သတင်း

လူကုန်ကူးမှု ပုံစံသစ် အငှား ကိုယ်ဝန်ဆောင်မှု ရှိနေပြီ ဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု နယ်ပယ်၌ အငှား ကိုယ်ဝန်ဆောင်မှုက လူကုန်ကူးမှု ပုံစံသစ် တခု အနေဖြင့် ရှိနေသည်ကို သတိ ပြုကြရမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

ယနေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပသည့် မြန်မာ နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ် သည်။

ဝန်ကြီးချုပ်က “ထူးခြားတဲ့ အခြေအနေနဲ့ ၂၀၁၈ ခုနှစ်မှာ အငှား ကိုယ်ဝန်ဆောင်တဲ့ လူကုန်ကူးမှု ပုံစံသစ်ရဲ့ ဖော်ထုတ် အရေးယူ ဆောင်ရွက်နိုင်တာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကလည်း လူကုန်ကူးမှု ကဏ္ဍနယ်ပယ်ထဲမှာ နောက်ထပ် ပုံစံသစ် တရပ် ပေါ်ထွန်းလာတယ် ဆိုတာ ကျနော်တို့ သတိပြု ကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၁၇ ခုနှစ်၌ အမှုပေါင်း ၂၂၅ မှု အထိ ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ရန်ကုန်တိုင်း အတွင်း အမှု ၆၀ အထိရှိရာ ရန်ကုန်တိုင်းနှင့် အခြား ပြည်နယ်များ နှိုင်းယှဉ် လေ့လာကြည့်ပါက ရန်ကုန်တိုင်းတွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပေါ် နေသည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ရန်ကုန်တိုင်းအတွင်း လူကုန်ကူးမှု များပြားနေခြင်းမှာ ရွှေ့ပြောင်း လုပ်သားဦးရေ များပြားခြင်းကြောင့် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။

လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့(တပ်ဖွဲ့ချုပ်မှူး) ရဲမှူး ခင်မောင်ကြွယ်က “အငှား ကိုယ်ဝန်ဆောင် ကိစ္စက မြန်မာ နိုင်ငံမှာ ရှိနေပြီ။ ရန်ကုန်တိုင်း ထဲမှာတော့ မရှိသေးပါဘူး။ တရုတ်နယ်စပ်မှာ ရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ် ရဲ စခန်းတွေမှာ အရေးယူခဲ့တာ ရှိတယ်။ အငှား ကိုယ်ဝန်ဆောင် ရှိနေတယ် ဆိုတာကို သိရှိအောင် အသိပေးတဲ့ သဘောပါ ပဲ” ဟု မီဒီယာများသို့ ပြောသည်။

အဆိုပါ အငှား ကိုယ်ဝန်ဆောင်မှု ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမှု ၂ မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေ နည်းပါးမှု၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု၊ လက်နက် ကိုင် ပဋိပက္ခများ ရှိနေခြင်းနှင့် ဘဝ ရပ်တည်ရေး အခက်အခဲများကို အကြောင်းပြုပြီး လူကုန်ကူးမှုများ ဖြစ်ပွားခြင်း ဖြစ် ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအန်း (တအာင်း) အမျိုးသမီး အဖွဲ့အစည်း (TWO)မှ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး တာဝန်ခံ လွေးပိုးမြတ်က “ရောင်းစားခံရပြီ ဆိုရင် ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခံရတာ ဖြစ်တယ်။ အကြမ်း ဖက် ခံ ရတာ တွေက လူကုန်ကူးမှု ဖြစ်တယ်။ အငှား ကိုယ်ဝန်ဆောင်က သူတို့ သဘောတူတယ် ဆိုရင် အကြမ်းဖက်မှု မမြောက် တဲ့ အတွက် လူကုန်ကူး မဟုတ်ဘူး။ အသက်မပြည့်တဲ့ ကလေးတွေဆိုရင် လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ အကြမ်းဖက်မှု မြောက်တယ်”ဟု ပြောသည်။

