ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အိမ်တအိမ်ကို တပ်မတော်၊ တပ်ဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ကာ အိမ်အတွင်းရှိ လူအချို့ကို ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
ပစ်ခတ်မှုမှာ စက်တင်ဘာလ ၁၁ ရက်၊ မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်နှင့် ရတနာ မြေစာပုံကြားရှိ အမှိုက်ပုံကုန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အမှိုက်ပုံကုန်းသည် ယခင်က ဒေသခံ ကချင်လူမျိုးများ အမှိုက်ပစ်ရာနေရာ ဖြစ်သဖြင့် အမှိုက်ပုံကုန်းဟု ခေါ်ပြီး အစိုးရမှ ကျောက်စိမ်းရတနာမြေ လုပ်ကွက်များ ချပေးပြီးနောက် အနယ်နယ်အရပ်ရပ်မှ ရေမဆေးကောက်သည့် အလုပ်သမားများ ရောက်လာကြရာ အမှိုက်ပုံကုန်းတွင် အိမ်များ ဆောက်လုပ် နေထိုင်ကြရာမှ ကျေးရွာတခု ကဲ့သို့ ဖြစ်လာခြင်း ဖြစ်သည်။
အမှိုက်ပုံကုန်းတွင် ရခိုင်ပြည်နယ်မှ လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရေမဆေးကျောက်ရှာဖွေသူ ဦးရေ ထောင်ဂဏန်းခန့် နေထိုင်ကြသည်။
မျက်မြင်သက်သေ တဦးက “ မနက် ၁၀ နာရီလောက် ကား ၃ စီးနဲ့ အရပ်ဝတ်နဲ့ ရောက်လာပြီး အဲ့အိမ်ကို သေနတ်တွေနဲ့ ဝိုင်းပစ်တာ။ နောက် ကားပေါ်ကိုလည်း လူတွေ ဆွဲတင်သွားတယ်။ ပါသွားတာ ရခိုင်ကလေးတွေ ပါသွားတယ်။ အထဲက လူတွေလည်း သေလား ရှင်လား မသိဘူး။ အခုတော့ အဲ့ပစ်ခံရတဲ့ အိမ်ကို စစ်သားတွေက ပိတ်ထားတယ်”ဟု ပြောသည်။
ထိုမျက်မြင်သက်သေသည် ရခိုင်ပြည်နယ်ဇာတိဖြစ်ပြီး ဖားကန့်မြို့တွင် ရေမဆေးကျောက်လာရောက် ရှာဖွေ နေသူတဦး ဖြစ်သည်။
၎င်းက ဆက်၍ “ဒီနားမှာ ကျနော်တို့ ရခိုင်တွေချည်းပဲ နေတာ။ ဒီလို လာပစ်သွားတော့ ကျနော်တို့ အကုန် တုန်လှုပ် နေကြတာ။ လူတွေက ထွက်ပြေးရမလို ဖြစ်နေတယ်။ ကိုယ့်အိမ်ကို ဘယ်နေ့ သေနတ်နဲ့ လာပစ်မလဲ။ ကိုယ့်မှာ ဘာအပြစ်ရှိလို့လဲ။ ကျောက်ရှာတာ တခုပဲ ရှိတာ။ ကျောက်ရှာနေတာကို ပစ်တယ်ဆိုတော့ တခြား လူတွေလည်း ကျောက်ရှာတာကို ပစ်တာလားဆိုပြီး ကြောက်နေကြတယ်”ဟု ပြောသည်။
အမှိုက်ပုံကုန်းတွင် နေထိုင်သူ အချို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ စက်တင်ဘာလ ၁၁ ရက်တွင် ဝင်ရောက် ပစ်ခတ်ရခြင်း အကြောင်းရင်းကို မသိကြောင်း၊ ပစ်ခတ်သူများမှာလည်း အရပ်ဝတ်များဖြင့် ဖြစ်သဖြင့် မည်သူများ ဟူသည်ကို မသိကြောင်း၊ ကားပေါ် ဆွဲတင်ခံသွားရသည့် လူငယ်များမှာလည်း တကိုယ်တည်း အလုပ်လာလုပ်သူများ ဖြစ်သဖြင့် ၎င်းတို့အတွက် တာဝန်ခံပြီး ရဲတိုင်ကြားခြင်းနှင့် စုံစမ်းခြင်းများလည်း မရှိကြပါဟု ပြောဆိုကြသည်။
ဧရာဝတီကို ဖြေကြားသူများက အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ၎င်းတို့ အမည်ကို မသုံးရန်လည်း ပြောသည်။
အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၏ ပြောဆိုချက်အရ အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ဖားကန့်မြို့တွင် ရေမဆေးကျောက် လာရောက် ရှာဖွေနေသူများ ၂ သိန်းကျော်ခန့် ရှိသည်ဟု သိရသည်။
ဖားကန့်မြို့နယ်တွင်း စက်တင်ဘာလ ၁၁ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သတ်၍ ဖားကန့်မြို့နယ်၊ ရဲတပ်ဖွဲ့ကို မေးမြန်းရာ မသိရှိကြောင်း ပြောဆိုပြီး ထိုကိစ္စမှာ တပ်မတော်နှင့် ဆိုင်သဖြင့် တပ်မတော်ကိုသာ မေးရန် ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်မှုများ နှင့် ပတ်သတ်၍ သတင်းထုတ်ပြန်ချက်တစောင် ထုတ်ပြန်ထားပြီး ထိုထဲတွင် ဖားကန့်မြို့နယ်၊ ရတနာမြေလုပ်ကွက်များ အတွင်း အဓမ္မဆက်ကြေး ကောက်ယူနေမှုများ ရှိသည်ဟူသည့် သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ရတနာမြေပုံအနီးအရောက်တွင် အကြမ်းဖက် သောင်းကျန်း သူများက လက်နက်ငယ်ဖြင့် ၄ ချက် စတင်ပစ်ကြောင်း၊ တပ်မတော်ဘက်မှ ပြန်ပစ်ရာ ၄ ဦး ထွက်ပြေးသွားပြီး ၃ ဦးကို အရှင်ဖမ်းမိ လိုက်သည်ဟု ရေးသားထားသည်။
