ကရင်ပြည်နယ်တွင် သန့်စွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ကရင်ပြည်နယ် အစိုးရကို WWF – မြန်မာ (ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့) က ပံ့ပိုးကူညီမည်ဖြစ်ကြောင်း သိရသည်။
သန့်စင်စွမ်းအင်ဖြင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရနှင့် WWF – မြန်မာ တို့အကြား သဘောတူညီချက် တစောင်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ပြီး လိုအပ်သည့်ပံ့ပိုးကူညီမှုများကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း WWF – မြန်မာ မှ သိရသည်။
အဆိုပါ သဘောတူညီချက်အရ ပြည်နယ်အတွင်း သန့်စင်စွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်နိုင်ရန် နေရာနှင့် အလားအလာများ ဖော်ထုတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ရှာဖွေ ချိတ်ဆက်ခြင်း၊ နှုန်းထားသက်သာသည့် လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် WWF က ကူညီမည်ဖြစ်ကြောင်း WWF – မြန်မာ မှ စွမ်းအင်ပရိုဂရမ် မန်နေဂျာ ကိုရွှန်းစိုဦး က ပြောသည်။
“ကရင်ပြည်နယ် အစိုးရနဲ့ ပေါင်းလုပ်တာကျတော့ အစိုးရက ဦးဆောင်ပြီးတော့လုပ်တယ် decision ကို အစိုးရက ချတယ်။ အစိုးရက decision မချခင်မှာ လိုအပ်တဲ့ project နေရာရှာတာရော လိုအပ်တဲ့ တွက်ချက်တာရော ရင်းနှီးမြုပ်နှံမှု ရှာပေးတာရော WWF က ကူညီပါတယ်”ဟု ၎င်းကဆိုသည်။
ကရင်ပြည်နယ်အစိုးရနှင့် WWF – မြန်မာအကြား သဘောတူ လက်မှတ်ရေးထိုးထားသည့် စာချုပ်သက်တမ်း ကာလသည့် တစ်နှစ်ဖြစ်ပြီး ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း WWF – မြန်မာ မှ သိရသည်။
WWF – မြန်မာ မှ စွမ်းအင်ပရိုဂရမ် မန်နေဂျာ ကိုရွှန်းစိုဦး က “စာချုပ်သက်တမ်းကတော့ အခုလောလောဆယ် ၁ နှစ်ပဲ အကျုံးဝင်ပါတယ်။ နှစ်ဦးနှစ်ဖက် ပူးပေါင်းတာလည်း ပထမဦးဆုံးဆိုတော့ ပြည်နယ်အစိုးရကနေပြီးတော့ ဆက်လက်ခံမယ် ဆိုရင် ဆက်ပြီး သက်တမ်းတိုးမှာပါ။ ကျနော်တို့ဘက်က တိုးဖို့ဆန္ဒရှိပါတယ်” ဟုဆိုသည်။
နေ၊ လေနှင့် သဘာဝဓာတ်ငွေ့ အစရှိသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တို့မှ သန့်စင်သော စွမ်းအင်ကို ရရှိနိုင်ပြီး အဆိုပါ စွမ်းအင်မှ အချိန်တိုတိုအတွင်း လျှပ်စစ်ထုတ်လုပ်နိုင်ခြင်းနှင့် ငွေကြေး သက်သာခြင်းများကြောင့် သန့်စင် စွမ်းအင်ကို အသုံးပြုသင့်ကြောင်း ပညာရှင်များကလည်း တိုက်တွန်းထားသည်။
ကရင်ပြည်နယ်တွင် လူဦးရေ ၁ဒသမ ၅ သန်းနေထိုင်သည့်အနက် ၂၆ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား ရရှိလျက်ရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်မှုများ အရသိရသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က “ကျမတို့ ကရင်ပြည်နယ်မှာ အဓိကလိုအပ်တာက လျှပ်စစ်ဓာတ်အားပါ။ လျှပ်စစ်ဓာတ်အား အလုံအလောက် မရသေးတဲ့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းနှေးပါတယ်။ လျှပ်စစ်ဓာတ်အား သာရမယ်ဆိုရင် ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် ဘယ်နည်းပညာနဲ့ ဖြစ်ဖြစ် ကြိုဆိုမှာပါ”ဟု ပြောသည်။
ကရင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နှစ်အစပိုင်းက WWF-မြန်မာသည် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျေးရွာ ၃ ရွာမှ အိမ်ခြေပေါင်း ၂၀၀ ကျော်ကို အိမ်သုံး ဆိုလာစနစ်ဖြင့် မီးပေးနိုင်ရန် ဆောင်ရွက်ခဲ့ပြီး လာမည့် နိုဝင်ဘာလတွင် စတင်မီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရ နှင့် WWF-မြန်မာ တို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဒိန်းမတ်နိုင်ငံအစိုးရ၊ ဆွီဒင်နိုင်ငံ အစိုးရနှင့် ဥရောပ ရာသီဥတုဆိုင်ရာ ဖောင်ဒေးရှင်းတို့က ကူညီထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
WWF အဖွဲ့ကို ၁၉၆၁ ခုနှစ်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး WWF- မြန်မာရုံးခွဲကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယင်းအဖွဲ့၏ လုပ်ငန်းစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အားပေး မြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။