ရခိုင်အရေးကြောင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု ကျ ဆင်း ခြင်း မရှိဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
နေပြည်တော် MICC 2 တွင် စက်တင်ဘာ ၁၁ ရက်နေ့ စတင်၍ ၂ ရက်ကြာ ကျင်းပလျက်ရှိသည့် မြန်မာ့ စီးပွားရေး ဖိုရမ် (Myanmar Global Investment Forum 2018) သို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ ၁၅၀၀ ကျော် တက်ရောက် လာသဖြင့် မြန်မာ နိုင်ငံ အပေါ် စိတ်ဝင်စားမှု လျော့ကျခြင်း မရှိဟု ပြောနိုင်ကြောင်း ၎င်းက သတင်းထောက်များကို ပြောခြင်း ဖြစ်သည်။
ဦးအောင်နိုင်ဦးက“ဒီနှစ်က စံချိန်တင်ပဲ။ မနှစ်က ၁၂၀၀ သည် အများဆုံး မှတ်တမ်း ဖြစ်ခဲ့တာပေါ့။ ဒီနှစ်က ၁၅၀၀ တက်တယ်။ ဆိုတော့ ကျနော်တို့ တိုင်းပြည် အပေါ်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုကတော့ ကျ မသွားဘူး၊ ရှိနေသေးတယ်။ ဒါ မနှစ်ကထက် ၃၀၀ ပိုတယ် ဆိုတော့ အားလုံးလည်း အံ့ဩကြတယ်”ဟု ဆိုသည်။
သို့သော် ရခိုင်ပြည်နယ် အရေးကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကဏ္ဍသို့ အကျိုးသက်ရောက်မှုများ ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တို့ နှိုင်းယှဉ်ကြည့်ပါကလည်း အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခန့် လျော့ကျ သွားခဲ့ကြောင်း၊ တိုင်းပြည်တွင် နိုင်ငံရေး တည်ငြိမ်မှု ရှိလာပါက ယင်းအခြေအနေကို ပြန်လည် ကုစားနိုင်မည်ဟု မျှော်လင့် ထားကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။
“မြန်မာနိုင်ငံကို ကြည့်ရင်တော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တာတော့ အသိအမှတ် ပြုတယ်ပေါ့နော်။ သို့သော် တဖက် ကလည်း အနှောင့်အယှက်ကလည်း နည်းနည်းတော့ ရှိနေတာပေါ့”ဟုလည်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ရာတွင် မြန်မာ လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲခဲ့ကြပြီး အင်းဒင် ကျေးရွာတွင် မွတ်စလင်များ အသတ်ခံရခြင်းကို ရိုက်တာ သတင်းဌာနက ထုတ်ဖော် ရေးသားခဲ့ရာ ရိုက်တာ သတင်းထောက် ၂ ဦး သည်လည်း ထောင်ဒဏ် နှစ်ရှည် ချမှတ် ခံထားရသည်။
ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော် ကျော်ဦး ကမူ ရခိုင် အရေးကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး လျော့ကျသွားခဲ့ရပြီး အရှေ့အာရှ ဘက်သို့ မျှော်နေရသည့် သဘော ဖြစ်ကြောင်း၊ ကျန်သည့် အချက်များမှ ဥပဒေတချို့ ပြဋ္ဌာန်းနိုင်ရေး လိုအပ်နေခြင်း၊ ကျွမ်းကျင်သည့် လုပ်သား ရှားပါးမှုနှင့် အခြေခံ အဆောက်အအုံများ လိုအပ်နေခြင်းတို့ ရှိနေကြောင်း ပြော သည်။
“ဒီရခိုင်ကိစ္စမှာ ဥရောပကရော၊ အမေရိကန်ရော သူတို့အနေနဲ့ အရေးယူဖို့တွေတောင် လုပ်နေတယ်။ အဲဒီတော့ အဲဒီ ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်များများကတော့ ကျပ်သွားတယ်။ ဒါတော့ နိုင်ငံရေး အရပေါ့နော်”ဟု ၎င်းက ပြောဆိုသည်။
၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၁၄၀၀ ကျော် ရှိပြီး အများဆုံးမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍသို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ ဒုတိယမှာ ဝန်ဆောင်မှု ကဏ္ဍ၊ တတိယ မှာ ဆက်သွယ်ရေး၊ စတုတ္ထမှာ အိမ်ခြံမြေကဏ္ဍတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရ သည်။
လက်ရှိ ကာလတို ၆ လ ကြားကာလ ဘတ်ဂျက်တွင် ဒေါ်လာ သန်း ၃၀၀၀ ကျော် မျှော်မှန်းခဲ့ရာ ယခုအခါ သန်း ၁၄၈၀ ဝင်လာပြီ ဖြစ်ကြောင်း၊ တလအတွင်း ထပ်မံ အတည်ပြုရန် သန်း ၄၀၀ ခန့် အထိ ရှိနေရာ စုစုပေါင်း သန်း ၂၀၀၀ နီးပါး ရောက်သွားမည် ဖြစ်သော်လည်း ရည်မှန်းချက် သန်း ၃၀၀၀ ကိုမူ မဖြည့်နိုင်ခဲ့ကြောင်းလည်း MIC က ဆိုသည်။
MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက“နောက်နှစ်ကတော့ ဒီနှစ်ထက် စာရင်တော့ အများကြီး ကောင်းမယ်လို့ မျှော် လင့်ထားတယ်။ ကျနော်တို့ဆီမှာ လာစုံစမ်းပြီးတော့မှ ပြင်ဆင်နေတဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေလည်း ရှိတယ်။ သူတို့ လည်း ကျနော်တို့ MIC ကို တင်ပြဖို့ ပြင်ဆင်နေကြပြီ။ တချို့ Project ကြီးတွေ ပါလာတယ်။ ပါလာတဲ့ အတွက်ကြောင့် အဲဒါ တွေ ပေါင်းလိုက်ရင်တော့ ကျနော်တို့ နောက်နှစ်ကတော့ Recovery ပြန်ရမယ်ပေါ့။ အခြေအနေ ပြန်ကောင်းမယ် လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အခက်အခဲဖြစ်နေသည့် မြေယာကိစ္စမှာမူ ရှုပ်ထွေးလွန်းသည့် ဥပဒေများ ရှိနေ သေး သောကြောင့် လတ်တလော ဖြေရှင်း၍ မရသေးဘဲ ဒုသမ္မတ ၂ ဦးဆောင်သည့် ကော်မတီက အမျိုးသား မြေယာ ဥပဒေ တခုကို ပြဋ္ဌာန်းနိုင်ရေး ပြုလုပ်နေကြောင်း၊ ဥပဒေ ပေါ်ပေါက်ပါက မြေနှင့် ပတ်သက်သည့် အခက်အခဲများကို ကျော်လွှားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ရင်းနှီးမြှုုပ်နှံမှုများကို ခွင့်ပြုခဲ့ရာတွင် တရုတ်၊ နယ်သာ လန်၊ ဂျပန်၊ ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့သည် အများဆုံး ရင်းနှီးသည့် နိုင်ငံများ ဖြစ်ကြောင်းနှင့် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုများ စတင် ခွင့်ပြုခဲ့သည့် ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံသည် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း MIC အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ Myanmar Global Investment Forum 2018 သို့ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာ နဲလ် (Sean Turnell) တက်ရောက်ပြီး အစိုးရ ဝန်ကြီးများ၊ ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် ဆွေးနွေးလျက် ရှိသည်။