ယခင် ရက်သတ္တပတ်က ရာသီတုပ်ကွေးဖျား ရောဂါကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ် အတွင်း ကလေးငယ် ၇ ဦး သေဆုံးခဲ့ရပြီးနောက် ကျန်ကူးစက်ခံရသူများမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာကြပြီဟု သိရသည်။
စတင် ဖြစ်ပွားခဲ့သည့် ကာလမှ ရက်သတ္တပတ် သုံးပတ်အတွင်း သေဆုံးခဲ့ရသည့် ကလေးများမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော လန်းပန်း ကျေးရွာ၊ ဟချွန်းဆာရွာနှင့် ရှန်ဟဲပေါ်ကွန်ရွာတို့မှ ဖြစ်သည်။
ယင်းကျေးရွာများသို့ မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများနှင့် ကျန်းမာရေး စေတနာ့ ဝန်ထမ်းများနှင့် တပ်မတော် ဆေးတပ် တို့ထံမှ ဆေးဝါး အထောက်အကူများ ပို့ဆောင် ကုသပေးသည့် အတွက် ယင်းကျေးရွာများတွင် ရောဂါ ထိန်းချုပ်နိုင်သည့် အခြေအနေ ရှိနေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ရုံးတို့က ဧရာဝတီသို့ ပြောဆိုသည်။
စက်တင်ဘာလ ပထမ ပတ်အတွင်း နန်းယွန်းမြို့နယ်ရှိ ဟချွန်းဆာ ကျေးရွာမှ ၁ လသား ကလေးငယ် တဦးနှင့် ၁ နှစ်သား ကလေးငယ် တဦး၊ ရှန်ဟဲပေါ်ကွန် ကျေးရွာမှ ၁ လသား ကလေးတဦးတို့ ထပ်မံ သေဆုံးခဲ့ပြီးနောက် ကျန်းမာရေး စောင့် ရှောက်မှုများ ပိုမို ဆောင်ရွက်ပေးလာသည့် အတွက် ကျန်းမာရေး အခြေအနေ တိုးတက်လာခြင်း ဖြစ်ကြောင်း နန်းယွန်း မြို့နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင် ယောင်းဝါက ပြောသည်။
လန်းပန်းကျေးရွာတွင် တရွာလုံး ရာသီတုပ်ကွေး ဒဏ်ခံရပြီး သြဂုတ်လကုန်ပိုင်းက ကလေး ၄ ဦး သေဆုံးခဲ့ရ သကဲ့သို့ပင် ရှန်ဟဲပေါ်ကွန် ကျေးရွာ တရွာလုံး တုပ်ကွေးဖျားရောဂါ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
တုပ်ကွေးမိနေသည့် ရွာသားများ၏ ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ လည်ချောင်းနာခြင်း နှင့် နှာခေါင်း သွေးလျှံခြင်းတို့ ဖြစ်သည်။
ဦးစိမ်းမောင် က “ဖျားနေတဲ့ ကလေးတွေကတော့ လုံးလုံးလျားလျား နာလန် မထူသေးပေမယ့် သူတို့မှာ ကုသမှု ရနေ ပါတယ်။ အသက် အန္တရာယ် စိုးရိမ်ရတဲ့ ဘေးက ကျော်လွန်ပါပြီ” ဟု ပြောသည်။
နိုင်ငံတဝန်းရှိ အခြားမြို့ရွာ အများအပြားတွင် ထိုကဲ့သို့ ရာသီအလိုက် ဖျားနာမှုများကို ကုသပေးခြင်းဖြင့် ပျောက်ကင်းနိုင် လေ့ ရှိသော်လည်း ဝေးလံခေါင်ဖျားသည့် ဒေသများ အတွက်မှာမူ တုပ်ကွေးဖျားရောဂါမှာ အသက်ဘေး အထိ ခြိမ်းခြောက် နေသည့် အခြေအနေ ရှိနေဆဲ ဖြစ်သည်။
ယင်းဒေသများတွင် လမ်းပန်း ဆက်သွယ်ရေး မကောင်းသဖြင့် နှစ်စဉ်လိုလို တုပ်ကွေးရာသီ အဖျားကဲ့သို့ ဖျားနာမှုများ ဖြစ် လာပါက စိုးရိမ်ရသည့် ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးရုံးမှ တာဝန်ရှိသူများက ကျေးရွာများဆီသို့ ကျန်းမာရေး ဝန်ထမ်းများ စေလွှတ်ပြီး အရေးပေါ် တုံ့ပြန် ကုသမှုပေးနေကာ ရာသီတုပ်ကွေး ခံစားနေရသော နန်းယွန်းမြို့နယ်ရှိ ကျေးရွာ နှစ်ရွာတွင် အသေ အပျောက် စာရင်းမှာ ၅ ဦး ရှိသည်ဟု ဆိုသည်။
အဆိုပါ ဒေသတွင် စားနပ်ရိက္ခာ ရှားပါးခြင်းကလည်း ရာသီဥတု ကြမ်းတမ်းလွန်းသည့် အချိန် ရောဂါတခုခု ဖြစ်လာပါက ရောဂါ အခြေအနေ ပိုမို ဆိုးဝါး ပြင်းထန်လာစေသည် ဟု နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးရုံး ဒု ညွှန်ကြားရေးမှူး ဦးသန်းထွေး က ပြောသည်။
“လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ အတွက် ရောဂါဖြစ်ပွားနေတဲ့ ရွာတွေကို ကျနော်တို့ ချက်ချင်း မရောက်နိုင်ပါဘူး။ ကျန်းမာရေး ပြဿနာ ပေါ်တယ်လို့ သတင်းကြားကြားချင်းတော့ ကျနော်တို့ တုံ့ပြန် ကူညီ ဆောင်ရွက်ပါတယ်” ဟု ၎င်းက ဆိုသည်။
နာဂဒေသတွင် ၂၀၁၆ ခုနှစ်က ဝက်သက် ရောဂါ ဖြစ်ပွားမှုကြောင့် ကလေးငယ် အများအပြား အသေအပျောက် ရှိခဲ့သည်။
အဆိုပါ ဝက်သက် ရောဂါ ဖြစ်ပွားမှုကြောင့် တရားဝင် သေပျောက်နှုန်းမှာ ၄၁ ဦးသာ ရှိသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော် လည်း ကလေး အယောက် ၈၀ ကျော် သေဆုံးခဲ့ရကြောင်း သတင်းများက ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – နာဂဒေသတွင် ရာသီတုပ်ကွေးဖျားကြောင့် ကလေး ၄ ဦးသေဆုံး
စိတ်ချရတဲ့ အနေအထားကို ရောက်နေပြီ