အမျိုးသမီးများအား လူကုန်ကူးခံရသည့် အခါ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ခံရတတ် သကဲ့သို့ တဖက်နိုင်ငံသို့ အဓမ္မ လက်ထပ်ရန် ရောင်းစားသည့် ဖြစ်ရပ်များလည်း ရှိကြောင်း၊ ထို့ပြင် သမီးရည်းစား (သို့မဟုတ်) လက်ထပ်ပြီး နယ်စပ်သို့ သွားရောက် လည်ပတ်မည် ဟု ခေါ်ဆိုပြီး ရောင်းစားသည့် ဖြစ်ရပ်များလည်း ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Gender Equality Network မှ ဒါရိုက်တာ မေစံပယ်ဖြူ ကလည်း“အငှား ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်ပြီး ကျမတို့ နိုင်ငံမှာ ဥပဒေ မရှိသေးဘူး သေချာတယ်။ တခြား နိုင်ငံမှာ အငှား ကိုယ်ဝန်ဆောင်တွေက ရှိတယ် ဆိုတော့ အဲဒီ ကောင်းကျိုး၊ ဆိုး ကျိုးတွေကို စနစ်တကျ လေ့လာ သင့်တယ်။ ဒီလိုမျိုးတွေကို ကာကွယ်နိုင်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ ရှိသင့်တယ်။ မဟုတ် ရင် အမျိုးသမီးတွေက အသုံးချ ခံရမှာပဲ”ဟု ဧရာဝတီကို ပြောသည်။

လူကုန်ကူး ခံရခြင်းသည် ဆင်းရဲ မွဲတေမှု များပြားခြင်းကြောင့် လည်းကောင်း၊ အသိပညာ အားနည်းခြင်းကြောင့် လည်း ကောင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးမှု ကျူးလွန်ပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်အထိ ချမှတ်ခြင်း ခံရမည် ဖြစ်ပြီး လူကုန်ကူးမှုကို သုံးဦးနှင့် အထက် ပူးပေါင်း၍ ကျူးလွန်ပါက ထောင်ဒဏ်နှစ်၂၀ မှ ထောင်ဒဏ် တသက် ချမှတ်ခံရမည် ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံက ထုတ်ပြန်ထားသည့် ကမ္ဘာလုံး ဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၅၂ သန်းကျော်၌ ၁၀ ရာခိုင်နှုန်းခန့်သည် လူကုန်ကူးမှုနှင့် ပတ်သက်၍ ခေတ်သစ် ကျေးကျွန် ပြုခံ နေ ရသည့် အခြေအနေများတွင် ရှိနေဆဲဟု ဖော်ပြထားသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၏ ၂၀၁၆ ခုနှစ်က ထုတ်ပြန်သည့် သတင်း အချက်အလက်များ အရ လူကုန်ကူးမှု ပုံစံများအနေနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံ ဖြတ်မှုသည် ၅၄ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ အဓမ္မ ခိုင်းစေမှုမှာ ၃၈ ရာခိုင်နှုန်းခန့် ရှိ၍ တခြားပုံစံများ အနေဖြင့် ၈ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း၊ ကိုယ်အဂါၤ ထုတ်၍ ရောင်းချသည့် လူကုန် ကူးမှုမှာ ကမ္ဘာ့နိုင်ငံ ၁၆ နိုင်ငံ၌ ဖြစ်ပွားနေကြောင်း၊ လူကုန်ကူး ခံရသူများမှာ အမျိုးသမီးက ၅၁ ရာခိုင်နှုန်းရှိပြီး ကလေး သူငယ်နှင့် အမျိုးသမီးငယ်များမှာ ၂၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြား သွားသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်၌ စတင် ပြဋ္ဌာန်းခဲ့ပြီး ယင်းနေ့ကို မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading