ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး တင်ဒါကိစ္စဖြင့် တိုင်ကြားခံထားရသော ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို တိုင်ကြားထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ကွင်းဆင်းကာ ဝန်ကြီးအား တိုင်ကြားထားသည့် မြောက်ဦးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၁ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ကြောင်း စစ်ဆေးခံရသူအချို့ထံက သိရသည်။
မြောက်ဦးပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က “ ကျနော်တို့ကို အဂတိကော်မရှင်ဘက်မှ မနေ့က ခေါ် ပြီး စစ်ဆေးပါတယ်။ ကျနော်တို့ တိုင်ထားတဲ့ မြောက်ဦး အမတ် ၂ ဦးလုံးကို စစ်ဆေးပါတယ်။ သူတို့ စစ်ဆေးတာကတော့ မြောက်ဦး ပျံကျဈေးကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားထားတာဆိုတော့ အဓိက အနေနဲ့ အဲဒီ ကိစ္စကိုပဲ ဦးတည်ပြီး စစ်ပါတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့သည့် အကြောင်းအရင်းမှာ မြောက်ဦးမြို့ ပျံကျဈေး တည်ေ ဆာက်ရန် တင်ဒါပေးသည့် ကိစ္စတွင် ခရိုင်တင်ဒါကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက ပွင့်လင်းမြင်သာမှုမရှိခဲ့ကြောင်း၊ တင်ဒါ စည်းကမ်း ချက်များကို ချိုး ဖောက်ကာ ၎င်းနှင့်နီးစပ်သည့် ကုမ္ပဏီကိုလက်သိပ်ထိုး ပေးလိုက်သည်ဟူသော အချက်ဖြင့် ဒေသခံ လုပ်ငန်းရှင်များနှင့် မြောက်ဦးမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ၄ ဦးတို့က လက်မှတ်ထိုးကာ သြဂုတ် ၁၁ ရက်နေ့က တိုင်ကြားခဲ့ခြင်း ဖြစ် ကြောင်းလည်း တိုင်ကြားသူများက ဆိုသည်။
ဝန်ကြီး ဦးကျော်အေးသိန်းကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားထားသူ မြောက်ဦးမြို့ခံ လုပ်ငန်းရှင်တဦးကလည်း ၎င်းတို့အား အဂတိတိုက်ဖျက်ရေးကော်မရှင်က စစ်တွေသို့ ခေါ်ယူ၍ စစ်ဆေးခြင်းမှာ မှန်ကန်ပြီး စတင် စစ်ဆေး လာသည့် အဆင့်သာ ရှိသေးသည့်အတွက် အကြောင်းအရာများကို တိတိကျကျ ပြောဆို၍ မရနိုင်သေး ကြောင်း ဧရာဝတီသို့ ပြောသည်။
တိုင်ကြားမှုနှင့် ပတ်သက်သည့် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်တို့ကိုလည်း နေပြည်တော်တွင်ပင် အဂတိတိုက်ဖျက်ရေးကော်မရှင်မှ လာရောက်ကာ စစ်ချက်များ ရယူသွားခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က “ ကျနော်ကို လာစစ်တာကတော့ စက်တင် ဘာလ ၆ ရက်နေ့ က စစ်ချက် ယူပါတယ်။ ဆရာဦးဦးလှစောကို စစ်တာကတော့ ကျနော့်ထက် တရက်စောတယ်။ အဓိက စစ်တာကတော့ ဒီလိုတိုင်ရတဲ့ အကြောင်းအရင်းက ဘယ်ကစပြီး မြစ်ဖျားခံတာလဲဆိုတဲ့ ပုံစံမျိုး စစ်တယ်။ ကျနော်တို့ကလည်း ရရှိထားတဲ့ အချက်အလက်နဲ့ ရှင်းပြတယ်။ ဒါလောက်ပါပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ အစည်းအဝေး ပြုလုပ်နေသည့်အတွက် အလုပ်မအားလပ်ကြောင်းသာ ဖြေကြားခဲ့သည်။
အဆိုပါ တင်ဒါကိစ္စတွင် ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအပါအဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်–ရခိုင်ဝန်ကြီး ၂ ဦး အဂတိကော်မရှင်ထံ တိုင်ကြားခံရ
ရခိုင်ပြည်နယ်အစိုးရနဲ့ အဂတိလိုက်စားမှု ပြဿနာ