သတင်း

ပလတ်စတစ် ထိုင်ခုံ အလှူခံသည့် လဝက အရာရှိ နယ်ပြောင်း ခံရ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားသူထံမှ ပလတ်စတစ် ထိုင်ခုံ လှူဒါန်းရန် တောင်းခံသဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် လဝက ဦးစီးမှူးကို နယ်ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန (လဝက) ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောကြားခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘူးသီးတောင် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ လဝက ဦးစီးမှူးသည် ဒေသခံများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရာတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်ပြီး တံစိုး လက်ဆောင် တောင်းခံခြင်းအား အရေးယူရန် အစီအစဉ် ရှိ မရှိ မေးခွန်း အပေါ် ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး က “မြို့နယ် ဦးစီးမှူးကို နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ အရ အပြစ် ဖော်ပြ မှတ်တမ်းတွင် လက်မှတ် ရေးထိုးစေခဲ့ပြီး စီမံခန့်ခွဲရေး နည်းလမ်း အရ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ရုံးအမိန့် ထုတ်ပြန်ပြီး ဒေ သ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ မဖြစ်စေရေး အတွက် ဝန်ထမ်း အဆင့်ဆင့်ကို မှာ ကြား ထားပြီး ဌာနအနေနဲ့ အလေးထား ကြပ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု လည်း ပြောသည်။

ယင်းကိစ္စ အပေါ် ဌာနတွင်း စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များ အရ ၂၀၁၈ ခုနှစ် မေလ ၈ ရက်က နိုင်ငံ သား စိစစ်ရေး ကတ်ပြား လာရောက် လျှောက်ထားခဲ့သူ မောင်ကိုဇော်ဦး က မြို့နယ်မှူး၏ ပြောကြားချက် အရ ရပ်ဝေးမှ ကတ်ပြား လျှောက်ထားသူများ အဆင်ပြေစွာ နားနေနိုင်ရေးအတွက် ပလတ်စတစ်ထိုင်ခုံ နှစ်လုံးပေးအပ်ခဲ့မှု ပြုလုပ်ခဲ့ ကြောင်း၊ ယင်း ပလတ်စတစ် ထိုင်ခုံ နှစ်လုံးကို မြို့နယ်မှူးက လက်ခံပြီး ရုံးတွင် ထားရှိခဲ့သဖြင့် လုပ်ထုံးလုပ်နည်း မှားယွင်း ကြောင်း တွေ့ရှိခဲ့၍ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခဲ့ကြောင်း ဝန်ကြီးက ရှင်းလင်း ပြောဆိုသည်။

နိုင်ငံအနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းကို အလေးထား ဆောင်ရွက်နေကြောင်း၊ ဌာန ဝန်ထမ်းများ အနေဖြင့် မိမိလုပ်ပိုင်ခွင့်ကို အလွဲသုံးစား ဆောင်ရွက်ခြင်း၊ တံစိုးလက်ဆောင် တောင်းခံခြင်းများ ရှိပါက လွှတ်တော် ကိုယ် စားလှယ်များကို တိုင်ကြားနိုင်ပြီး အပြစ်ရှိသူများကို နိုင်ငံ့ ဝန်ထမ်း နည်းဥပဒေ၊ ဥပဒေနှင့် အညီ ထိရောက်စွာ ဆက် လက် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

ဘူးသီးတောင် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက လဝက ဦးစီးမှူးသည် လာဘ်ပေး လာဘ်ယူမှု ပြုလုပ်ခဲ့သည့် အ တွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရန် ရှိ မရှိ ထပ်မံ မေးမြန်းခဲ့သော်လည်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က ယင်းမေးခွန်းသည် ဝန်ကြီးဌာနနှင့် တိုက်ရိုက် မသက်ဆိုင်သဖြင့် ဖြေကြားရန် မလိုကြောင်း တားမြစ်ခဲ့သည်။

ထို့ပြင် ဘူးသီးတောင် မြို့နယ်၌ ဒေသခံ တိုင်းရင်းသားများက နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ရာတွင် မြို့နယ် လဝက ရုံးသို့ ထိုင်ခုံ နှစ်လုံး ပေးရသည်ဟု ဆိုပြီး လာရောက် တိုင်ကြားမှုများ ရှိကြောင်း၊ အများအမြင်တွင် ရုံးသို့ ထိုင်ခုံလှူဒါန်းသည် ဟု ထင်မြင်စရာ ရှိသော်လည်း အမှန်တကယ်တွင် မှတ်ပုံတင် လျှောက်ထားသူများထံမှ လာဘ်ငွေရယူရန် တဖက်လှည့်ဖြင့် ထိုင်ခုံများကို တောင်းခံနေခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ဆွေးနွေးသွားသည်။

“ခုံပေးတာကလည်း ဆိုင်မှာ ဘောက်ချာပဲ ယူလာတယ်။ ဘောက်ချာကို သူတို့ကို ပြလိုက်ရင် ပြီးပြီ။ တနေ့ကို လူဆယ် ယောက် ဆိုရင် နှစ်သိန်းလောက် ဖြစ်ပြီ။ ဒီလိုမျိုးတွေ အများကြီး လုပ်နေတာ ရှိတယ်။ ဒါဟာ လာဘ်ပေး လာဘ်ယူမှုပဲ။ ကြည့်လိုက်ရင် ဒါက ခုံယူတယ်လို့ မြင်လိမ့်မယ်။ အမှန်က ပိုက်ဆံယူနေတာ။ အဲဒါက တယောက် မဟုတ်ဘူး။ နေ့တိုင်း လုပ်နေတာ”ဟု ဦးအောင်သောင်းရွှေ က ပြောသည်။

အဆိုပါ လုပ်ရပ်သည် အဂတိ လိုက်စားမှု မြောက်သည့် အတွက် ၎င်းအနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မ ရှင်သို့ တိုင်ကြားခဲ့သော်လည်း ဝန်ကြီးဌာန၏ အရေးယူ စစ်ဆေးမှု မပြီးပြတ်သေး၍ ကော်မရှင်မှ အရေးယူ ဆောင်ရွက်နိုင် ခြင်း မရှိသေးကြောင်း အကြောင်းပြန်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ယင်းကိစ္စ အပေါ် ဒုတိယ အကြိမ် တိုင်ကြားမှုလည်း ပြုလုပ်ခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ၏ အရေးယူမှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဦးအောင်သောင်းရွှေက ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ကော်မရှင် အနေဖြင့် သက်သေ၊ အထောက် အထား ခိုင်လုံစွာ တင်ပြ တိုင်ကြားသည့် လာဘ်ငွေ ပမာဏ များပြားသော အမှုများကို စုံစမ်းစစ်ဆေး အရေး ယူကြောင်း၊ သို့ရာတွင် တိုင်ကြားစာပါ သက်သေ အထောက်အထား နည်းပါးမှု၊ လာဘ်ငွေပမာဏ နည်းပါးမှု စသော အချက်များ အပေါ် မူတည်၍ ကော်မရှင်က မဆောင်ရွက်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမှုများလည်း ရှိ ကြောင်း ဧရာဝတီကို ပြောပြသည်။

ဦးကျော်စိုး က“ဒီဟာနဲ့ ပတ်သက်ပြီး မှန်တော့ မှန်နိုင်တယ်။ သက်သေခံ အထောက်အထားက နည်းနေတယ်။ ငွေကြေး ပမာဏ အရမ်းနည်းတဲ့ ဟာမျိုးဆိုရင် သက်ဆိုင်ရာ ဝန်ကြီး ဌာနကို လွှဲပါတယ်။ ကျနော်တို့ ဥပဒေ အရ ခက်ခဲတဲ့ ဟာမျိုး ဆိုရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနကို လွှဲပါတယ်”ဟုလည်း ပြောသည်။

အဆိုပါ လဝက ဦးစီးမှူးသည် ဘူးသီးတောင် မြို့နယ်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှ စတင် တာဝန် ထမ်း ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် နယ်ပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ်သည်။

ရခိုင် ပြည်နယ်တွင် တိုင်းရင်းသား မဟုတ်သူများကို ကမန် တိုင်းရင်းသား ခေါင်းစဉ်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ် ပေးနေခြင်းများ ရှိကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေ အရသာ ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောကြားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading