မွန်ပြည်နယ် ကျိုက်မရောမြို့၌ အတ္ထရံ မြစ်ကူး တံတားသစ် (စံပယ်ဂူ) ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင် တည် ဆောက် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ပြောသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၁၃ ရက်နေ့ ကျင်းပသည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဒေါက်တာအေးဇံက“ဒီဘက်ကမ်းမှာ ရှိတဲ့ ကျေးရွာတွေနဲ့ ဟိုဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေကို အလွယ်တကူ ဖြတ်ပြီး တော့ သွားလာနိုင်မယ့် အပြင် ဆက်ပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် မြဝတီ အထိ အလွယ်တကူ သွားနိုင်တဲ့ အခြေ အနေ ဖြစ်ပါတယ်”ဟု က ပြောသည်။
အဆိုပါ တံတားသစ်မှာ ကျိုက်မရော-စံပယ်ဂူ-ကော့ပနော လမ်းပေါ်ရှိ အတ္ထရံ မြစ်ကူး (စံပယ်ဂူ) တံတား ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စု ငွေလုံး ငွေရင်း လျာထား ရန်ပုံငွေကျပ် ၁ ဒသမ ၅ ဘီလီယံနှင့် ပြည်နယ် ငွေလုံး ငွေရင်း လျာထား ရန်ပုံငွေကျပ် ၂ ဘီလီယံ စုစုပေါင်း ၃ ဒသမ ၅ ဘီလီယံနှင့် တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းက ပြော ဆိုသည်။
မွန်ဝန်ကြီးချုပ် က “စံပယ်ဂူ တံတားကို ကျနော်တို့ ပြည်သူတွေရဲ့ တောင်းဆိုမှု အရ၊ ကျိုက်မရောမြို့နယ် ပြည်သူတွေရဲ့ တောင်းဆိုမှုအရ ဒီတံတားကို ဆောက်လုပ်ရခြင်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ယင်းတံတား၏ အတ္ထရံ မြစ် အရှေ့ဘက်ခြမ်းတွင် ကျေးရွာအုပ်စု ၃၁ စုရှိကာ ကျေးရွာပေါင်း ၉၇ ရွာတွင် လူဦးရေ ၁ သိန်း ၃ သောင်း ၃ထောင်ကျော် (၁၃၃၈၆၁ ဦး) နေထိုင်ကြောင်းနှင့် အတ္ထရံမြစ် အနောက်ဘက်ခြမ်းတွင် ကျိုက်မရောမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၃ စု ရှိကာ ကျေးရွာပေါင်း ၆၁ ရွာတွင် လူဦးရေ ၉၀၇၉၄ ဦး နေထိုင်ကြကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့က ဆိုသည်။
လက်ရှိ ကျိုက်မရော မြို့နယ် အတ္ထရံမြစ် အရှေ့ဘက်ခြမ်းနှင့် အနာက်ဘက်ခြမ်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း ကြောင့် ပြည်သူများ၏ ကျန်းမာရေး ကိစ္စရပ်များနှင့် စီးပွားရေး ကိစ္စရပ်များတွင် သွားလာရ နှောင့်နှေးကြန့်ကြာမှုများ ရှိ နေ ကြောင်း ကျိုက်မရော မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ဧရာဝတီ ကို ပြောသည်။
“တံတား တည်ဆောက်ရင် ဒေသခံတွေ အတွက် အများကြီး အကျိုးရှိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ဘက်မှာ ဆို ရင် ချောင်းနှစ်ခွ တံတား ရှိတယ်။ မြောက်ဘက်မှာ ဆိုရင် အတ္ထရံ တံတား ရှိပေမယ့်လို့ အန်တီတို့ ကျိုက်မရောမြို့ထဲကို ဝင်ဖို့က ဗဟိုချက်က ဒီစံပယ်ဂူ တံတား ပဲလေ”ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
တည်ဆောက်မည့် တံတား အမျိုးအစားမှာ သံမဏိ သံပေါင်၊ သံကူ ကွန်ကရစ် ကြမ်းခင်း တံတား ဖြစ်ကာ တံတား အရှည် မှာ ၂၁၀၉ ပေ၊ တံတား အကျယ် ၃၁ ပေ ၂ လက်မ ရှိပြီး တံတား၏ ရေလမ်း ကင်းလွတ် အမြင့် ၄၆ ပေနှင့် ရေလမ်း ကင်း လွတ် အကျယ်မှာ ပေပေါင်း ၃၆၀ ရှိကြောင်း ၎င်းက ဆိုသည်။
အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား၏ လျာထားသော တံတား တည်နေရာမှာ စံပယ်ဂူ ကူးတို့ဆိပ်မှ ရေဆန်ဘက်သို့ ရွေး ချယ် ထားပြီး လျာထား တံတား လမ်းအူကြောင်းနေရာနှင့် ချဉ်းကပ် လမ်းအူကြောင်း တိုင်းတာခြင်း လုပ်ငန်းများကို လမ်း ဦးစီးဌာန လမ်းပုံထုတ် အဖွဲ့ (နေပြည်တော်)မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတား တည်တောက်နိုင်ရန် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ အထိ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် သန်း ၅၀ ဖြင့် အကြို အင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဒေါက်တာ အေးဇံ က ဆက်လက် ပြော ဆို သည်။
ယင်း စံပယ်ဂူ တံတား ပြီးစီးပါက ကျိုက်မရောမှ ကော့ကရိတ်၊ မြဝတီ၊ ချောင်းနှစ်ခွ၊ ဘုရားသုံးဆူတို့သို့ အချိန်တိုတိုဖြင့် သွား လာနိုင်မည်ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ အပြင် နယ်စပ်ဒေသ အထိ ကုန် စည် စီးဆင်းမှု လမ်းကြောင်း သစ်များ ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံ တချို့က ပြောသည်။
ယခု ဘဏ္ဍာနှစ်တွင် စတင်ဆောက်မည့် စံပယ်ဂူ တံတားကို ၂ နှစ် အတွင်း အပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မွန် ပြည် နယ် အစိုးရအဖွဲ့က သိရသည်။