ဖမ်းမိသည့် ၃ ဦးမှာ AA ( ရက္ခိုင့်တပ်မတော်) တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုထားပြီး တပ်မတော်၏ သတင်း ထုတ်ပြန်ချက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများဟု သုံးနှုန်းထားသည်။
ဖမ်းမိသည့် ရခိုင်လူငယ် ၃ ဦးမှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရန်ကြီးကန်ကျေးရွာမှ စံရွှေသာ၊ မင်းပြား မြို့နယ်၊ ကြမ်းတိုက်ကျေးရွာမှ သန်းနိုင်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာမှ ဝင်းစိုးတို့ ဖြစ်ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ ၃ဦးက ဆက်ကြေးများ လိုက်လံ ကောက်ကာ အဖွဲ့ခေါင်းဆောင် လှသိန်းထံတွင် အပ်နှံရသည်ဟုလည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက် တွင် ရေးသားထားသည်။
ထို့ပြင် အဖွဲ့ခေါင်းဆောင် လှသိန်းအပါအဝင် ထွက်ပြေးသွားသူ ၄ ဦးကိုလည်း လိုက်လံဖမ်းဆီးနေပြီး ဖားကန့် ဒေသအတွင်း အကြမ်းဖက် သောင်းကျန်းသူများ ဆက်ကြေး အဓမ္မကောက်ခံမှု မရှိစေရန် လုံခြုံရေးတိုးမြှင့်သွား မည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
AA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က “ ဒါက သက်သက်စွပ်စွဲချက်ပဲ။ ဖားကန့်ဒေသဆိုတာ ရက္ခိုင့်တပ်မတော်ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိတဲ့ နေရာမဟုတ်ဘူး။ ဗမာ့တပ်မတော်ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိနေတဲ့ နေရာ။ ရခိုင်တွေကို အကုန် AA ဆိုပြီး သတ်မှတ်ပြီး ကောင်းကောင်းမွန်မွန် လုပ်စားနေတဲ့ ရခိုင်လူငယ် တွေကို သက်သက် အနိုင်ကျင့်တာ”ဟု ပြောသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်မှာ မမှန်ကန် ကြောင်း၊ ဖားကန့်မြို့နယ်တွင်း ပစ်ခတ်ဖမ်းဆီးသွားသည့် ရခိုင်လူငယ် ၃ ဦးမှာလည်း AA တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ငြင်းဆိုကာ ရခိုင်လူထုကို စွပ်စွဲပြီး ပစ်ခတ်ဖမ်းဆီး သည်ကို AA အဖွဲ့ အနေဖြင့် သည်းခံမည် မဟုတ်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
ဦးခိုင်သုခက “အိမ်တဆောင်ကို ဘာဝရမ်းမှ မရှိပဲ ဝိုင်းပြီး သေနတ်နဲ့ ပစ်တယ်ဆိုတာ အစိုးရတရပ်ရဲ့ လုပ်ရပ် မဟုတ်ဘူးဗျ။ လူရမ်းကားတွေ။ တဖက်က ပြောရင် ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ”ဟု လည်း ပြောသည်။
ဧရာဝတီမှ ဖားကန့်မြို့၊ ပြည်နယ်လွှတ်တော်အမတ် ဦးဒါရှီလဆိုင်းကို မေးမြန်းရာ ထိုပစ်ခတ်မှုနှင့် ပတ်သတ်၍ သတင်းအချက်အလက်များ အတိအကျ မသိရှိပါဟု ပြောသည်။
ဖားကန့်မြို့နယ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားချက်အရ အထူးဝိသေသနယ်မြေတခုဖြစ်သဖြင့် ပြည်ထောင်စုမှ တိုက်ရိုက်ကိုင်တွယ်ကာ တပ်မတော်က ကာကွယ်ရေးပိုင်းကို တာဝန်ယူပြီး ဖားကန့်မြို့နယ်တွင် တပ်ရင်း ၉ ရင်းခန့် ရှိကြောင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်ရေးများပြုလုပ်ပြီး နယ်မြေလုံခြုံရေးအတွက် တပ်မတော် က အစစအရာရာ ထိန်းကျောင်းလုပ်ဆောင် နေသည်ဟုလည်း ဦးဒါရှီလဆိုင်းက ဆိုသည်။