ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာရေလုပ်သားများကို တရားဝင်မှတ်ပုံတင်ပေးပြီး နှစ်နိုင်ငံသဘောတူညီထားသည့် MoU စနစ်ဖြင့် ပြန်လည်လုပ်ကိုင်စေမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
“ထိုင်းနိုင်ငံမှာ ရောက်နေတယ်။ တချို့က CI ကတ်ပြားရပြီးပြီ။ တချို့က Work Permit ရပြီးပြီ။ သို့သော် တရားဝင် အသိအမှတ်ပြုတာ မရသေးဘူး။ အဲဒီအတွက် သူတို့က ပြန်လာမယ်၊ Passport စာအုပ်တွေ ပြန်ထုတ်မယ်။ မြန်မာနိုင်ငံဘက်က ကော့သောင်းမှာ လုပ်မယ်။ ပြီးရင် ထိုင်းဘက်ကို သွားပြီး ရနောင်းမှာ ပြန်ပြီး တရားဝင် ရေလုပ်သားအဖြစ် Work Permit ရမယ်။ ဗီဇာထုတ်ပြီးရင် သက်ဆိုင်ရာ လုပ်ငန်းတွေမှာ သွားရောက် ဝင်လုပ်နိုင်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောသည်။
နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် စက်တင်ဘာလ ၁၁ရက်က ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရေးအတွက် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဝန်ကြီးက မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများတွင် လုပ်သားများအပေါ် လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ အခွင့်အရေးချိုးဖောက်ခြင်း ကျွန်ပြုခြင်းများရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အနောက်နိုင်ငံများက ထိုင်းရေထွက်ကုန်များကို ဝယ်ယူလိုခြင်းမရှိတော့သည့်အတွက် မြန်မာရေလုပ်သားများကို MoU ဖြင့် တရားဝင်ခေါ်ယူလုပ်ကိုင်စေလိုကြောင်း၊ ဥပဒေအရ အကာအကွယ် အခွင့်အရေးများရရှိစေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ကမ်းလှမ်းခဲ့သည်။
ထိုသို့ MoU ဖြင့် ခေါ်ယူနိုင်ရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ဝန်ကြီး Pol.Gen Adul Sangsingkeo နှင့် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေတို့ သြဂုတ်လ ၁၆ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာရေလုပ်သားများကို ထိုင်းနိုင်ငံက အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်မှုအပေါ် ရှေ့ပြေးစမ်းသပ်ခြင်း (Pilot Project) အဖြစ် လက်ရှိ တရားမဝင် ရေလုပ်သားများကို MoU စနစ်ဖြင့် ပြန်လည်စေလွှတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံက ထပ်မံလိုအပ်လျှက်ရှိသည့် ရေလုပ်သား ၄ သောင်းကျော်ကို ဆက်လက်ပို့ဆောင်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိရန် တင်ပြထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ တရားမဝင်လုပ်သားတွေကို ပြန်ပြီး တရားဝင်ဖြစ်အောင် အသိအမှတ်ပြုမယ့်ကိစ္စကိုတော့ ဒီလကုန်လောက် စပါလိမ့်မယ်။ ပြီးတော့မှ ရေလုပ်သားပို့မယ့် ကိစ္စကတော့ အစိုးရအဖွဲ့ကို တင်ပြပြီးတော့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရတဲ့အချိန်မှာ ထိုင်းနိုင်ငံနဲ့ ညှိပြီး ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် လာမယ့်လလောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းပါတယ်” ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
MoU စနစ်ဖြင့် စေလွှတ်နိုင်ရေးအတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနက နှစ်နိုင်ငံနယ်စပ် ကော့သောင်းမြို့တွင် ရွေ့ပြောင်းအလုပ်သမားရုံးဖွင့်လှစ်ပြီး One Stop Service ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်မှလည်း ရနောင်းတွင် One Stop Service ဖြင့် အလားတူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင် လုပ်သားများကို MoU စနစ်ဖြင့် ပြန်လည်စေလွှတ်နိုင်ခြင်းဖြင့် မြန်မာရေလုပ်သားများသည် ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်းဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဌ ဦးပီတာညွှန့်မောင်က ပြောသည်။
