မန္တလေးမြို့၊ စည်ပင်သာယာ နယ်နိမိတ် အတွင်း တရားမဝင် စက်သုံးဆီ ရောင်းချမှု ပိုများလာသဖြင့် ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်း စစ်ဆေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော အောင်က ဧရာဝတီကို ပြောသည်။
မန္တလေး စည်ပင်၊ အခွန်ဌာန၏ ကော်မတီဝင်လည်း ဖြစ်သူ ဦးကျော်ဇောအောင်က “တရားမဝင် စက်သုံးဆီပန့်ဆိုင် တွေကိုတော့ ဘယ်လို အရေးယူမယ် ဆိုတာ တိုင်းအစိုးရ အဖွဲ့ဆီက ဖွဲ့စည်းပုံ ခွင့်ပြုချက် မကျသေးလို့ ခဏ စောင့်နေ တာပါ။ ခွင့်ပြုချက် ကျတာနဲ့ စတင် ဆောင်ရွက်မှာပါ” ဟု ပြောသည်။
မန္တလေး စည်ပင်ကော်မတီမှ ဦးဆောင် ထုတ်ဝေသည့် မန္တလေး နေ့စဉ် သတင်းစာ၌ စည်ပင် နယ်နိမိတ် အတွင်း သတ်မှတ်ထားသော တရားမဝင် စက်သုံးဆီ ရောင်းချခြင်းတို့ကို ကွင်းဆင်း လှည့်လည် စစ်ဆေးခြင်းများ ပြုလုပ်ရန် စက်တင်ဘာ ၈ ရက် က ကြေညာ ချက်တွင် ပါရှိသည်။
ထိုသို့ ဆောင်ရွက်ရာ၌ စည်းကမ်း ဖောက်ဖျက်သူများအား စစ်ဆေး တွေ့ရှိပါက စည်ပင် ဥပဒေ အရ စီမံခန့်ခွဲမှု နည်း လမ်းဖြင့် ဒဏ်ရိုက်ခြင်းနှင့် စည်ပင် တရားရုံးတွင် တရားစွဲဆို အရေးယူခြင်းများ ပြုလုပ်မည်ဟု သိရသည်။
မန္တလေး စည်ပင်သာယာ နယ်နိမိတ် ၆ မြို့နယ် အတွင်းတွင် သက်ဆိုင်ရာ တာဝန်ရှိ ဌာနများ၏ ခွင့်ပြုချက်၊ ရောင်းချ ခွင့် လိုင်စင်မရှိဘဲ စက်သုံးဆီကို ပန့်ဖြင့် သိုလှောင် ရောင်းချမှု များပြားလာသဖြင့် ယခုလို စစ်ဆေး အရေးယူရန် စီစဉ် ရခြင်း ဖြစ်သည်ဟု စည်ပင် အခွန်ဌာန၏ ဒုဌာနမှူး ဦးသက်နိုင်က ဧရာဝတီကို ပြောသည်။
ဦးသက်နိုင်က “မြို့ထဲမှာ အဲဒီလို တရားမဝင် ဆီသိုလှောင် ရောင်းချတဲ့ အရေအတွက်၊ အင်အားများလာတဲ့ အတွက် အခုလို ဆောင်ရွက်ရတာပါ။ လိုင်စင်နဲ့ ရောင်းတဲ့ ဆိုင်တွေက ဆီသိုလှောင်တာက အစ သက်ဆိုင်ရာ ဌာနတွေ သတ် မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်း၊ ဥပဒေနဲ့ အညီ လုပ်ကြတာမို့ မီးဘေး အန္တရာယ် အတွက် ပြဿနာ မရှိပေမယ့် တရား မဝင် ကျတော့ ဒီလို နည်းစနစ်တွေလည်း မရှိတော့ အန္တရာယ် များပါတယ်” ဟု ရှင်းပြသည်။
ထို့သို့ စစ်ဆေးမှုများကို စည်ပင် ကော်မတီ သာမက သက်ဆိုင်ရာ မြို့နယ် ထွေထွေ အုပ်ချုပ်ရေးမှူး၊ စွမ်းအင် ဝန်ကြီး ဌာန၊ မီး သတ်တပ်ဖွဲ့၊ ရဲ စသည့် ဌာနတို့နှင့် ပူးပေါင်းကာ မြို့နယ် အလိုက် ကွင်းဆင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းသို့ တရားမဝင် စက်သုံးဆီ ဆိုင်များအား စတင် စစ်ဆေးမည့် ကာလနှင့် မည်သည့် ဥပဒေနှင့် အရေးယူမည် ဆို သည်ကို မန္တလေးတိုင်း အစိုးရ အဖွဲ့ထံမှ ဖွဲ့စည်းပုံ ခွင့်ပြုချက် ရရှိပြီးမှသာ သိရှိနိုင်မည် ဖြစ်ပြီး ထိုသို့ အများ ပြည်သူ အတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များအား ခွင့်ပြုချက် လိုင်စင်မရှိဘဲ တရားမဝင် ရောင်းချခြင်းသည် စည်ပင် နယ်နိမိတ် အတွင်းဆိုပါက စည်ပင် ဥပဒေဖြင့် လည်းကောင်း၊ ပြည်ထဲရေး၏ မြို့နယ်၊ ခရိုင် နယ်နိမိတ် အ တွင်းဆိုပါက ထွေ/အုပ် ဥပဒေဖြင့် လည်းကောင်း၊ စွမ်းအင် ဥပဒေဖြင့် လည်းကောင်း အရေးယူနိုင်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော Asia Energy စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ရှိသူ တဦးက “တချို့က မြို့ထဲ လိုင်စင်နဲ့ ဆီဆိုင်တဆိုင် ဖွင့်မယ် ဆိုရင် မီးလောင်မှာ ကြောက်တယ် ဘာညာ ပြောကြတယ်။ ဒါပေမယ့် အခုလို အိမ်တွေမှာ သိုလှောင်ရောင်းတာတွေ၊ ပန့်တွေနဲ့ ရောင်းနေတာတွေက ပိုအန္တရာယ် များပါတယ်။ ဒီလို တရားမဝင် ရောင်း ချတာမျိုး သက်ဆိုင်ရာက သေချာ စိစစ် ကြပ်မတ်ဖို့ လိုမယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးမြို့လယ်ခေါင် မြို့နယ်များရှိ လူနေထူထပ်သည့် ရပ်ကွက်များ အတွင်းတွင် လည်းကောင်း၊ လမ်းမဘေးတွင် လည်းကောင်း၊ ဘုန်းကြီးကျောင်းများ အနီး၌ လည်းကောင်း၊ ထရပ်ကားငယ်များပေါ်တွင် ရွေ့လျား ပုံစံဖြင့်လည်း ကောင်း တရားမဝင် စက်သုံးဆီပန့်ဆိုင်များ ဖွင့်လှစ် ရောင်းချနေသည်ကို တွေ့ရပြီး ပုလင်းဖြင့် ရောင်းချခြင်းထက် ဆီဘောက်ဆာငယ်ကို ပန့်ဖြင့် ချိတ်ဆက် ရောင်းချခြင်းသည် ဆီပမာဏ ပိုများသဖြင့် မီးဘေး အန္တရာယ် အတွက် စိုးရိမ်စရာ ကောင်းကြောင်း မန္တလေး မြို့ခံများက ဝေဖန်နေကြသည်။
မန္တလေးမြို့၌ တရားမဝင် စက်သုံး ဆီဆိုင်များ အပြင် လမ်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ ခွင့်ပြုချက် မရှိဘဲ ကုန်ဂိတ် များ ဖွင့်လှစ်ခြင်း၊ ခရီးသည် တင်/ချ ပြုလုပ်သည့် လက်မှတ် အရောင်းဂိတ်များ ပြုလုပ်ခြင်း၊ ယာဉ်မဝင်ရဟု သတ်မှတ် ဧရိယာ အတွင်းသို့ ဝင်ရောက်ခြင်း တို့ကိုပါ စစ်ဆေး အရေးယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။