သတင်း

မွန်ပြည်နယ်က မြို့ဝင်ကြေး ကောက်သည့် ဂိတ်များ ရုပ်သိမ်းပေးရေး အဆိုတင်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးတွင် စည်ပင်သာယာရေး အဖွဲ့၏ မြို့ဝင်ကြေး ကောက်ခံနေသော ဂိတ်များ ရုပ်သိမ်းပေးရန် အဆိုကို ဆွေးနွေးရန် မွန်ပြည်နယ် လွှတ်တော်မှ လက်ခံလိုက်ကြောင်း သတင်းရရှိသည်။

စည်ပင်သာယာမှ မြို့ဝင်ကြေး ကောက်ခံနေသော ဂိတ်များကို လာမည့် ဘဏ္ဍာရေးနှစ်မှ စ၍ ရုပ်သိမ်း ပေးရန် တိုက်တွန်းကြောင်း အဆိုကို စက်တင်ဘာ ၁၂ ရက်၌ ကျင်းပခဲ့သည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ပထမနေ့) တွင် သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦး အောင်ကျော်သူက တင်သွင်းခြင်း ဖြစ်သည်။

ရန်ကုန်-မော်လမြိုင် ကားလမ်း ဖြစ်သော ကျိုက်ထိုမှ မော်လမြိုင်ထိကို ရွှေသံလွင် ကုမ္ပဏီမှ လည်းကောင်း မော်လမြိုင်-ရေး ကားလမ်း၊ မော်လမြိုင်မှ သံဖြူဇရပ် အထိ AK ကုမ္ပဏီမှ လည်းကောင်း B.O.T စနစ်ဖြင့် လမ်း၊ တံတားကြေး ကောက် ခံနေသည့် အဝေးပြေး လမ်းပေါ်၌ မြို့နယ် စည်ပင်သာယာရေး အဖွဲ့က မြို့ဝင်ကြေးများ ထပ်မံ ကောက်ခံခြင်းမှာ ခရီးသွား ပြည်သူများအား စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ၎င်းက ဆိုသည်။

ဦးအောင်ကျော်သူက “ကုမ္ပဏီတွေကို လမ်းအသုံးပြုခ ပေးဆောင်နေရ သလို အဲဒီ လမ်းပေါ်မှာပဲ စည်ပင်က ကောက်တဲ့ မြို့ဝင်ကြေးကို ထပ်မံပေးဆောင်နေရတာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်နယ် အစိုးရ အနေဖြင့် အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ အခွန်ပေးဆောင်ရမည့် လုပ်ငန်းရှင်များထံမှ စနစ်တကျ ကောက်ခံခြင်းဖြင့် ဖြေလျော့မှု ပေးနိုင်မည့် ကိစ္စများတွင် ကောင်းစွာ ဖြေလျော့နိုင်မည်ဟု ၎င်းက ဆက်လက် ဆွေးနွေး သွားသည်။

“ကျောက်ထုတ် လုပ်ငန်းများမှ အမှန်တကယ် ထုတ်လုပ်နေတဲ့ ပမာဏများကို စာရင်း အတိအကျ ကောက်ယူပြီး အခွန် အခများကို ပေးဆောင်စေပါက ယခု တင်ပြပါ မြို့ဝင်ကြေး ဂိတ်များမှ ရရှိတဲ့ ငွေပမာဏထက် ပိုများတဲ့ ဝင်ငွေတွေ ရရှိမှာ အမှန် ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သူက ဖြေလျော့ပေးနိုင်မည့် နည်းလမ်းအား ထောက်ပြ ပြောဆိုသည်။

ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်း ကလည်း ယင်း အဆို နှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်မှ လက်ခံ ဆွေးနွေးသင့်ကြောင်း တင်ပြခဲ့သည်။

မွန်ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး ကလည်း အဝေးပြေး လမ်းမပေါ်တွင် B.O.T စနစ်ဖြင့် လမ်း၊ တံတားကြေး ကောက်ခံမှု အပြင်၊ စည်ပင်သာယာမှ မြို့ဝင်ကြေးများ ထပ်မံ ကောက်ခံခြင်းမှာ ပြည်သူများ အခွန် ၂ ကြိမ် ထမ်းဆောင်နေရသည့် ပုံစံဖြစ်နေ၍ ဂိတ်များ ရုပ်သိမ်းသင့်ကြောင်း သတင်း မီဒီယာများအား ပြောဆိုသည်။

ဦးအောင်နိုင်ဦး က “အဝေးပြေး လမ်းပေါ်မှာ ခရီးသည်ကားတွေ မြို့ထဲမဝင်သော်လည်း မြို့ဝင်ကြေးများ ပေးဆောင် နေရတယ်” ဟု ပြောသည်။

စည်ပင်သာယာမှ ကောက်ခံလျက် ရှိသော မြို့ဝင်ကြေး အနေနှင့် ယာဉ်အသေး ၂၀၀ ကျပ်နှင့် ယာဉ်အကြီး ၃၀၀ ကျပ် စသဖြင့် ပေးရကြောင်းနှင့် မွန်ပြည်နယ် အတွင်း မြို့နယ် ၁၀ မြို့နယ် ရှိသည့်အတွက် အဝင်/အထွက် အတွက် မြို့ဝင်ကြေး ဂိတ် ၂၀ ခန့် ရှိနေကြောင်းကို ဒေသခံတချို့က ဆိုသည်။

မော်လမြိုင်မြို့ စက်မှုဇုန် နယ်မြေမှ ကိုဇော်ဟန် က “အကောင်းဆုံးကတော့ ဖျက်သိမ်းတာကို ကျနော်တို့က ထောက်ခံ တယ်။ ကညန (ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန) ဝင်တဲ့ အချိန်မှာ တခါတည်း အပြီးကောက်ပေါ့။ အဲဒီလို မျိုးပဲ လုပ်စေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။

ယခုလ ၄ ရက်နေ့ကတော့ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို အဓိကဆက်သွယ်ထားသည့် ရန်ကုန်- ပုသိမ်ကားလမ်းပေါ်ရှိ လမ်းကြေး ကောက်ခံသော ဂိတ်အားလုံးကို ပိတ်သိမ်းခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်- ပုသိမ် လမ်းအသုံးပြုခကောက်ခံနေသည့် ဂိတ်အားလုံး ပိတ်သိမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading