ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီးရှိ ဆွေတော်မျိုးတော် သင်္ချိုင်းတော်ကို ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း – အောက်မြန်မာပြည်(ရန်ကုန်)က ဦးစီး၍ စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည်ပြုပြင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
“မနေ့က မနက် ၆ နာရီကစပြီး သန့်ရှင်းရေးတွေလုပ်။ အကုန်ကြေး ညှော်တွေတိုက်။ မနေ့ကတော့ ထုံးသုတ်ပြီးတဲ့ အဆင့်ပဲ ရောက်သေးတယ်။ ဒီနေ့ကတော့ ဂူတွေရဲ့ အောက်ခြေတွေကို စပြီး ရှင်းနေပါပြီ” ဟု ကုန်းဘောင်ဆက် ဆွေတော်မျိုးတော် များအသင်း – အောက်မြန်မာပြည်(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး မင်းတပ်နေမျိုးဦးက ဧရာဝတီကို ပြောသည်။
၎င်း၏ ပြောပြချက်အရ ငါးထပ်ကြီးဘုရားကုန်း ဝန်းကျင်တွင် ဆွေတော်မျိုးတော် အုတ်ဂူ ၂၀ ကျော်ခန့် ရှိနေသေးကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်တွင် Hla Bu ဆိုသည့် အကောင့်ပိုင်ရှင်က ယင်းအုတ်ဂူများနှင့်ပတ်သက်၍ ဓာတ်ပုံများနှင့် တကွ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့ရာ လူသိများစိတ်ဝင်စားလာကြပြီး မီဒီယာများကလည်း သတင်းတင် ဆက်မှုများ ပြုလုပ်လာကြသည်။
ယင်းသို့ လူထု စိတ်ဝင်စားမှု မြင့်တက်နေသည့် သင်္ချိုင်းတော်ကိစ္စနှင့် ပတ်သက်၍ ကုန်းဘောင်ဆက် ဆွေတော်မျိုးတော် များအသင်း – အောက်မြန်မာပြည်(ရန်ကုန်)က ယင်းတို့၏ ၃ လတကြိမ် တွေ့ဆုံပွဲတွင် ဆွေးနွေးကာ ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု အသင်း၏ စည်းရုံးရေးမှူး ကိုစည်သူဟိန်းက ပြောပြသည်။
ဆွေတော်မျိုးတော် အုတ်ဂူများ၏ အနီးဝန်းကျင်တွင် လူနေအိမ် တဲတချို့ရှိနေပြီး တချို့တဲများမှာ အုတ်ဂူများပေါ် ခွလျက် တည်ဆောက်ထားသည်ကို ဧရာဝတီက သွားရောက်ရိုက်ကူးရာတွင် တွေ့ရှိရသည်။
အဆိုပါ အိမ်များသည် ၂၀၀၀ ခုနှစ် ဝန်းကျင်ခန့်က ဦးဂိုအင်ကာ ဓမ္မဇောတိကရိပ်သာ ဆောက်လုပ်စဉ် ပန်းရံလာရောက် လုပ်ကိုင်ကြသည့် မိသားစုဝင်များက ရိပ်သာပြီးသည့်အခါ နေစရာမရှိတော့သဖြင့် မြန်အောင်ကျောင်းဆရာတော်ထံ နေခွင့် တောင်း နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီကျောင်းမှ ဆရာတော် ဦးပဝရသိဒ္ဓိက မိန့်ကြားသည်။
ဆက်လက်၍ ၎င်းက အုတ်ဂူများဝန်းကျင်တွင် တဲပေါင်း ၂၀ ခန့်ရှိကြောင်း၊ ၎င်းအနေဖြင့် ၂၀၀၀ ခုနှစ် ရဟန်းခံစဉ်ကတည်း က အုတ်ဂူများကို တနှစ်တခါ ထုံးသုတ်ခြင်း၊ အက်ကွဲကြောင်းများကို ပြန်လည်ဖာထေးပေးခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက် ပေးထားကြောင်း ရှင်းပြသည်။
အဆိုပါ အိမ်များအားလုံးကို ရှင်းလင်းရန်မှာ အချိန်ယူရအုံးမည်ဖြစ်ကြောင်း၊ ယခု အုတ်ဂူများကို ရှင်းလင်းမှုများ ပြုလုပ်ရာ နေအိမ်များမှ လူများနှင့် ဘုန်းကြီးကျောင်းမှ ဆရာတော်များက ဝိုင်းကူပေးကြောင်း မင်းတပ်နေမျိုးဦးက ပြောသည်။
“အရင်ဆုံး ကိုယ့်ဂူတွေကို လှပအောင် လုပ်လိုက်မယ်။ အထဲဘက် ဝင်နေတဲ့ဂူတွေလည်း ရှိတယ်။ အဲဒါတွေကို တအိမ်ချင်း ညှိနှိုင်းပြီးတော့ ပြင်မှပဲ ရမယ်။ ပြီးသလောက် မျက်နှာစာနဲ့ ဘေးတွေကိုတော့ ခြံဝန်းခတ်ဖို့ စိတ်ကူးထားပါတယ်” ဟု ၎င်းက ဆိုသည်။
အသင်းအနေဖြင့် သာသနာရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနသို့ အသိပေးရန် စိတ်ကူးထား သော်လည်း အစိုးရ၏အမိန့်အာဏာဖြင့် လက်ရှိ နေထိုင်နေသူများကို ဖယ်ရှားရန် စိတ်ကူးမရှိဘဲ ပြေပြေလည်လည် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ရှိ ဆွေတော်မျိုးတော်များ၏ အုတ်ဂူသက်တမ်းနှင့် ပတ်သက်၍ အတိအကျ မပြောနိုင်သေးသော်လည်း ယင်းနေရာကို အဖွားမင်းတပ်ထိပ်ခေါင်တင်က အင်္ဂလိပ်လက်ထက်တွင် ယင်းနေရာရှိ မြေ ၁ ဧကခွဲ ဝယ်ယူပြီး ဆွေတော်မျိုးတော်သင်္ချိုင်း တည်ဆောက်ခဲ့ကြောင်း၊ ၁၉၉၆ ဇွန် ၅ ရက်နေ့၌ မင်းတပ်ထိပ်ခေါင်တင်(အသက် ၁၀၁ နှစ်)၏ ဈာပနကို မင်းခမ်းမင်းနား ဖြင့် နောက်ဆုံးသဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ထိပ်ခေါင်တင်၏ တီတော် မင်းတပ်နေမျိုးဦး၏ ရှင်းပြချက်အရ သိရသည်။
အဆိုပါ အုတ်ဂူများနှင့် ပတ်သက်၍ ဧရာဝတီက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)သို့ စက်တင်ဘာ ၆ ရက်နေ့က သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ ယင်းဌာန၏ ဒါရိုက်တာဖြစ်သူ ဒေါ်ဥမ္မာအောင်က အုတ်ဂူများ၏ သမိုင်းအကြောင်း၊ မြေပြင်အခြေအနေ၊ သမိုင်းမှတ်တမ်း အချက် အလက်များ ပြည့်စုံပြီဆိုပါက လိုအပ်သည်များ ပံ့ပိုးကူညီပေးရေး တိုင်းအစိုးရထံ ညှိနှိုင်းစာရေးရန် စိတ်ကူးထား ကြောင်း ပြောသည်။
ဆက်လက်၍ ၎င်းက နောက်ဆုံးမင်းဆက်၏ အနွယ်တော်များဖြစ်သည့်အတွက် စိတ်ဝင်စား၍ သွားကြည့်ထားသည့် အ ဆင့်သာရှိသေးပြီး အဓိကပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်မှာ ကာယကံရှင်မိသားစုဝင်များပင် ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိသည်ဆိုပါက တိုင်းအစိုးရထံ တင်ပြသင့်ကြောင်း ပြောဆိုသည်။
ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း – အောက်မြန်မာပြည်(ရန်ကုန်)ကို ပြန်လည်ဖွဲ့စည်းထားသည်မှာ ၁ နှစ် ခန့်သာရှိသေးပြီး အသင်းအနေဖြင့် သက်ကြီးပူဇော်ပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲနှင့် ဆင်းရဲသည့် ဆွေတော်မျိုးတော်များကို ကူညီ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ယခု ဆွေတော်မျိုးတော် သင်္ချိုင်းပြုပြင်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။