တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အင်အားနှင့် နယ်မြေ တိုးချဲ့မှုများ ပြုလုပ်နေခြင်းသည် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးနှင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည် ဖော်ဆောင်နေသည့်အပေါ် ကြီးမားသည့် အဟန့် အတား ဖြစ်နေနေကြောင်း JMC-U ဥက္ကဌ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြော သည်။
ပြည်ထောင်စု ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၈ ကြိမ် မြောက် အစည်း အဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် အဖွင့်ပွဲနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထိုသို့ ပြောခဲ့ သည်။
“လက်ရှိ အနေအထားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ကြည့်လို့ရှိရင် အင်အား တည်ဆောက်တာတွေ၊ နယ် မြေ တည်ဆောက်တာတွေ၊ ဒီအပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ ကျနော်တို့ တပ်မတော် အနေနဲ့ကတော့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက် အင်အား တည်ဆောက် တာတွေ၊ နယ်မြေ တည်ဆောက်တာတွေဟာ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ကြီးမားတဲ့ အဟန့် အတား ဖြစ်စေတဲ့အတွက် တဖက်နဲ့တဖက် သံသယ ဝင်စေသလို ပိုပြီးတော့မှ ကြီးထွာစေပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် တဖက်နှင့် တဖက် ယုံကြည်မှု တည်ဆောက်နေသည့် ကာလတွင် မိမိတို့ ထိပ်တိုက် ရင်ဆိုင်မှုများကို ရှောင်ရှားရန် အတွက် နယ်မြေ တည်ဆောက်မှုများ၊ အင်အား တည်ဆောက်မှုများကို ဆောင်ရွက်ခြင်း မပြုရန် အတွက် အသိပေး ပန်ကြားလိုပါကြောင်း JMC-U ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
သို့သော် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မည်သည့် လက်နက်ကိုင် အဖွဲ့များက အင်အား တည်ဆောက်နေ သည်နှင့် နယ်မြေ တည်ဆောက်နေသည်ကိုတော့ ထည့်ပြောခြင်းမရှိပါ။
လက်ရှိတွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က လက်မှတ်ထိုး ထားသည်။
ထိုအထဲမှ RCSS နှင့် တပ်မတော်ကြား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ထိုးပြီးနောက်ပိုင်း ယနေ့ (၂၀၁၈ ခုနှစ်) အတောတွင်း တိုက်ပွဲပေါင်း ၈၀ ကြိမ် ဖြစ်ပွားခဲ့ကြသလို KNU ၏ လက်အောက်ခံ တပ်မဟာ(၅) နှင့် တပ်မတော်ကြား ၂၀၁၈ ခုနှစ်၊ မတ်လက စတင်၍ ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ သလို စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖွဲ့စည်းထားသော ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)များ အပြင် JMC-U တို့ တိုက်ပွဲ ရပ်တန့်ရေး မဖြေရှင်းနိုင်သေးကြောင်း သိရသည်။
တဖက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တပ်မတော်ကြား လည်းကောင်း၊ RCSS နှင့် TNLA ကြားလည်းကောင်း၊ ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားလည်းကောင်း တိုက်ပွဲများလည်း ဖြစ်ပွားနေသေးသည်။
JMC-U ဒုဥက္ကဋ္ဌ ဖြစ်သူ လက်နက်ကိုင် ကိုယ်စားလှယ် ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက “ကျနော်တို့ JMC ဟာ နာမည်တခုပဲ မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်မှုမှာလည်း ထိရောက် အောင်မြင်ဖို့ လိုအပ်ပါတယ်။ JMC အကောင်အထည်ဖော်မှု အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ကျနော်တို့ အပေါ်မှာလည်း မူတည်ပါ တယ်။ ဒါကြောင့် မြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ ရလဒ်တွေ အောင်မြင်တယ်၊ မအောင်မြင်နေတယ် ဆိုတာကို အဲဒါတွေက အမှန်တရားတွေဘဲ ဖြစ်ပါတယ်။ ဒီအမှန်တရားတွေကို လက်ခံနိုင်မှလည်း အားသာ ချက်၊ အားနည်းချက်တွေကို သုံးသပ်နိုင်ပြီး အားနည်းချက် တွေကို ပယ်ရှား အားသာချက်တွေကို ဖြည့်တင်း အကောင်အထည်ဖော်ပြီး ကျနော်တို့ အလုံးစုံသော အောင်မြင်မှုကို ရရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက လက်နက်ကိုင် ပဋိပက္ခများ ဖြစ်တိုင်း ထိခိုက်တာ ဒေသခံများဖြစ်ရာ တိုက်ပွဲများ မပေါ်ပေါက်အောင် ၂ ဖက် လက်နက်ကိုင်တပ်များက ထိန်းသိမ်းရမှာ ဖြစ်ကြောင်း၊ ထိုကိစ္စများ ဖြစ်ပေါ်လာတိုင်း တဦးပေါ် တဦး ပြစ်တင်ရှုံ့ချခြင်းကလည်း ပြဿနာ၏ အဖြေမဟုတ်သလို ပြဿနာကို ပိုမို ကြီးထွာစေပြီး ရန်လိုစိတ် မုန်းတီးစိတ်များကိုဘဲ တိုးပွားစေမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဿနာ အရင်းအမြစ် များကို စေတနာမှန်နှင့် ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြနိုင်သည့် အလွတ်သဘော ဆွေးနွေးမှုများကိုလည်း မကြာခဏ လုပ်ပေးရန် လိုအပ်မည်ဟု ဆိုသည်။
JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပဋိပက္ခ ဖြေရှင်းသည့်အခါမှာ Bilaternal ဆက်သွယ်မှုတွေက သော်လည်းကောင်း၊ Bilaternal တွေ့ဆုံမှုများမှသော်လည်းကောင်း၊ ပုံမှန် တွေ့ဆုံမှုများ ဆောင်ရွက်ခြင်း အားဖြင့် လည်းကောင်း၊ လိုအပ်ပါက အရေးပေါ် အစည်းအဝေးများ ဆောင်ရွက်ပြီး ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆိုသည်။
“ပဋိပက္ခ ဖြေရှင်းတဲ့ နေရာမှာလည်း စိစစ် ပြဋ္ဌာန်းထားတဲ့ လုပ်ထုံး လုပ်နည်းများ အတိုင်းဘဲ ဖြေရှင်ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ JMC ဟာ တိုင်ကြားမှုနဲ့ အငြင်းပွားမှုကိုဘဲ စောင့်ကြည့် ဖြေရှင်းပေးရမယ့် ကော်မတီ တခု ဖြစ်တဲ့ အတွက် တိုင်ကြားစာတွေ၊ ကန့်ကွက်စာတွေကို အလေးအနက်ထားပြီးတော့မှ ဖြေရှင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်း အချင်းချင်း တိုင်ကြားစာတွေ၊ ကန့်ကွက်စာတွေ ပေးလာတဲ့ အပေါ်မှာ ပဋိပက္ခအသွင် ဆောင်တယ်လို့ မမှတ်ယူ ဘဲ လေးလေးစားစား စိစစ် အကြောင်းပြန်ပေးလို့ရှိရင် ပဋိပက္ခတွေကို အချိန်နဲ့ တပြေးညီ ဖြေရှင်း ထိန်းသိမ်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
JMC သည် အငြင်းပွားမှုများကို စောင့်ကြည့်ခြင်း ၊ တိုင်ကြားစာများအပေါ် စိစစ် အတည်ပြုခြင်း၊ ပဋိပက္ခများ ဖြေရှင်းခြင်း စသည့် လုပ်ငန်း တာဝန် ၃ ရပ်ကို အဓိက လုပ်ဆောင်သော ကော်မတီ တရပ်ဖြစ်သည်။
အဆိုပါ JMC အဖွဲ့တွင် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ ပါဝင်ကြသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် JMC-U ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး တွင် (၁၇) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ထားမှု အခြေ အနေများကို တင်ပြခြင်း၊ နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ လေ့လာရေး ခရီးစဉ်နှင့် ပတ်သက် ၍ တင်ပြခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ရရှိရေး ဆောင်ရွက်မှု အခြေအနေများအား တင်ပြခြင်း စသည်တို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း JMC-U က ထုတ်ပြန်ထားသည်။
ထို့နောက် JMC-U ၏ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအား ဆွေးနွေးခြင်း၊ ဒေသခံ အရပ်သားစောင့်ကြည့် သူ (LCM)များနှင့် ပတ်သက်သည့် လုပ်ငန်း အကောင်အထည်ဖော်မှုများအား တင်ပြခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဟု JMC-U က စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန် ခဲ့သည်။
JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အလွန် သိမ့်မွေ့ နက်နဲတဲ့ အတွက် JMC လုပ်ငန်း တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူတွေ အနေနဲ့ ရှောင်ကျင်ရမယ့် အချက်တွေ၊ ထိလွယ် ရှလွယ် ဖြစ်စေမယ့် စကားလုံး အသုံး အနှုန်းတွေ၊ ကိုယ်ဟန် အမှုအရာတွေကို ကျနော် တို့ ထိန်းသိမ်း ရှောင်ရှား ပြီး တော့ မှ အမှန်တကယ် ငြိမ်းချမ်း ရေး ရရှိစေလိုတဲ့ ဆန္ဒအမှန်နဲ့ ပူးပေါင်း ဆောင် ရွက် သွားကြဖို့ ကျနော်အနေနဲ့ တင်ပြလိုပါတယ်”ဟု က ပြောသည်။