ရွှေတိဂုံ စေတီတော်၏ ရွှေဖောင်းရစ်များ သက်တမ်း မကုန်မီ အရောင်မွဲလာသည့်အပေါ် ထိုစဉ်က တာဝန်ယူခဲ့သည့် ကန်ထရိုက်ကို လက်ရှိ ဂေါပက အဖွဲ့က စုံစမ်း စစ်ဆေးပေးရမည် ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ယခုလဆန်းက ပြုလုပ်ခဲ့သည့် စက်မှု ပြပွဲတခုတွင် ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ရွှေပြားဖြတ်စက် အကြောင်း ဆွေးနွေးစဉ် ရွှေတိဂုံဘုရားမှ ရွှေဆိုင်းများ သက်တမ်းမပြည့်မီ အရောင်မွဲလာခြင်းအား ပြောဆိုခဲ့ရာမှ လူမှုကွန်ရက်ပေါ်တွင် လူပြောသူပြောများလာနေပြီး ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အတည်ပြုပြောဆိုခြင်း ဖြစ်သည်။
နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်တွင် ပြုလုပ်သည့်အတိုင်း သတ္တုတွင်းနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့မှ ပညာရှင်များဖြင့် မူလရွှေပါဝင်နှုန်းနှင့် သတ်မှတ်အလေးချိန် မီ၊ မမီ ပြန်လည်စစ်ဆေးသွားမည်ကို ယခု ရွှေသင်္ကန်း အသစ်ပြန်ကပ်ချိန်တွင် ပြုလုပ်ရန်ရှိကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်ဦးက ဧရာဝတီသို့ ပြောသည်။
“(ဝန်ကြီးက) နေပြည်တော်က စက်မှုပြပွဲတခုမှာ ပြောလိုက်တာ။ ဟုတ်လည်း ဟုတ်တယ်။ ဖောင်းရစ်ကြီးက မည်းနေတာ။ အဲဒါကို ဝန်ကြီးက သူ့စိတ်ထဲမှာ သဘောမကျတော့ ပြောလိုက်တာ။ ၄ နှစ်ခံရမယ့် ရွှေက ၄ နှစ်ခံရမှာပေါ့။ ၄ နှစ် မတိုင်မီမှာ လျော့သွားတယ်ဆိုတော့ ဒီလိုမျိုးတွေ ဖြစ်တယ်ဆိုတော့ သူက စိစစ်မယ်လို့ ပြောတာ။ အရပ်သားလို ပြောရင်တော့ ဝန်ကြီးက မကျေနပ်ဘူး”ဟု ပြောသည်။
ရွှေပြားများ ပြန်လည် စိစစ်ရမည့်ကိစ္စကို ရွှေတိဂုံစေတီတော် ဘက်စုံ ဖွံ့ ဖြိုးတိုးတက်ရေး အစည်းအဝေးများတွင် ဝန်ကြီးဌာနက ညွှန်ကြားပြီး ဖြစ်ကြောင်း အမြဲတန်း အတွင်းဝန် ဦးမြင့်ဦးက ပြောသည်။
နောက်ဆုံး ရွှေသင်္ကန်း ကပ်ခဲ့ချိန်သည် ၂၀၁၄ ခုနှစ်တွင် ဖြစ်ပြီး ဂေါပကဟောင်း လက်ထက်တွင် ဖြစ်ကြောင်း၊ ၄ နှစ်တကြိမ် ရွှေသင်္ကန်း ကပ်ရမည် ဖြစ်ရာ ယခုအခါ ဝါးငြမ်းများအတွက် တင်ဒါခေါ်နေကြောင်းလည်း သိရသည်။
ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကို ပြည်သူများက မိမိတို့၏ ချွေးနည်းစာများဖြင့် လှူဒါန်းထားကြသောကြောင့် ဂေါပကအဖွဲ့က မွန်မြတ်သန့်စင်သော ဘာသာရေးစိတ်၊ သာသနာရေးစိတ်နှင့် လုပ်ဆောင်သင့်ပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့က အလွန် အရေးကြီးကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။
“အဲဒီအချိန် အဲဒီအခါက တာဝန်ယူခဲ့သူတွေက ဘယ်သူတွေ ဘယ်ဝါတွေလဲ။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တရားဥပဒေနဲ့အညီ ဖြစ်အောင် ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်အောင် ကျနော်အနေနဲ့ တိုက်တွန်းပါမယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ ဘုရားတိုင်းရှိ ဂေါပကများသည် ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ဖြင့် ဆောင်ရွက်နေသည့် လွတ်လပ်သော အဖွဲ့များ ဖြစ်ပြီး လက်ရှိတွင် ရွှေတိဂုံ ဂေါပက အဖွဲ့ဝင် ၁၅ ဦးဖြင့် ဝန်ထမ်းပေါင်း ၁၄၀၀ ခန့်ကို စီမံခန့်ခွဲ အုပ်ချုပ်လျက်ရှိကြောင်း သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
လူမှုကွန်ရက်ပေါ်တွင် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောနေကြသောကြောင့် ဧရာဝတီက မေးမြန်းရာ အမြဲတန်း အတွင်းဝန် ဦးမြင့်ဦးက “ဂေါပကက ကန်ထရိုက်ခေါ်ပြီးတော့ ရွှေသင်္ကန်းတွေ ကပ်တာပဲ။ ကျနော်တို့ ဝန်ကြီးဌာနက ဘုရားကိစ္စတွေမှာတော့ ဝင်ပြီး စွက်ဖက်ခြင်း မရှိဘူး။ ပြည်ထဲရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာပြီးတော့ အလုပ်လုပ်ရမှာပဲ”ဟု ဖြေဆိုသည်။ အသေးစိတ်ကိုမူ ရှင်းလင်းပြောဆိုခြင်း မရှိပါ။