သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၅ ဦးနှင့် ရွှေပေါက္ကံ နယ်မြေရဲစခန်းမှ ရဲအုပ်ချစ်ကိုကိုတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
အရေးယူခံရသူများမှာ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင် ကြည်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့သည် သံသယတရားခံဖြစ်သူ သန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် စိစစ်ခြင်းမရှိဘဲ ရုပ်သိမ်းခွင့်ပြုကာ ဖမ်းဆီးထားသည့် သံသယ တရားခံများကို လွှတ် ပေးခဲ့သည့်အတွက် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် အရေးယူဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်း၌ ယနေ့ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ (သို့) နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့ စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ (သို့) လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက်မပိုသော ထောင် ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီး လာသည့် အောင်ရဲ ထွေးသည် ၂၀၁၇ ခု ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ် ကူး ပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး ဦးနှောက်နှင့် အာရုံကြော ဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန် သွားခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ သံသယ တရားခံ ၃ ဦး ဖြစ်သော သန်းထွဋ် အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန်( ခ) ကျော်ဇော တို့ကိုဖမ်းဆီးပြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက စစ်ဆေးခဲ့သည်။
သို့သော်လည်း ထိုအမှုကို ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ဖမ်းဆီးခံထားရသူ စွဲချက် မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
ယင်းသို့ အမှုကို ရုပ်သိမ်း ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့် ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်း ဒေသကြီး ဥပဒေချုပ်ထံ ဇူလိုင် ၃၀ ရက်တွင် ညွှန်ကြားခဲ့ပြီး ထိုနေ့တွင်ပင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်ချက် လျှောက်ထားခဲ့ရာ ယင်း လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်၏ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုဖွင့် လက်ခံခဲ့သည်။
ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံး၌ အောင်ရဲထွေး အမှု အမိန့်ပြင်ဆင်ချက် လျှောက် ထားမှုအား လက်ခံသင့်၊ မသင့် နှစ်ဖက် လျှောက်လဲချက် ကြားနာမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – အောင်ရဲထွေးအမှု အဂတိ ကော်မရှင် စိစစ်
ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှု ရုပ်သိမ်းခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်
ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေ၍ အောင်ရဲထွေး အမှု ပြင်ဆင်ချက် လျှောက်ထားဟုဆို