သတင်း

တရုတ်များ မြန်မာပြည်ထဲအထိ တရားဝင် မိန်းမ ဝင်ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံသားများသည် မြန်မာပြည်ထဲအထိ လာရောက်ပြီး မြန်မာအမျိုးသမီးများကို တရားဝင် လက်ထပ်ယူ၍ အငှားကိုယ် ဝန်ဆောင်ခိုင်းသည့် ဖြစ်စဉ်မျိုးမှာ ပုံစံအသစ် ပေါ်ပေါက်လာသောကြောင့် ယင်းကိစ္စကို ဥပဒေနှင့်အညီ ထိန်းချုပ်နိုင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။

ယခု ကိစ္စသည် တရုတ်နိုင်ငံနှင့် ဆက်စပ်ပြီး ယခုနှစ်ပိုင်းတွင် အသစ်ထပ်ပြီးသည့် ကိစ္စတခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဥပဒေအရ ဗုဒ္ဓ ဘာသာဝင် မြန်မာ မိန်းကလေးသည် ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားကို ခရိုင်တရားသူကြီးမှ ထိမ်းမြား လက်ထပ်ပေးပိုင်ခွင့် ရှိနေသဖြင့် တရားဝင် လက်ထပ်ထိန်းမြားခြင်း သဘော သက်ရောက်နေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး သက်နောင်က ပြောသည်။

ရဲမှူးကြီး သက်နောင်က “တရုတ်နိုင်ငံဘက်ကိုက လူကုန်ကူးမှု မလျော့ပါဘူး။ ပုံစံအသစ်တွေတောင် ပေါ်လာပါတယ်။ တရုတ်နိုင်ငံသားက မြန်မာပြည် ထဲဝင်ပြီးတော့မှ ထိန်းမြား လက်ထပ်တဲ့ ဖြစ်စဉ်တွေပါ ပေါ်ပေါက်နေပါတယ်။ နောက်တမျိုးပြောရရင် အငှားကိုယ်ဝန်ဆောင်တဲ့ ဖြစ်စဉ်တွေပါ ပေါ်ပေါက်နေပါတယ်”ဟု နေပြည်တော်တွင် ပြောသည်။

ရဲတပ်ဖွဲ့၏ မြေပြင် ဖော်ထုတ်ချက်များအရ ဘာသာစကားမတူသည့် အမျိုးသား တဦးနှင့် အမျိုးသမီးတဦးတို့ တွေ့ဆုံပြီး ၃ ရက် အတွင်းမှာ လက်ထပ်သွားသည်မှာ ရုပ်ရှင်ထဲတွင်သာ ဖြစ်နိုင်ကြောင်း၊ လိုက်လံဖော်ထုတ်သည့်အခါ မိဘကို ပိုက်ဆံ သိန်း ၅၀ အထိ ပေး၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ထိန်းမြားခြင်းဆိုင်ရာ ဥပဒေအရ အခြားလူတဦး၏ စီမံဆောင်ရွက်ပေးမှု၊ ငွေကြေးလက်ဆောင်ပေး၍ လက်ထပ်ခြင်း မျိုးကို ခွင့်မပြု ထားသော်လည်း ပြုလုပ်ပါက မည်ကဲ့သို့ အရေးယူမည်ဆိုသည့် ပြစ်ဒဏ် မရှိကြောင်း၊ တရားဝင် လက်ထပ်၍ ခေါ်ဆောင်သွားခြင်းကို ရဲတပ်ဖွဲ့က မတားနိုင်တော့ကြောင်း ရဲမှူးကြီး သက်နောင်က ပြောသည်။

“တရားဝင်လက်ထပ်ပြီး တရားဝင် နိုင်ငံကူး လက်မှတ်နဲ့ ခေါ်ဆောင်တဲ့အခါမှာ တရားဝင်နည်းလမ်းတွေပဲ ဖြစ်နေတဲ့အတွက် ကျနော်တို့ ထိန်းချုပ်ဖို့ ခက်တယ်။ ဒါက ဒီတခုတည်း မဟုတ်ဘူး။ အခြားအခြားသော ကိစ္စတွေမှာလည်း ထိန်းချုပ်ဖို့ ခက်တာတွေ အများကြီး ရှိတယ်”ဟု ရဲမှူးကြီးက ပြောသည်။

၎င်းက ဆက်၍ “ဥပမာအားဖြင့် တရုတ်နိုင်ငံထဲကို နယ်စပ်ကဖြတ်ပြီး အလုပ်လုပ်ခွင့်မရှိဘူး။ ဒါပေမယ့် ပွဲစားတွေက အလုပ်ရမယ် ဆိုပြီး ခေါ်လာတယ်။ အဲဒီတော့ လမ်းမှာ တားမြစ်တဲ့အခါ နိုင်ငံသားတယောက်ဟာ မြန်မာနိုင်ငံသားကဒ်ကိုကိုင်ပြီး မြန်မာနိုင်ငံအ တွင်းမှာ လွတ်လပ်စွာသွားတာကို တားမလားဆိုတဲ့ မေးခွန်းတွေလည်း ပြန်အမေးခံရတယ်”ဟု ပြောသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လူကုန်ကူးမှုပေါင်း ၁၆၀၉ မှုရှိပြီး တရားခံ ၄၅၅၆ ဦး၊ လူကုန်ကူးခံရသူ ၃၈၅၀ ဦး ရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရခြင်း ဖြစ်ပြီး လျော့ကျသွားခြင်းလည်း မရှိသေးကြောင်း၊ ကမ္ဘာတဝန်းလုံးတွင်လည်း လူကုန်ကူးမှုကို မဖော်ထုတ်နိုင်သည့် ဖြစ်စဉ်က ပိုများရာ မြန်မာနိုင်ငံမှာလည်း အတူတူပင် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဟို (တရုတ်နိုင်ငံ) ရောက်တဲ့အခါမှာ စိတ်ပေါသွပ်နေသူနဲ့ လက်ထပ်ရတာမျိုး။ ကိုယ်ခန္ဓာ မသန်စွမ်းတဲ့သူနဲ့ လက်ထပ်ရတာမျိုး၊ ပြောရရင် သားနဲ့ ကိုယ်ဝန်မရလို့ အဖေနဲ့ ပေါင်းရတာမျိုး။ အဖေရယ် သားရယ်ပေါင်း ၄ ယောက်လုံးကို တယောက်တည်းက ပေါင်းရတာမျိုး။ နောက်ဆုံး လက်ဆင့်ကမ်း လွှမ်းပြောင်းပြီးတော့ ပေါင်းရတာမျိုးတွေက ကျနော်တို့မှာ အဲလို ဖြစ်စဉ်တွေ အများကြီး ရှိတယ်”ဟု ရဲမှူးကြီး သက်နောင်က ရှင်းပြသည်။

လူကုန်ကူးမှုမှာ ဒေသတွင်း နိုင်ငံများ၏ ဈေးကွက် လိုအပ်ချက်များ အပေါ်တွင် ချိတ်ဆက် ဖြစ်ပွားနေခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ၇၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၄ ရာခိုင်နှုန်း၊ မလေးရှားသို့ ဝ.၂၉ ရာခိုင်နှုန်း ဦးတည်နေပြီး ပြည်တွင်း လူကုန်ကူးမှုမှာ ၂၁.၂၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ နေပြည်တော်တွင် ပြောသည်။

မြန်မာနိုင်ငံ၏ လူကုန်ကူးမှု ဖြစ်စဉ်များကို လေ့လာရာတွင် အဓမ္မ အလုပ်စေခိုင်းခြင်း၊ အဓမ္မ ထိမ်းမြား လက်ထပ်ခြင်း၊ လိင်ပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်း၊ အဓမ္မ မွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading