ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်မြင့်တက်နေကြောင်း အဆိုပါ စခန်းများတွင် အိမ်တွင်းအကြမ်းဖက်မှု လျော့ပါးရေး စီမံချက်ဖြင့် ဆောင်ရွက်နေလျှက်ရှိသော မေတ္တာဖောင်ဒေးရှင်း ထံမှသိရသည်။
မေတ္တာဖောင်ဒေးရှင်းက ကောက်ခံထားသော အချက်အလက်များအရ အိမ်တွင်းအကြမ်းဖက်မှုသည် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ ၅၀ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်၊ ဇွန်လအထိ ၇၀ ရာခိုင်နှုန်းထိ တိုးလာနေသည်ဟု သိရသည်။
မေတ္တာဖောင်ဒေးရှင်း၏ ကျား၊မ အခြေပြုအကြမ်းဖက်မှု လျော့ချရေးစီမံကိန်း တာဝန်ခံ ဒေါ်ဆိုင်းခမ်းက “အိမ်တွင်း အကြမ်းဖက်မှုက လျော့ကျမသွားဘဲ တိုးလာတယ်ဆိုတာက လူတွေက အမြင်ပွင့်လာတာ။ အရင်တုန်းက အမျိုးသားက သူရဲ့အမျိုးသမီးကို ရိုက်တယ်။ နှိပ်စက်တယ်ဆိုတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောဆိုပြီး မပြောကြဘူး။ မတိုင်ကြဘူး။ အခုကျတော့ သူတို့ကိုယ်တိုင်က အကြမ်းဖက်မှုကို သိလာတော့ တိုင်လာကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ဖြစ်ပွားသော အိမ်တွင်းအကြမ်းဖက်မှုသည် စစ်ရှောင်စခန်းများကို ရိက္ခာထောက်ပံ့မှု လျှော့ချခြင်းကြောင့် နေထိုင် စားသောက်ရန် ခက်ခဲလာကြရာမှ မိသားစုအတွင်း ပြဿနာများမှတဆင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု စစ်တမ်းများက ဆိုထားသည်။
အဆိုပါ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည့် ဒေသခံတိုင်းရင်းသားများသည် တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာ၍ လာရောက်ခိုလှုံနေကြရသူများ ဖြစ်ကြသည်။
မေတ္တာဖောင်ဒေးရှင်းက ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင် စခန်းများတွင် အိမ်တွင်း အကြမ်းဖက်မှုလျော့ပါးရေး စီမံချက်ဖြင့် ၂၀၁၄ ခုနစ်မှ စတင်ပြီး အမျိုးသမီး စင်တာ ၈ ခုဖွင့်လှစ် ဆောင်ရွက်နေရာမှ ၂၀၁၆ ခုနစ်တွင် ၁၁ ခုအထိ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။
အကြမ်းဖက်မှု လျော့ပါးစေရေးအတွက် အမျိုးသမီးများ နားနေနိုင်ရန်နှင့် အကြမ်းဖက်မှုများအကြောင်း နှစ်သိမ့်ဆွေးနွေး၊ ရင်ဖွင့်တိုင်ပင်နိုင်ရန် အတွက် အမျိုးသမီးစင်တာ ၁၁ ခုကို ဝိုင်းမော်မြို့နယ်တွင် ၅ ခု၊ မိုးမောက် မြို့နယ်တွင် ၃ ခု၊ မန်စီမြို့ နယ်တွင် ၂ ခုနှင့် မြစ်ကြီးနားမြို့နယ်တွင် ၁ ခု ဖွင့်လှစ်ထားသည်။
အမျိုးသမီးများသည် ယခုကဲ့သု့ိ စင်တာများဖွင့်လှစ်ပေးခြင်း၊ အမြင်ဖွင့်သင်တန်းများ ပေးခြင်းများကြောင့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိလာပြီး ပြဿနာတစုံတခုဖြစ်ပါက နှစ်သိမ့်ပေးမည့် စင်တာများ သွားရောက်သည့် အမျိုးသမီးများ ပိုများလာသည်ဟု သိရသည်။
သို့သော် တချို့သော စစ်ရှောင်စခန်းများတွင် ဘာသာရေး ခေါင်းဆောင်များ၊ စခန်းတာဝန်ခံများ၏ ကန့်သတ်မှုများ ကြောင့် သွားခွင့်မရသည့် အမျိုးသမီးများလည်း ရှိနေကြောင်း စစ်ရှောင်အမျိုးသမီးများအရေး ဆောင်ရွက်နေသည့် ထွယ်ဂျန်ဒါအဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နန်ပူက ပြောသည်။
ဒေါ်နန်ပူ က “စစ်ရှောင်စခန်းက အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက ပိုပြီးတော့ အဲ့နေရာတွေကို မသွားချင်ကြဘူး။ စစ်ရှောင်စခန်းတွေမှာ များသောအားဖြင့် ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး စခန်းတွင်း ပြဿနာ တွေကို ဖြေရှင်းကြတာများတယ်။ စစ်ရှောင်စခန်းအတွင်းက ပြဿနာကို အပြင်ကို မဖွချင်ကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအခြေအနေတွင် အိမ်ထောင်စုအတွင်း အတူနေထိုင်သူများက အိမ်ထောင် ရှင်အမျိုးသမီး အပေါ် ရုပ်ပိုင်းဆိုင်ရာသာ မကဘဲ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ နှိပ်စက်မှုများသည်လည်း အိမ်တွင်းအကြမ်းဖက်မှု မြောက်ကြောင်း အိမ်တွင်းအကြမ်းဖက်နှင့် ပတ်သက်ပြီး အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသည့် အခရာ အမျိုးသမီးအဖွဲ့အစည်းမှ ဒါရိုက်တာ မထားထား ပြောသည်။
မထားထားက “အဘိုးအဘွား၊ ဦးလေး၊ အဒေါ်၊ ခယ်မ၊ ခဲအို ၊ အဲ့ဒါတွေ ဆွေမျိုးသားချင်းတွေ အတူနေတယ်ဆိုရင် အိမ်တွင်းထဲမှာရှိတဲ့ သူတွေကပြုလုပ်တဲ့အတွက် အကြမ်းဖက်မှု ဖြစ်တယ်။ ဘာတွေ အကြမ်းဖက်လဲ ဆိုတော့ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၊ စီးပွားရေးဆိုင်ရာ ။ စီးပွားရေးဆိုင်ရာဆိုတာက အလုပ်ထွက် မလုပ်ရဘူး။ ဝင်ငွေနဲ့လောက်အောင် သုံးဆိုတာ တွေက အိမ်တွင်းအကြမ်းဖက်မှုဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန်အတွက် ဥပဒေ မရှိကြောင်း ထို့ကြောင့် ယင်းသို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက အရေးယူဆောင်ရွက်ရန်မှာ အားနည်းချက်ရှိနေကြောင်း မထားထားက ထောက်ပြထားသည်။
အမျိုးသမီးဦးရေ တထောင်ကျော်ရှိသည့် ဝိုင်းမော်မြို့ရှိ မိုင်းနား (AG Camp) တာဝန်ခံ ဒေါ်ငွါမသားက အမျိုးသမီးစင်တာများသို့ ၎င်းစခန်းရှိ အမျိုးသမီးများသာမက အမျိုးသားများပါ သွားရောက်ကြကြောင်း၊ စင်တာ ရှိ အမြင်ဖွင့်သင်တန်းများကြောင့် မိသားစု အတွင်း ပြဿနာများ ယခင်ကထက် နည်းသွားကြောင်း၊ အမျိုးသား များလည်း အမျိုးသမီးများနှင့် တန်းတူ တာဝန်ခွဲဝေ ယူကြသဖြင့် အကြမ်းဖက်မှုက မရှိသလောက် နည်းသွားကြောင်း ဆိုသည်။
စစ်ဘေးရှောင်စခန်းများတွင် မေတ္တာဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများနှင့်စစ်ရှောင်အမျိုးသမီး များပါဝင်သည့် women group ကိုဖွဲ့ထားသည်။ အမျိုးသမီး ၅ ဦးမှ ၁၀ ဦးအထိပါဝင်သော women group က စစ်ရှောင်စခန်း အတွင်းရှိ အိမ်တွင်း အကြမ်းဖက်မှုများ အကြောင်း အသိပညာပေးဟောပြောခြင်း၊ နှစ်သိမ့်ဆွေး နွေးပေးခြင်း၊ အမျိုးသမီး၊ အမျိုးသား အခွင့်အရေးများ ဟောပြောခြင်းများ လုပ်ဆောင်ပေးသည်။
အကြမ်းဖက်မှုလျော့ပါးစေရေးအတွက် ၂၀၁၆ ခုနစ်မှစတင်ပြီး အမျိုးသားများကိုပါ အမြင်ဖွင့် သင်တန်းပေးခြင်း၊ အသိပညာ ပေးခြင်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိတွင် စင်တာ ၁၁ခုအနက် ၉ ခုတွင်သာ အမျိုးသားများဖြင့် သီးသန့်ဖွဲ့ထားသည့် Men group ကိုပါ ဖွဲ့ထားနိုင်ခဲ့ပြီး တဖွဲ့တွင် လူဦးရေ ၄ ဦးမှ ၁၀ ဦးအထိပါဝင်သည်။