နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Reuters သတင်းထောက် ၂ဦး ထောင်ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ လွတ်လပ်သော သတင်းမီဒီယာ အပေါ် တားဆီးပိတ်ပင်ခြင်းဖြစ်သည် ဆိုသော နိုင်ငံတကာ၏ ဝေဖန်မှုအား အခိုင်အမာ ကာကွယ်ပြောဆိုသွားသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြုလုပ်သည့် 27th World Economic Forum on ASEAN ကို တက်ရောက်ရန် ရောက်ရှိ နေသည့် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သည့် အပြန်အလှန် ဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
လူမျိုးတုံး သတ်ဖြတ်မှုဟု ကုလသမဂ္ဂက ပြောဆိုထားသည့် ရခိုင်မြောက်ပိုင်း ပြဿနာအပေါ် ကိုင်တွယ် ဖြေရှင်းရာတွင် ပိုမိုကောင်းမွန်သော အခြားနည်းလမ်းသုံး၍ ကိုင်တွယ်ရန် ဖြစ်နိုင်ခြေများ ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဝန်ခံပြောကြားခဲ့သော်လည်း သတင်းထောက် ၂ဦးနှင့် ပတ်သက်၍ မူ သမာသမတ်ရှိစွာ ကိုင်တွယ်ခဲ့သည်ဟု ဆိုသည်။
“ပြန်စဉ်းစားကြည့်မယ်ဆိုရင် အခြေအနေကို ဒီလောက်မဆိုးအောင် ကိုင်တွယ်လို့ ရနိုင်ကောင်း ရနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ် စစ်ဆင်ရေးများအတွင်း အဖြစ်အပျက်များနှင့် ပတ်သက်၍ သတင်းရယူစဉ် မြန်မာနိုင်ငံ လှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖေါက်သည်ဟု ဆိုကာ လွန်ခဲ့သော အပတ် က ထောင် ၇ နှစ်စီ ချမှတ်ခံရသည်။
“သူတို့ကို သတင်းထောက်တွေဖြစ်လို့ ထောင်ချတာမဟုတ်မဟုတ်ဘူး။ တရားရုံးက သူတို့ကို မြန်မာ နိုင်ငံ လျှိုဝှက် ချက် များ အက်ဥပဒေကို ချိုးဖေါက်တယ်လို့ ဆုံးဖြတ်ပြီး ထောင်ချတာဖြစ်တယ်” ဟု သူပြောသည်။
ထိုသတင်းထောက် နှစ်ဦးအပေါ် အကာကွယ်ပေးရေးအတွက် သူ၏ သြဇာအရှိန်အဝါကို သုံးရန် တချိန်က လူ့အခွင့်အရေး သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြင်းထန်သော ဖိအားပေးမှုများရှိနေသည်။
ကုလသမဂ္ဂနှင့် အမေရိကန် ဒုတိယ သမ္မတ အပါအဝင် ထိုစီရင်ချက်ကို ဝေဖန်သူများအား တုံ့ပြန် သည့်အနေဖြင့် ထို အမှုတွင် မည်သည့်နေရာတွင် မှားယွင်းတရားစီရင်ကြောင်း ထောက်ပြရန် ပြောခဲ့ပြီး ထိုအမှုသည် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုသည်ဟု သူဆက်ပြောသည်။
“ဒီအမှုကို တံခါးဖွင့် တရားရုံးမှာ စစ်ဆေးခဲ့တာ။ တရားသူကြီးရဲ့ စီရင်ချက် အကျဉ်းချုပ်ကို ဘယ်သူမှ မဖတ်ကြဘူး ထင်တယ်”ဟု ပြောပြီး ထိုသတင်းထောက်များတွင် အယူခံပိုင်ခွင့် ရှိကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
Reuters သတင်းထောက် ၂ဦးကို ထောင်ချလိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် သတင်းသမားများကို ထိုးစစ်ဆင်နေ သည်ဟု ကုသမလဂ္ဂ လူ့အခွင့်အရေးရုံးက ယခုအပတ်အတွင်း ဝေဖန်ပြောဆိုခဲ့သည်။
လွန်ခဲ့သော နှစ် သြဂုတ်လက တပ်မတော်က ဦးဆောင်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ကြောင့် ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ တဖွဲ့က မြန်မာတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နှင့် အခြားထိပ်တန်း ဗိုလ်ချုပ်များကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် စစ်ဆေးစီရင်ရန် တောင်းဆိုခဲ့သည်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က မြန်မာနိုင်ငံသည့် အဖွဲ့ဝင်မဟုတ်သော်လည်း စုံစမ်းစစ်ဆေး မှုပြုလုပ်ရန် နှင့် စီရင်ပိုင်ခွင့် ၎င်းတို့ တွင်ရှိသည်ဟု ပြောကြားထားသည်။