၂၀၁၂ ခုနှစ်မှစတင်လုပ်ကိုင်နေပြီး ယနေ့အထိ အပြီးမသတ်နိုင်သေးသော မြစ်သာရေလှောင်တမံ စီမံကိန်းအတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွက် တောင်းခံသည့် ဘဏ္ဍာငွေကျပ် ၁၄ ဒသမ ၃၇၁ ဘီလီယံဖြင့် စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ယမန်နေ့ က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့သည်။
စီမံကိန်းအတွက် အသုံးပြုငွေကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေသော မြစ်သာရေလှောင်တမံ စီမံကိန်းကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် လွှတ်တော်ကိုယ်စားလှယ် အချို့က ကန့်ကွက် ဝေဖန်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၇၆ ဦး အနက် ထောက်ခံမဲ ၂၈၂ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေမဲ ၂ မဲဖြင့် စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “စီမံကိန်းတန်ဖိုးက မူလ က ကျပ် ၅၅ ဘီလီယံ၊ နောက်တေ့ာ ကျပ် ၁၂၇ ဘီလီယံ၊ ကျပ် ၂၇၁ ဘီလီယံ၊ အခု ၃၀၄ ဘီလီယံ အထိ စီမံကိန်းတန်ဖိုးကို အကြိမ်များစွာ၊ ပမာဏများစွာ ကိုယ်ပိုင်လုပ်ငန်း တခုလို စိတ်ကြိုက်ပြောင်းလဲ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပြီး၊ အကျိုးပြု ဆည်ရေသောက် ဧကကလည်း ၁၂၀၀၀ လား၊ ၅၀၀၀ လားဆိုတာ အခုထိ သဲသဲကွဲကွဲ မသိရပါဘူး” ဟု လွှတ်တော် အစည်း အဝေးတွင် ပြောသည်။
အဆိုပါ ကိစ္စကို ခွင့်ပြုလိုက်ပါက အခြားဌာနများမှလည်း ယင်းကိစ္စရပ်မျိုး ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း၊ ထိုကဲ့သို့ ကိစ္စမျိုးအား ပြည်ထောင်စု လွှတ်တော်မှ မထိန်းကျောင်းနိုင်ပါက မည်ကဲ့သို့ အဖွဲ့အစည်းက ထိန်းကျောင်းနိုင်မလဲဆိုသည့်အပေါ် မေးခွန်းထုတ်လာ နိုင်ကြောင်း ယင်းစီမံကိန်း အဆို အတည်မပြုမီ ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော်သို့ တင်ပြခဲ့သည်။
မြစ်သာရေလှောင်တမံ စီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံငွေ ကျပ် ၁၄ ဒသမ ၃၇၁ ဘီလီယံကို ငြင်းပယ်ရန် လွှတ်တော်ကိုယ်စားလှယ် အချို့က စက်တင်ဘာ ၃ ရက်က ပြုုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ထောက်ပြဆွေးနွေးခဲ့ပြီး မဲခွဲ အဆုံးအဖြတ်ကို ယမန်နေ့က ရယူခဲ့ကြခြင်းဖြစ်သည်။
ဆိတ်ကြီး ခနောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကလည်း အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများကို အစိုးရပိုင်းဆိုင်ရာ ဦးစီးဌာန တခုက လိုက်နာမှု မရှိဘဲ ပြည်ထောင်စု အစိုးရ အဖွဲ့မှ ယင်းကိစ္စကို လွှတ်တော်သို့ တင်ပြလာခြင်းကို လွှတ်တော်ဘက်မှ မထိန်းကျောင်းနိုင်ဘဲ ဆက်လက်ဆောင်ရွက်ခြင်းမျိုးမှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ပြောသည်။
၎င်းက “လွှတ်တော်ဘက်က မှ မထိန်းကြောင်းနိုင်ရင် ဒီဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းကို ထိန်းကြောင်းနိုင်မှု အပိုင်းကတော့ မေးခွန်းထုတ် စရာ အကြီးကြီး ရှိတယ်လို့ ကျနော် ကမြင်တယ်” ဟု ပြောသည်။
စက်တင်ဘာ ၃ ရက်နေ့က ၂၀၁၈-၂၀၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံ သဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၂၈ ဦးက ဆွေးနွေးခဲ့ကြရာတွင် အဆိုပါ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယာဉ်မင်းလှိုင်နဲ့ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် တို့က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
မြစ်သာရေလှောင်တမံသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ပြင်သာကျေးရွာအနီး မြစ်သာမြစ်၌ ရေဆင်းဧရိယာ ၇ဝဝ စတုရန်းမိုင်၊ တမံအမြင့် ၂ဝ၅ ပေ၊ ကျောက်ဖြည့်တမံ(ဇုန်အမျိုးအစား) ရေလှောင်တမံဖြစ်ပြီး၂ဝဝ၂-၂ဝဝ၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၅- ၂၀၁၆ ခုနှစ်အတွင် အပြီးသတ် တည်ဆောက်ရန် လျာထားခဲ့သော်လည်း ယနေ့အထိ လက်စ မသတ်နိုင်သေးသည့် စီမံကိန်းတခုဖြစ်သည်။