၎င်းက “လက်ရှိ ၄၂၀၀၀ လောက်က သူ့နည်းသူ့ဟန်နဲ့ တရားမဝင် ရောက်နေတာတွေရှိတယ်။ အဲဒါတွေကို MoU စနစ်ပုံစံပြောင်းပေးတော့ သူတို့လိုအပ်ချက်တွေလည်း မှန်မှန်ကန်ကန် တိတိကျကျ တောင်းဆိုလို့ရသွားအောင်ပေါ့။ ကော့သောင်းဘက်မှ အထိုင်ချလုပ်ရမယ်၊ အဝင်တော့ ပြရမယ်။ MoU ထိုးပြီး အသစ် ဝင်သွားပေါ့” ဟု ပြောသည်။
ထိုင်းရေလုပ်ငန်းရှင်များသည် ထိုင်းအစိုးရချမှတ်ထားသော ရေလုပ်ငန်းဆိုင်ရာဥပဒေအပါအဝင် အလုပ်သမားဥပဒေကို လိုက်နာမှုအားနည်းပြီး အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေး၊ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို မပေးချင်ကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ကွန်ဗင်းရှင်းတွင် ငါးဖမ်းလှေ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်ကြေငြာစာတမ်းကို ထိုင်းအစိုးရက လက်မှတ်မထိုးရန်အတွက်လည်း ကန့်ကွက်နေကြောင်း၊ ယင်းအနေအထားတွင် အလုပ်သမားများကို ပို့မည့်အစီအစဉ်သည် မဖြစ်သင့်ကြောင်း မြန်မာရွေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကွန်ယက်ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။
“ILO ရဲ့ကွန်ဗင်းရှင်း ၁၈၈၊ ငါးဖမ်းလှေ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး ပဋိညာဉ်ကြေငြာစာတမ်းကို လက်မှတ်ထိုးဖို့ ထိုင်းရေလုပ်ငန်းရှင်တွေက ကန့်ကွက်နေတာ အခုအချိန်အထိပဲ အဲဒီကွန်ဗင်းရှင်းကို လက်မှတ်ထိုးရင် လှေမှာ ပြင်ဆင်မှုလုပ်ရမယ်။ လှေလုပ်သားတွေရဲ့ အိပ်ယာ၊ အိမ်သာက အစပြင်ဆင်ပေးရမယ်။ လက်ရှိလှေမှာက ကြံသလိုအိပ်၊ ကြုံသလိုသွားပုံစံ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အတွက် လုပ်ပေးရမယ်ဆိုတာကို ငါးဖမ်းလှေလုပ်ငန်းရှင်အသင်းကိုက လက်မှတ်မထိုးဖို့ ကန့်ကွက်နေတာ အဲလိုအနေအထားမှာ ကိုယ့်နိုင်ငံက ရေလုပ်သားပို့ဖို့ဆိုတာ အမျှော်အမြင်နည်းရာကျသလို ဒီလုပ်ငန်းတွေကို နားမလည်ရာလည်း ကျတယ်” ဟု ဦးစိန်ဌေးက ပြောကြားသည်။
ထိုသို့ ရေလုပ်သားများပို့ဆောင်ရေးအစား ထိုင်းနိုင်ငံ ကုန်းပေါ်တွင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ အပြည့်အဝရရှိစေရေးနှင့် လက်ရှိ MoU ဖြင့် သွားရောက်အလုပ်လုပ်မည့် မြန်မာလုပ်သားများအပေါ် အေဂျင်စီများ၊ ပွဲစားများက ၆ သိန်းမှ ၁၀ သိန်းအထိ ငွေကြေးပိုမိုတောင်းခံနေသည့်ပြဿနာများကို ဖြေရှင်းရေးအတွက် အာရုံစိုက်လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက MoU လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ အခွင့်အရေးနှင့် ဥပဒေအကာအကွယ်ရရှိမည်ဖြစ်ကြောင်း၊ အလုပ်ချိန်၊ သတ်မှတ်လုပ်ခများကို တိတိကျကျ ဆောင်ရွက်ထားကြောင်း၊ ထိုင်းလုပ်ငန်းရှင်တချို့မှ ဥပဒေမလိုက်နာသည်များရှိပါက MoU အရ အရေးယူနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရများက ကြပ်မတ်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ရေလုပ်သားအများစုသည် ထိုင်းရေလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လျှက်ရှိကြောင်း၊ ထိုင်းနိုင်ငံမှ ပေးပို့သည့်စာရင်းများအရ ထိုင်းရေလုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာရေလုပ်သား ၄၁၁၂၅ဦး၊ ဆက်စပ်လုပ်ငန်းများတွင် ၄၅၄၀၀ ဦး၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံံများတွင် ၅၁၇၄၁ ဦး စုစုပေါင်း မြန်မာလုပ်သား ၁၄၅၂၆၆ ဦး ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်- မြန်မာ ရေလုပ်သား ၆ သောင်းကျော် ထိုင်းနိုင်ငံက ခေါ်ယူရန် ညှိနှိုင်း