နေပြည်တော်တွင် လွှတ်တော် တက်ရောက်သည့် ကိုယ်စားလှယ်များ၏ နေရေးထိုင်ရေးနှင့် ပတ်သက်ပြီး ယမန်နေ့ က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးကြောင်း သတင်းရရှိသည်။
နိုင်ငံတော် အင်္ဂါစဉ်တွင် နံပါတ် ၅ နေရာ ရယူထားသည့် ပြည်သူ့လွှတ်တော် ဥက္ကဌ ရာထူး အဝန်းအဝိုင်းရှိ လွှတ်တော် ကိုယ်စားလှယ် များသည် နေပြည်တော်၌ လွှတ်တော်လာတက်ပါက စည်ပင်ဧည့်ရိပ်သာ ၂ ဟု အများသိကြသော နေရာ တွင် တလ ကျပ် ၁ သိန်းခွဲ အခန်းခပေးပြီး နေကြရခြင်းသည် အဆင်မပြေကြောင်း ကိုယ်စားလှယ် တချို့က ပြောသည်။
ကိုယ်စားလှယ်တဦးသည် အနံ ၁၂ ပေ၊ အလျား၂၅ ပေခန့်ရှိ အခန်းတခန်းစီ ရရှိထားပြီး ယခုနောက်ပိုင်းတွင် အဲကွန်း၊ ဘိုထိုင် အိမ်သာများ တပ်ဆင်ပေးလာသော်လည်း သာမန် အစိုးရ ဝန်ထမ်းတဦးကို ပေးထားသည့် အခန်းတခန်းထက် အဆင့် မမီကြောင်း စက်တင်ဘာ ၁၂ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ရခိုင် အမျိုးသား ပါတီ (ANP) က လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဆွေးနွေး ပြောဆိုသည်။
ပြည်သူ့ လွှတ်တော်တွင် လွှတ်တော်အခွင့်အရေး ကော်မတီ၏ အစီရင်ခံစာ နှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ ဦးဖေသန်း က ထည့်သွင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။
“အများက ကြည်ညို လေးစားထိုက်သော ပုဂ္ဂိုလ်များကို မိဘမဲ့ကလေးများလို စည်ပင် တည်းခိုဆောင်မှာ အခန်းငှား ဘဝ နဲ့ ရေရှည် အပ်နှံမထားသင့်ပါ”ဟု လွှတ်တော်တွင် ဦးဖေသန်းက ပြောဆိုသည်။
လွှတ်တော် အစည်းအဝေး ပြီး၍ တရက်ပိုနေပါက ပိုနေသည့် တရက်စာ ပေးရမည်ဟု ထိုစည်ပင် အခန်းများကို စီမံ ခန့်ခွဲ ရသော နေပြည်တော် စည်ပင်သာယာရေး ကော်မတီက သတိပေးစာ ထုတ်ပြန်သောကြောင့် အဆင်ပြေရေး ဆောင်ရွက် ပေးရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။
ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကလည်း တိုင်းပြည်၏ စီးပွားရေး အခြေ အနေ အရ ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ခွင့် ရ၊ မရ မပြောလိုသော်လည်း ကိုယ်စားလှယ်များကို ထို ကဲ့သို့ နေရာမျိုးတွင် စီစဉ်ထားရှိခြင်းသည် မဖြစ်သင့်ကြောင်း၊ ခေတ္တခဏ နားခိုရန် ဆောက်လုပ်ထားသော အခန်းမျိုး ၏ ဝရံတာတွင် ချက်ပြုတ် စားသောက်နေရသည့် အတွက် အဆင်မပြေကြောင်း ပြောသည်။
“အမှန်အတိုင်း ပြောရရင် ဒီအခြေအနေကို အင်မတန်မှ စိတ်ပျက်တာ။အမေက နိုင်ငံရေးလုပ်လို့ စိတ်မချတာ မဟုတ်ဘူး အခန်းမှာ တယောက်တည်း စားဝတ်နေရေး အဆင်မပြေလို့ လိုက်လုပ်ပေးနေတာ အဲလို မိသားစုလည်း ရှိနေတော့ နေရထိုင်ရတာ အဆင်မပြေတဲ့အပေါ် စိတ်ပျက်တာ။ ကျန်တာကတော့ ကိုယ် ယုံ ကြည် တာ လုပ်ခွင့်ရနေတဲ့ အပေါ်မှာ လျစ်လျူရှုနိုင်ပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦး လည်း ဖြစ်သူ ဒေါ်အေးမြမြမျိုး က ပြောဆိုသည်။
ထန်းတပင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းကမူ နေပြည်တော်က အစိုးရဝန်ထမ်းများ၏ အိမ်ရာများ တွင် အိပ်ခန်း၊ ထမင်းစားခန်းများနှင့် နေ၍ရသော်လည်း ကိုယ်စားလှယ်များ အတွက် သီးခြားဘတ်ဂျက် မရှိသည့် အချိန် တွင် စည်ပင်ဧည့်ရိပ်သာ ကဲ့သို့သော နေရာမျိုး၌ တလ အခန်းခ ကျပ် ၁ သိန်းခွဲ၊ အခွန် ကျပ် ၂၅၀၀ ပေးပြီး နေ သွားရန်သာ ရှိကြောင်း ပြောသည်။
