မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း (Precursor) များ နယ်စပ်ဒေသရှိ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များမှ ဝင်ရောက်လာမှုကို ဖမ်းဆီးစစ်ဆေးနိုင်မှုများ ထိန်းချုပ်နိုင်မှု အားနည်းနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။
ဗိုလ်ချုပ်အောင်သူ က “နယ်စပ်ဝင်ပေါက် ထွက်ပေါက် များကို အပြည့်အဝ ထိန်းချုပ်ရန် ခက်ခဲတဲ့အတွက် ပီကာဆာများ (မူးယစ်ဆေးဝါး ချက်လုပ် အသုံးပြုသည့် နေရာတွင် ပါဝင်သည့် ပစ္စည်း) ဝင်ရောက်မှုကို အပြည့်အဝ မထိန်းချုပ်နိုင်သဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာလည်း စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး ၊ မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ရာဘ (ခေါ်) စိတ်ကြွဆေး ပြား မူးယစ်ဆေးပြားများကို မြန်မာနိုင်ငံ၏ နေရာ ဒေသ အနှံ့အပြာ၌ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော အခြေအနေဖြစ်အောင် ဖန်တီးလုပ်ဆာင်မှုများအား ထိရောက်စွာ တားဆီးနှိမ်နှင်းရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနမှ မော်တော်ယာဉ်များ၏ အိတ်ဇော၊ တံခါး၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံ၊ တာယာနဲ့ ကြမ်းခင်းတို့ကို စစ်ဆေးနိုင်သည့် တစ်လက်မ (၂ မီလီမီတာ) ထုအား ဖောက်ထွင်း စစ်ဆေးနိုင်သည့် ခေတ်မှီလက်ကိုင် စစ်ဆေးရှာဖွေရေးကိရိယာ ၇ ခုကို မူးယစ်ဆေးဝါး သယ်ဆောင်ရေးလမ်း ကြောင်းပေါ်ရှိ စစ်ဆေးရေးစခန်းများတွင် ၂၀၁၈ ခုနှစ် သြဂုတ်လမှ စတင်ပြီး တပ်ဆင် အသုံးပြုလျက်ရှိကြောင်း၊ ကုန်တင်ကားကြီးများအား တစီးလုံးစစ်ဆေးနိုင်သည့် x – ray စက်ကြီးများကိုလည်း တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ ဝန်ကြီးက ပြောသည်။
ထိုသို့ ဝန်ကြီးဌာန၏ ပြန်လည် ဖြေကြားမှု အပေါ်ကို ဦးထွန်းထွန်းဦးက “ ခါတိုင်းလို ဖမ်းဆီးရုံနဲ့ မရပါဘူး။ အထူးစီမံချက်အနေဖြင့် နှိမ်နှင်းပါဆိုပြီးတော့ မေးခွန်းထဲမှာကို တိုက်တွန်းတဲ့ သဘော ပြောသွားတယ်။ သို့သော်လည်း ခါတိုင်းဖြေနေကျ အဖြေ အတိုင်းပဲ သူတို့လုပ်တာကိုပဲ ပြောသွားတော့ အားရ ကျေနပ်မှု မရှိဘူး” ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကိုပြောသည်။
ထိုကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ်၊ နယ်လုံ ဝန်ကြီးများနှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား မေးမြန်း၍ ဥပဒေ အညီ ဆောင်ရွက်ရန် ကိစ္စရပ်များကို ၎င်းတို့နှင့် ပူးပေါင်း၍ နေရာဒေသ အနှံ့အပြားတွင် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူ ရရှိနေမှု အခြေအနေများကို လျော့နည်းစေရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးထွန်းထွန်းကပြောသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက “ လွှတ်တော်မှာသာ ဒီလိုပြောတာ မြေပြင်မှာတော့ လိုအပ်ချက်က အများကြီးရှိတယ်။ အားရစရာမရှိဘူး။ ပြောမယ်ဆိုရင် ကြောင်ကအနည်းစု ဖြစ်ပြီး၊ကြွက်က အများစု ဖြစ်နေတယ်၊ တချို့ပြည်နယ် ကိုယ်စားလှယ်တွေက ပြောမယ်ဆိုရင်တောင် သူတို့အိမ်တွေ မီးရှို့မှာစိုးလို့ မပြောရဲတာမျိုးတွေအထိ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြသည့် ပရီကာဆာ ဓာတုပစ္စည်းများအပြင် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာကို နယ်စပ် ဝင်ပေါက်များမှ ဝင်ရောက်မှုကို တပ်မတော်၊ နယ်စပ်ကုန်သွယ်ရေး၊ အကောက် ခွန်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ်အတွင်း ပရီကာဆာနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖမ်းဆီး ရရှိမှု ၂၇ မှု၊ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၂ သိန်းကျော်သိမ်းဆည်းမိသည်ဟု သိရသည်။
ယခု နောက်ပိုင်း ခေတ်ကာလ ပြောင်းလာသည်နှင့် အမျှ မူးယစ်ဆေးဝါးသုံးစွဲသူများ မြှင့်တက်လာရခြင်းမှာ ဆေးပြားရိုက်စက်များအား သေးငယ်ကျစ်လစ်အောင် ဖန်တီးလာနိုင်ကြောင်း၊ ဆေးပြားချက်လုပ်ရာမှာ အသုံးပြုသည့် ဓာတု ပစ္စည်းများကို အလွယ်တကူ ရရှိခြင်းတို့ကြောင့် ဆေးပြားများကိုလည်း နေရာဒေသ မရွေး အလွယ်တကူ ဝယ်ယူရရှိမှုများ ရှိနေကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ထောင်ကျခြင်း ခံရဖူးသူ အသက် ၂၂ နှစ် အရွယ်ရှိသူ ကိုနောင်နောင်လတ်က “ ကျနော်စသုံးမိတာက စမ်းကြည့်မယ်ဆိုပြီး စသုံးတာ၊ အဲ့ဒီကနေ စွဲသွားတာပဲ။ နောက်ပိုင်း ပိုက်ဆံရဖို့ဆို မကောင်းတာရော၊ ကောင်းတာရော လုပ်ဖို့ မကြောက်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ် UNODC ၏ အစီရင်ခံစာ အရ ၂၀၁၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၅၅၅၀၀ ဟက်တာရှိရာမှ ၂၀၁၇ ခု နှစ်တွင် ၄၁၀၀၀ ဟက်တာအထိ ကျဆင်းခဲ့သဖြင့် ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဘိန်းထုတ်လုပ်မှုမှာ ၂၀၁၅ ခုနှစ်မှာ ၆၄၇ မက်ထရစ်တန်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၅၅၀ မက်ထရစ်တန်သို့ ကျဆင်းခဲ့သဖြင့် ၁၄ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု သိရသည်။