ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနက ပြောသည်။
City Star ဟိုတယ် စတုတ္ထထပ်တွင် ယနေ့ မွန်လွဲပိုင်း ၃ နာရီ ၂၀ အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး Level 1 အဆင့် သတ်မှတ်ကာ ၃ နာရီ ၄၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနမှ ဒု တိုင်းဦးစီးမှူး ဦးမြင့်စိုးက “အဲကွန်း အပူ လွန်ကဲရာကနေ စလောင်တယ်လို့ စစ်ဆေး တွေ့ရှိတယ်။ လောလောဆယ် လူမနေဘူး။ ၄လွှာ အခန်း ၃၀၅ က။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး။ မီးကူး တာ မရှိဘူး။ အဲဒီ တခန်းတည်း လောင်တာ”ဟု ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် ၁၂ စီး၊ ကွပ်ကဲ အထောက်အကူပြု ၅ စီး၊ ကွပ်ကဲယာဉ် ၃ စီး စုစုပေါင်း အစီး ၂၀ နှင့် ငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးမြင့်စိုးက“တခါတလေ ကျရင် ပစ္စည်းတခုက အရည်အသွေး မမီရင် ဝါယာကြိုးတွေကနေ အပူလွန်ပြီး တော့ လောင်တာမျိုးတွေ ရှိတယ်”ဟုလည်း ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် မီးခိုးမွှန်လူနာ ၁၃ ဦး ရှိခဲ့ရာ City Star ဟိုတယ်မှ ဝန်ထမ်း အမျိုးသမီး တဦးအား အရေးပေါ်လူနာ အနေဖြင့် ဆေးရုံသို့ပို့ထားကြောင်း ရန်ကုန်တိုင်း လူမှု ကူညီကယ်ဆယ်ရေး အဖွဲ့မှ ဦးဖြိုးကိုကို က ပြောသည်။
ဦးဖြိုးကိုကိုက“၁၃ ဦးမှာ မ ၆ ဦး ကျား ၇ ဦး ရှိတယ်။ နိုင်ငံခြားသား ၇ ယောက် ပါတယ်။ ကျန်တာကတောာ့ ဟိုတယ် ဝန်ထမ်းတွေပါပဲ။ ဟိုတယ် ဝန်ထမ်း အမျိုးသမီးကတော့ မီးခိုးမွှန်လို့ အရေးပေါ် လူနာအနေနဲ့ ဆေးရုံပို့ပေးထားပါတယ်” ဟုလည်း ပြောပြသည်။
အဆိုပါ မီးလောင်မှုကြောင့် အဲကွန်း ၁ လုံး၊ ခုတင် ၂ လုံးနှင့် မွေ့ရာနှင့် တီဗီတို့ ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း သုံး သိန်း တသောင်းခန့် ရှိကြောင်း တိုင်း မီးသတ်ဦးစီး ဌာနက ဆိုသည်။