“ကိုယ်စားလှယ်ကိုတော့ ကိုယ်စားလှယ်နဲ့ တန်တဲ့နေရာ ဖြစ်စေချင်တယ်။ နိုင်ငံကလည်း ဆင်းရဲနေတော့ ကိုယ်တွေ အတွက် ဘတ်ဂျက်တခု သုံးရဖို့ ဆိုတာလည်း ကိုယ့်ဘတ်ဂျက် ကိုယ်ဆွဲ၊ ကိုယ့်ဟာကိုယ် ပြဌာန်း ဆိုတာလည်း မဖြစ် သေးဘူး။ ဒီထက်မကတဲ့ အဆောင်အယောင် လိုချင်တယ်။ တိုင်းပြည် အခြေအနေအရလည်း နားလည် ပေးရတယ်” ဟု ၎င်းက ဆိုသည်။
ယခင်က လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်ရှိသည့် ရက်ပိုင်းတွင်သာ အခန်းခ ပေးဆောင်ရသော်လည်း ယခု လကစပြီး တရက်ပိုနေပါက တရက်စာပေးရန် ညွှန်ကြားချက် ထုတ်ပြန်လာ၍ တချို့က မိသားစုပါ ခေါ်ပြီး လာနေ ရ သည့် အခြေအနေမျိုးတွင် အခက်အခဲများ ဖြစ်ရကြောင်း ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောဆိုသည်။
NLD လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးမြင့်ဝေ က“ကျနော်တို့ကတော့ ပါတီအပေါ်ပိုင်းရဲ့ စည်းကမ်းချက် အတိုင်းပဲ လိုက်နာရမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ပါတီက မဟုတ်တဲ့အခါ ပိုပြီး လွတ် လွတ် လပ်လပ် ပြောခွင့်ရှိတယ်”ဟု ပြောသည်။
လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက အခန်းခနှင့် ပတ်သက်သည့် ကိစ္စရပ်တွင် လွှတ်တော် အခွင့်အရေး ကော်မတီအနေနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိသေးသော်လည်း လွှတ်တေ်ာ ကိုယ်စား လှယ် များ တဦးချင်းဖြစ်စေ၊ အများ၏ လိုအပ်ချက်များကို လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြ၍ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်းလည်း အမြဲ ရှိနေကြောင်း လွှတ်တော်၌ တရားဝင် ပြန်လည် ဖြေကြားထားသည်။
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ဦးစိုင်းသီဟကျော် ကလည်း ယခု အခြေအနေသည် ပို၍ ကောင်းမွန်လာခြင်း ဖြစ်ပြီး ယခင်က လွှတ်တော် တက်ချိန်တွင်သာ အခန်းရရှိကြောင်း၊ လွှတ်တော် နားပါက အခန်း ပြန် အပ်ရ၍ ပစ္စည်းများ ပြောင်းရွှေ့ထားရန် နေရာရှာရသောကြောင့် အခက်အခဲ ဖြစ်ကြရကြောင်း ပြောသည်။
“လူနေရင် ပိုက်ဆံပေးရမယ်။ မနေရင် ပိုက်ဆံ မပေးရဘူး ဆိုတာလည်း Fair (မျှတ) ဖြစ်ပါတယ်”ဟုလည်း ၎င်းက ဆို သည်။
ယခင်ကလည်း ကိုယ်စားလှယ်များ နေထိုင်ရေး အတွက် အဆောက်အအုံများ ဆောက်လုပ်ပေးရန် စီစဉ်ဖူးကြောင်း၊ ထို အစီအစဉ် ကုန်ကျစရိတ် ကျပ် သန်း ၈၀၀၀ ကို ငြိမ်းချမ်းရေး အတွက် လိုအပ်မည့် နေရာတွင် အသုံးပြုရန် လွှဲပြောင်း ပေးလိုက်ရကြောင်း၊ နောက်ပိုင်းတွင် အားကစား ကျေးရွာတွင် နေထိုင်ရန် စီစဉ်ခဲ့ရာ ကိုယ်စားလှယ်များ ပေါင်းနေရမည် ဖြစ်သောကြောင့် အဆင်မပြေ၍ လက်မခံခဲ့ဘူးကြောင်းလည်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် စည်ပင်ဧည့်ရိပ်သာထဲ၌ အာဏာရ NLD ပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ရှိကြပြီး အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်များကမူ ပါတီက ပေးထားသည့် နေရာတွင်ပင် နေထိုင် ကြကြောင်း သိရသည်။
နေပြည်တော်တွင် လွှတ်တော် တက်ရောက်ရသော ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၈ဦး၊ တပ်မတော်သား ကိုယ်စား လှယ် ၁၆၆ ဦး စုစုပေါင်း ၆၆၄ ဦး ရှိသည်။