မန္တလေးခရိုင် အမရပူရမြို့နယ် စွယ်တော်ဘုရား အရှေ့ဘက်ခြမ်းရှိ ကျူးကျော်တဲများကို စက်တင်ဘာ ၁၁ ရက် နံနက် ပိုင်းက မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ကျူးကျော် ရှင်းလင်းရေး အဖွဲ့က ဖယ်ရှား ရှင်းလင်း မှုများ ပြုလုပ်သည်။
မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ ဌာနမှူး ဦးသက်နိုင် က“စွယ်တော် ဘုရားအရှေ့ ဘက် ခြမ်း၊ ၆၈လမ်း ဘေးဝဲယာ ကျုးကျော်တဲတွေကို ရှင်းလင်းတာပါ။ အဓိကကတော့ စည်ပင် သာယာလမ်း နယ်နိမိတ်နဲ့ မလွတ်ကင်းတာရယ်၊ ဘုရားမျက်နှာစာမှာ ဆိုတော့ အမြင် မတင့်တယ်တာကြောင့်ပါ။ သူတို့တွေက ကျုးကျော် နေ ထိုင် ကြတာပေါ့။ ကြာလာရင် ရှင်းလင်းရတာ ပိုပြီးခက်မှာ ဆိုတဲ့ အတွက်ကြောင့် အခုလို ရှင်းလင်း ရတာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရှင်းလင်း ဖယ်ရှားခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စည်ပင်သာယာ ရဲတပ်ဖွဲ့၊ မီး သတ် တပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး လမ်းဘေး ကျုးကျော် နေအိမ် ၃၈ လုံး နှင့် ဈေးဆိုင်များကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
စွယ်တော်ဘုရား အရှေ့ဘက်ခြမ်း၊ ၆၈ လမ်း ဝဲယာရှိ ကျူးကျော်တဲများကို ဖယ်ရှား ရှင်းလင်းခြင်း မပြုလုပ်ခင် ကိုယ် တိုင် ဖယ်ရှားပေးကြရန် အတွက် အသိပေး နှိုးဆော်စာကို ၃ ကြိမ် ပေးပို့ခဲ့ပြီး နောက်ဆုံး သတ်မှတ်ရက် အတွင်း မိမိ သဘောဆန္ဒဖြင့် ဖယ်ရှားပေးခြင်း မပြုလုပ်ကြသဖြင့် ယခုကဲ့သို့ ပူးပေါင်း အဖွဲ့အင်အား၂၀၀ ခန့်ဖြင့် ရှင်းလင်းရခြင်း ဖြစ်သည်ဟု သိရသည်။
“အခုလို ဖယ်ရှား ရှင်းလင်းမှုတွေ မပြုလုပ်ခင်မှာ ကျုးကျော် နေထိုင်သူတွေကို ပြောင်းရွှေ့ဖို့ ကြိုတင် အကြောင်းကြား ထား ပါတယ်။ သတ်မှတ်ရက် အတွင်း ဖယ်ရှားခြင်း မရှိလို့ အခုလို ရှင်းလင်းခဲ့တာ။ ကျူးရှင်းလင်းတာကို စီမံချက်ချပြီး မြို့နယ် အလိုက် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်”ဟု ဦးသက်နိုင်က ဆက်လက် ပြောသည်။
ကျူးကျော် နေထိုင်မှုများကို ရှင်းလင်းရာတွင် စုစုပေါင်း ကျုးကျော်တဲ ၄၅ လုံးခန့် ရှင်းလင်းရမည် ဖြစ်ပြီး စက်တင်ဘာ လ ၁၁ ရက်တွင် ကျုးကျော်တဲ ၃၈ လုံးအား ရှင်းလင်းခဲ့ကြောင်း သိရသည်။
ကျူးကျော် နေထိုင်သူ တဦးဖြစ်သည့် ကိုကျော်စွာက“နို့တစ်စာ သုံးကြိမ်ပေးခဲ့တယ် ဆိုပေမယ့် ညှိနှိုင်းမှုတော့ လုပ်ပေး ရ မယ်လေ။ အခုက ညှိနှိုင်းမှု ဘာတခုမှ မရှိဘူး။ ပြည်သူတွေက မိသားစုလိုက်ကို အဖမ်းခံမယ်၊ ဖမ်းပါဆိုတော့လည်း မဖမ်းဘူး။ အိမ်တွေကိုပဲ အရ ဖျက်ကြတာ။ ကျနော်တို့က ၂ ရက်လောက် ထပ်ပြီး အချိန်ပေးဖို့ တောင်းဆိုတာကို လည်း သူတို့က လက်မခံကြဘူး။ အဲဒီတော့ ပြည်သူတွေမှာ တော်တော်ကို နစ်နာနေရပြီ”ဟု ပြောသည်။
ယခုကဲ့သို့ ကျုးကျော်နေထိုင်သူ အများစုမှာ ဘိုးဘွားများ လက်ထက်ကတည်းက နေထိုင်လာခဲ့သည့် ဒေသခံများ ဖြစ်ပြီး ၎င်းတို့၏ မြေများကို သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ကိုကျော်စွာက ဆက်လက်၍ “သူတို့လုပ်ရပ်က မင်းမဲ့စရိုက် ဆန်ဆန်ကို လုပ်နေကြတာ။ ဒီမြေတွေ ဆိုတာကလည်း အရင်ကတည်းက ကျနော်တို့ ဘိုးဘွားပိုင်မြေတွေပါ။ စွယ်တော်စေတီ တည်တုန်းကလည်း ကျနော်တို့မြေတွေ ပါသွား တယ်။ ၆၈လမ်း ဖောက်တုန်း ကလည်း ပါသွားတယ်။ ကျနော်တို့ နေတာက ကျန်တဲ့ကြားလေးမှာ နေနေကြတာကို ကျုး ဆိုပြီး လာဖျက်ကြတာ။ လမ်းဧရိယာ နယ်မြေလို့ သတ်မှတ်ပြီး တခါတည်း ကျောက်တိုင်တွေ ချက်ချင်း လိုက်စိုက် နေကြတာ”ဟု ပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကျူးကျော် ရှင်းလင်းမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင် နေပြီး ကျန်ရှိနေသော ကျုးကျော် နေထိုင်မှုများကိုလည်း ဆက်လက် ရှင်းလင်းသွားမည် ဖြစ်သလို ယခု ရှင်းလင်းခဲ့ သည့် နေရာရှိ မူလ နေထိုင်သူများအား မြေသိမ်းယူစဉ် အချိန်က မြေကွက်များ အစားထိုး ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။
ဦးသက်နိုင်က“အဲဒီဘက်ကမြေတွေကို စတင် သိမ်းယူကတည်းက မြေနေရာတွေ အစားထိုး ပေးအပ်ပြီးလည်း ဖြစ်ပါ တယ်။ အဲဒါကိုမှ ကျုးကျော်ဝင်ရောက် နေထိုင်ကြတာပါ။ အခုလို ကျုးကျော် နေထိုင်မှုတွေကိုလည်း ဆက်လက် ရှင်း လင်းသွားမှာ ဖြစ်တယ်”ဟု ပြောသည်။
မန္တလေး စည်ပင် အနေဖြင့် စက်တင်ဘာ ၉ ရက်ကလည်း ပြင်ဦးလွင်-မန္တလေး ကားလမ်း အောင်ပင်လယ် ကန်ပေါင် ရိုး ဘေးဝဲယာ ကျုးကျော်နေအိမ် ၁၅၀ နှင့် ဈေးဆိုင်ခန်းများကို ဖျက်သိမ်းမှု ပြုလုပ်ခဲ့သည်။
ယခုနှစ်အတွင်း၌ ဧရာဝတီမြစ်ကမ်းနား လမ်းတလျှောက်ရှိ ကျုးကျော် နေအိမ်များ၊ မူးယစ်ကျော်ဇောသည့် နေရာများရှိ ကျုးကျော်တဲများ၊ ကျုးကျော် အဆောက်အအုံများ၊ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်မှ ကျုးကျော် အဆောက်အအုံ ၄၀၀ ကျော်နှင့် မြို့ အနောက်ဘက်ခြမ်း ကမ်းနားလမ်း တလျှောက် ကျုးကျော်တဲ ၃၀၀ ကျော် အပါအဝင် အခြားနေရာ တချို့တို့၌ ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ နေအိမ်ပေါင်း ၃၀၀၀ ကျော် အထိ ရှင်းလင်းပြီး ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီက သိရသည်။