍ လူနည်းစု မွတ်ဆလင် အသိုင်းအဝိုင်း မှ လူ ၇၀၀၀၀၀ ကျော် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ ယခုနှစ်အတွင်းတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၁၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထပ်မံ ထွက်ပြေးခဲ့ကြသည်။

EU နိုင်ငံများနှင့် ဥရောပ ကော်မရှင်တို့က မြန်မာ့တပ်မတော်နှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများ အပေါ် ဒဏ်ခတ် အရေးယူမှုများ အကောင်အထည်ဖော်ရေး တွန်းအားပေးရန် ရိုဟင်ဂျာ အရေးလှုပ်ရှားသူများ ဘရပ်ဆယ်မြို့သို့ တနင်္လာနေ့တွင် ရောက်ရှိခဲ့ကြကြောင်း သတင်းက ဆိုသည်။

၎င်းတို့၏ ပစ်မှတ်မှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့၏ လက်အောက်တွင် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများ အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ဖြစ်သည်။ အဆိုပါ လုပ်ငန်းကြီး ၂ ခုသည် ကျောက်မျက်၊ ကြေးနီ၊ ရွှေ၊ အဝတ်အထည်၊ ဘိလပ်မြေနှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးတယ်လီဖုန်း ကုမ္ပဏီများထဲ တွင် တခုအပါအဝင် ဖြစ်သည့် MyTel စသည့် ကုမ္ပဏီအများအပြားတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုင်ဆိုင်ထားသည်။

သို့သော် အင်္ဂလန်၊ ဂျာမနီ နှင့် နယ်သာလန် အစရှိသည့် နိုင်ငံများက စီးပွားရေး ထိခိုက်မည်ကို စိုးရိမ်သည့် အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ယခုအချိန်အထိ လက်တွန့်နေဆဲ ဖြစ်သည်ဟု EU တာဝန်ရှိသူ ၂ ဦးက ရှင်းလင်းပြောကြားခဲ့သည်။ 

“လက်ရှိ အဆင့်မှာ ကျနော်တို့က ဘဏ္ဍာရေး သို့မဟုတ် ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို မထောက်ခံပါဘူး။ အဲဒါက ဘဏ္ဍာရေးစနစ်ကို အတားအဆီး ဖြစ်စေပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေလိမ့်မယ်လို့ ကျနော် တို့ ယူဆလို့ ဖြစ်ပါတယ်” ဟု သံတမန်တဦးက Politico သို့ ပြောသည်။

နောက်ထပ်တခုမှာ တိုင်းပြည်၏ ထိပ်တန်းတာဝန် ရှိသူများ ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် သူ၏ လက်ထောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းနှင့် ခရီးသွားလာမှု ပိတ်ပင်ခြင်းများ အကောင်အထည်ဖော်ရန် ဖြစ် သည်။
“EU အနေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ သို့မဟုတ် ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် ၇ ဦး ကို အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ပြီး ဖြစ်ပါတယ်။ အခြေအနေကိုဆက်လက်စောင့်ကြည့်သွားပြီး အဲဒီဆုံးဖြတ်ချက်ကို ထပ်တလဲလဲ သုံးသပ်မှုတွေ ဆက်လက်ပြုလုပ်သွားပါမယ်” ဟု ဥရောပ ကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူတဦးက ပြော သည်။

“EU ရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် မှန်သမျှက ဥရောပ ကောင်စီအတွင်းမှာရှိတဲ့ EU အဖွဲ့ဝင် နိုင်ငံတွေ အားလုံး တညီတညွှတ်တည်း ဆုံးဖြတ်ချက် ဖြစ်ရပါလိမ့်မယ်” ဟု လည်း ဆိုသည်

ယခုအခါတွင် လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံအချို့ကြား စဉ်းစားသုံးသပ်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် အပတ်အတွင်းတွင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က မြန်မာ့တပ်မတော်မှ တာဝန်ရှိ များကို နိုင်ငံ တကာ ရာဇဝတ်မှု ခုံရုံးသို့ ခေါ်ဆောင်နိုင်ရန် အတွက် ကုလသမဂ္ဂတွင် နိုင်ငံများကို စုရုံးသွားမည်ဟု လွှတ်တော် ကိုယ်စား လှယ်များကို ပြောကြာခဲ့သည်။

ဂျာမန် နိုင်ငံခြားရေး ရုံးမှ ပြောရေးဆိုခွင့် ရှိသူတဦးကလည်း ရိုက်တာသတင်းထောက်များ ထောင်ချခံရသည့် ကိစ္စနှင့် ပတ်သက်၍ “ရှေ့ဆက်ဆောင်ရွက်ရမယ့် နည်းလမ်းကို ကျနော်တို့ရဲ့ မိတ်ဖက်များနဲ့ အတူ စဉ်းစားသုံးသပ်နေပါတယ်” ဟု ယခုအပတ် အတွင်းတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်တခု ချမှတ်ရေး အတွက် လာမည့် အပတ်အတွင်း ဂျီနီဗာတွင် အဆိုပြုရန် EU က မျှော်လင့်ထားသည်။

မြန်မာ အစိုးရက စွပ်စွဲမှုများ အားလုံးကို ပယ်ချခဲ့ပြီး ပြီးခဲ့သည့် နှစ်အတွင်းက စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတခုကို တရားဝင်ပြုလုပ်ခဲ့ခြင်း ဆိုသည့် ရှင်းလင်းချက်ကို ဆက်လက်ကိုင်စွဲထားသည်။

ဆက်စပ်ဖတ်ရှုရန်သတင်းဆိုးများကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ဖြတ်သန်းပါ 

Did you find apk for android? You can find new Free Android Games and apps.
Loading