မန္တလေး စည်ပင်နယ်နိမိတ်အတွင်း စည်ပင်ဥပဒေဖောက်ဖျက်ကျူးလွန်မှုများ နှင့် ပတ်သက်၍ စစ်ဆေးနေသည့်အဖွဲ့များက ဥပဒေအရ အရေးယူခြင်းနှင့်မသက်ဆိုင်ဘဲ ငွေကြေးတောင်းခံမှုများရှိပါက သတင်းပေးတိုင်ကြား စေလို ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ဧရာဝတီကိုပြောသည်။
၎င်းက “ဝန်ထမ်းတွေထဲက မလိုအပ်တဲ့ ငွေကြေးတောင်းခံမှုတွေရှိလာရင် တိုင်လို့ရအောင် ကျနော်ဖုန်း အပါအဝင် ဌာနက တာဝန်ရှိသူတွေရဲ့ဖုန်းနံပါတ်တွေကို သတင်းစာမှာ ကြေညာထည့်ပေးလိုက်တာပါ။ ကျနော့် ဖုန်းကို တိုင်လာရင် ကျနော်ကိုယ်တိုင် ဆင်းပြီး စစ်မယ်။ မှန်နေရင် အရေးယူမှုတွေ လုပ်သွားမယ်” ဟု ပြောသည်။
သတင်းစာပါ စည်ပင်၏ ကြေညာချက်အတိုင်း ပြည်သူများအနေဖြင့် ထိုသို့ ငွေကြေးတောင်းခံမှုများ ကြုံတွေ့ ပါက ဆက်သွယ်တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာကော်မတီဝင်ကိုယ်တိုင် စုံစမ်းစစ်ဆေးရန် မန္တလေးမြို့တော် ဝန်မှ တာဝန်ပေးထားကြောင်း သိရသည်။
စည်ပင်အခွန်ဌာနမှ တာဝန်ရှိသူလည်းဖြစ်သည့် ဦးကျော်ဇောအောင်က “အဂတိလိုက်စားတဲ့ကိစ္စမှာ စည်ပင်ဝန်ထမ်းဆိုရင်တော့ ကိုယ့်စည်ပင်ဥပဒေအတိုင်း၊ ဝန်ထမ်းကျင့်ဝတ်အတိုင်း အရေးယူရမှာပဲ၊ ဝန်ထမ်းမဟုတ်ဘဲ ဝန်ထမ်းအယောင်ဆောင်ပြီး ငွေတောင်းတာမျိုးဆိုရင်တော့ နယ်ဘက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမယ်” ဟု ရှင်းပြသည်။
မန္တလေး စည်ပင်နယ်နိမိတ်အတွင်း သတ်မှတ် ထားသော လမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ကုန်ဂိတ်များဖွင့်လှစ်ခြင်း၊ ခရီးသည် တင်ချ ပြုလုပ်သည့် လက်မှတ်အရောင်းဂိတ်များပြုလုပ်ခြင်း၊ ၃ တန်အထက်ယာဉ်မဝင်ရ သတ်မှတ် ဧရိယာတွင် ဝင်ရောက်ခြင်း နှင့် တရားမဝင်စက်သုံးဆီရောင်းချခြင်းတို့ကို စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ မြို့နယ် အလိုက် လှည့်လည်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စည်းကမ်းဖောက်ဖျက်သူများအား စစ်ဆေးတွေ့ရှိပါက စည်ပင်ဥပဒေအရ စီမံခန့်ခွဲ မှုနည်းလမ်းဖြင့် ဒဏ်ရိုက်ခြင်းနှင့် စည်ပင်တရားရုံးတွင် တရားစွဲဆိုအရေးယူခြင်းများ ပြုလုပ်လျက်ရှိသည် ဟု သိရသည်။
အထက်ပါစည်းကမ်းဖောက်ဖျက်သူများအား စစ်ဆေးရေးအဖွဲ့များက အရေးယူခြင်းမှ လွဲ၍ အခြားငွေကြေး တောင်းခံမှုများ တွေ့ရှိပါက စည်ပင်အခွန်ဌာနမှ ကော်မတီဝင်နှင့် တာဝန်ရှိသူများအား ဆက်သွယ် တိုင်ကြားနိုင်ကြောင်းဟု တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များနှင့် အတူပူးတွဲကြေညာထားသည်။
“ဒီလိုကိစ္စတွေက အရင်ကတည်းက အမြစ်တွယ်လာတာပါ။ ဒါကို တာဝန်ရှိ တဲ့သူတွေက လုပ်မယ်ဆိုတာ ကောင်းသလို ရေရှည်ကြပ်ကြပ်မတ်မတ်လည်း လုပ်စေချင်ပါတယ်။ အဲဒီလိုပဲ ဝန်ထမ်းက ပိုက်ဆံတောင်းလို့ ပေးရတဲ့အခါမှာလည်း ကိုယ်ပေးလိုက်ရတဲ့ငွေက တရားဝင်ဖြစ်ရဲ့လား၊ စားပွဲ အောက်ကို ရောက်သွားတာလားဆိုတာလေး သိထားတယ်ဆိုရင် ကျမတို့ လူ့အဖွဲ့အစည်းမှာ မလိုလား အပ်တဲ့ အဂတိ လိုက်စားမှုတွေ ပပျောက်သွားမှာပါ” ဟု မန္တလေးမြို့ခံ မသဇင်မွန်က ဧရာဝတီကို ပြောသည်။