သတင်း

အဝီစိတွင်းရေ အသုံးပြုခြင်းကို အားမပေးဟု မြို့တော်ဝန်ပြော

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့၏ သုံးစွဲမှုရေအဖြစ် အဝီစိတွင်းရေ (မြေအောက်ရေ) အသုံးပြုမှုကို အားမပေးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့လွှတ်တော်တွင် ဆိုသည်။

ဦးမောင်မောင်စိုး က “မြေအောက်ရေကတော့ များသောအားဖြင့် အဝီစိတွင်းပေါ့ ကျနော် မြို့တော်ဝန်တစ်ယောက် အနေနဲ့ အားမပေးပါဘူး။ မြေအောက်ရေ ရှားပါးလာမှုဟာ မြေလွှာကို နိမ့်ကျလာစေပြီးတော့ တစ်ချိန်မှာ ရေလွှမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ မြေအောက်ရေ သုံးစွဲမှုဟာ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးတော့ လူနေမှုအဆင့်ကို တချိန်မဟုတ်တချိန် နိမ့်ကျစေပါတယ်” ဟု ပြောသည်။

ယနေ့ကျင်းပသည့် တိုင်းလွှတ်တော်တွင် လှိုင်သာယာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်မောင်က လှိုင်သာယာမြို့နယ်တွင်း နေထိုင်ကြသူများ သောက်သုံးရေ ရရှိရေးအတွက် ရန်ကုန်မြို့တော် ရေပေးဝေရေး စနစ်နှင့် ချိတ်ဆက်၍ ဖြန့်ဝေပေးရန် ရှိ၊ မရှိ မေးမြန်းရာတွင် မြို့တော်ဝန်၏ ပြန်လည်ဖြေကြားချက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ် အတွင်းရှိ နဝဒေးအိမ်ရာမှလွဲ၍ ကျန်ရပ်ကွက်၊ ကျေးရွာများတွင် ရန်ကုန်မြို့တော်စည်ပင်က ရေပေးဝေမှု မရရှိသည့်အတွက် ပြည်သူများက မိမိအစီအစဉ်ဖြင့် အဝီစိတွင်းများ တူးကာ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။

ထိုကဲ့သို့ အဝီစိတွင်းရေသုံးစွဲမှုကြောင့် ကျန်းမာရေးဆိုးကျိုးများ ရှိလာနိုင်သည့်အတွက် ပြည်သူများက YCDC ၏ ရေပေးဝေရေး စနစ်ကို လိုလားနေသဖြင့် မေးခွန်းမေးမြန်းရာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးဝင်းမောင်က “လှိုင်သာယာမြို့နယ်တွင် ထိန်ပင်အမှိုက်ပုံနှင့် နီးသော ရပ်ကွက်၊ ကျေးရွာများတွင် မြေအောက်ရေ သုံးစွဲနေကြသော ပြည်သူများအတွက် လွန်စွာ စိုးရိမ်ဖွယ်ကောင်းလှပါတယ်။ ၎င်းပြည်သူများ သုံးစွဲနေတဲ့ မြေအောက်ရေမှာ အာဆင်းနစ်ဓာတ်အပါအဝင် ခဲဓာတ် စသည်များ များစွာပါဝင်နေတယ်လို့လည်း သိရှိရပါတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့တွင် သုံးစွဲနေသည့် ရေချိုများအနက် ဂါလံသန်း ၂၀ မှာ အဝီစိတွင်းက ရရှိသည့် ရေကို သုံးစွဲနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များအပါအဝင် တိုးချဲ့မြို့သစ်များတွင် တပိုင်တနိုင် အဝီစိတွင်းများကို အားကိုးနေရဆဲဖြစ်သည်။

မြို့တော်ဝန် ဦးမောင်မောင်စိုး က “လူ့သဘာဝအရ ရေကိုအလွယ်တကူ ထုတ်သုံးလို့ ရနိုင်တာက အဝီစိတွင်းလောက် လွယ်တာ အဝီစိတွင်းပဲ ရှိပါတယ်။ လွယ်သလောက်လည်း quality အရ စကားပြောလာပါတယ်။ အာဆင်းနစ်ဓာတ်၊ ခဲဓာတ်ပါတာတွေလည်း ရှိပါတယ်။ ဒါတွေ ဝမ်းထဲမှာ လူ့အတွက် ဘယ်လောက်အန္တရာယ် ရှိမလဲဆိုတဲ့ ရေတန်ဖိုး အပေါ်မှာ နားလည်တဲ့အတွက်ကြောင့် ဒါကိုလည်း ကျနော်တို့ ပညာပေးရပါလိမ့်မယ်။ ရေရှည်အတွက်လည်း မကောင်းပါဘူး” ဟုပြောသည်။

ကျန်းမာရေးအရကြည့်လျှင် စိုးရိမ်ရသော်လည်း အဝီစိတွင်းရေသာ ရရှိသည့်အတွက် မဖြစ်မနေ အဝီစိရေကို သုံးနေရပြီး သောက်သုံးရေ အတွက်ကိုမူ လုံးဝမသုံးကြောင်းနှင့် မိမိတို့ အနေဖြင့် သန့်ရှင်းသည့်ရေကိုသာ စိတ်ချက်လက်ချ သုံးစွဲလိုကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် မစုရည်မိုးက ဆိုသည်။

မစုရည်မိုး က “ရန်ကုန်မြို့မှာနေတဲ့ အဝီစိတွင်းသုံးစွဲသူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့် ရွေးချယ်စရာမရှိတဲ့အတွက် ဒီရေကိုပဲ သုံးနေရပါတယ်။ အဝီစိတွင်းရေက မသန့်ပါဘူး။ အိမ်သာတွေနဲ့ တူးထားတဲ့တွင်းနဲ့ကရော ဘယ်လောက်ကွာ မှာလဲ။ ရေနွေးကြိုရင်တောင် ရေသန့်ကိုပဲ ပြန်ကျိုးတယ်။ အဲဒီ အဝီစိရေက ရေချိုးတာနဲ့အိမ်သာပဲသုံးတာ” ဟု ပြောသည်။

ရေရှည် စီမံကိန်းအနေဖြင့် ရန်ကုန်မြို့၏ သောက်သုံးရေအတွက် ရေချိုကို မြစ်ရေမှ ရရှိရန် ဆောင်ရွက်လျက်ရှိပြီး ကုက္ကိုလ်ဝမြစ်ရေ သန့်စင်ရေး စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း တည်ရှိရာ မြေပြုပြင်ခြင်း လုပ်ငန်း စတင်ပြီး၂၀၂၅ တွင် တည်ဆောက်ရေး လုပ်ငန်းများ အပြီးသတ်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ သိရသည်။

ကုက္ကိုလ်ဝမြစ်ရေ သန့်စင်ရေး စီမံကိန်း ပြီးဆုံးမည့် နှစ်မှ စတင်ပြီး လှိုင်သာယာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ကမာရွတ်၊ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ဗဟန်း၊ စမ်းချောင်းနဲ့ ဆိပ်ကမ်းမြို့နယ်တွေကို ရေပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် ကုက္ကိလ်ဝမြစ်ရေ သန့်စင်ပေးဝေရေး စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးမှု ချေးငွေ (ODA Loan) နှင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက အတည်ပြုပေးခဲ့ပြီး တရားဝင်ဖွံ့ဖြိုးမှု ချေးငွေ (ODA Loan) သဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း YCDC မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading