ရခိုင်ပြည်နယ် မြောက်ဦးအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးချုပ်နှောင်ခံနေရသော ရခိုင်လူငယ် ၈ ဦး အမှုအား စွဲချက်တင်သင့် ၊ မတင်အား လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့ ရုံးချိန်းတွင် စစ်တွေမြို့နယ် တရားရုံးမှ အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံ လူငယ် ၈ ဦးအမှုအား စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက စွဲချက် တင်သင့် ၊ မတင်သင့် ကို နှစ်ဘက်ရှေ့နေများက တရားရုံးတော်၌ လျှောက်လဲခဲ့ကြောင်း ၎င်းအမှုအား လိုက်ပါဆောင်ရွက်သည့် အထက်တန်း ရှေ့နေ ဦးထွန်းအောင်ကျော် က ပြောသည်။
အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော် က “တရားလိုဘက်က တင်ပြထားတဲ့ သက်သေတွေ အားလုံး စစ်ဆေးမှု ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ကျနော်တို့ မနေ့က နှစ်ဘက် စွဲချက်တင်သင့် ၊ မတင်သင့်ကို လျောက်လဲချက် ပေးပါတယ်။ လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့ ရုံးချိန်းမှာတော့ အဲဒီကိစ္စကို အမိန့်ချမှတ်မယ်” ဟု ဧရာတီသို့ ပြောသည်။
လာမည့် ရုံးချိန်းတွင် တရားရုံးတော်မှ အမှုမပေါ်ပေါက်၍ စွဲချက် မတင်သင့်ကြောင်း ဆုံးဖြတ်လျှင် ဖမ်းဆီးချုပ်နှောင် ခံနေရသည့် လူငယ်များမှာ တရားရှင် လွှတ်မြောက်မည် ဖြစ်ပြီး စွဲချက်တင်သင်ကြောင့် ဆုံးဖြတ်လျှင် အမှုအား ဆက်လက်ရင်ဆိုင်ရင်မည် ဖြစ်သည်။
အမှုတွင် တရားလိုဘက်က လိုပြသက်သေ ၁၆ ဦးတင်ပြခဲ့ပြီး အရေးအခင်း ကာလအတွင်း မြောက်ဦး မြို့နယ် အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် လက်ရှိတခြားတိုင်းနှင့်ပြည်နယ်များတွင် ပြောင်းရွေ့တာဝန် ထမ်းဆောင် နေသော မြောက်ဦး ရှေးဟောင်းသုတေသနဌာနမှ ညွန်ကြားရေးမှူး ဦးညိမ်းလွင်နှင့် မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူး တို့မှာ စစ်ဆေးခံရန် မလာ ရောက်နိုင်သဖြင့် တရားရုံး လုပ်ထုံး၊ လုပ်နည်းအတိုင်း ကော်မရှင်ဖွဲ့ကာ စစ်ဆေးချက်များ ရယူခဲ့ကြောင်းလည်း သိရသည်။
၎င်းလူငယ် ၈ ဦးကို ပြည်သူပိုင် အကျိုးဖျက်စီးမှု ပုဒ်မ ၆ (၁) ဖြင့် တရား စွဲဆို ခံထားရခြင်း ဖြစ်ပြီး လူငယ်များ၏ သေနတ်ဒဏ်ရာများမှာလည်း သက်သာသည့်အဆင့်သာ ရှိနေသေးပြီး ဂရုတစိုက် ကုသမှုခံယူရန် လိုအပ်နေသေး ကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီခံလူငယ် တစ်ဦး၏ ဖခင်တစ်ဦးဖြစ်သူ ဦးအေးမောင်သိန်း က “ဒဏ်ရာတွေက စိတ်ချရတဲ့ အနေအထား မရှိသေးဘူး။ သက်သာ ရုံအဆင့်ပါပဲ။ အမှုနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့က အများကြီး မမျော်လင့်ဘူး ။ ဘယ်လို ဖြစ်လာမလဲဆိုတာလဲ စောင့်ကြည့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ ဝင်များ၏ ပစ်ခတ်မှုကြောင့် ၎င်း ဖမ်းဆီးတရားစွဲခံ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် သေနတ်ဒဏ်ရာများရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးဆေးရုံမှနေ စစ်တွေမြို့ ပြည်သူ့ဆေး ရုံသို့ ပြောင်းရွှေ့ကုသခဲ့ရသူများ ဖြစ်သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ၎င်းတို့ကို မြောက်ဦးမြို့မရဲစခန်းမှ အများပြည်သူပိုင် အဆောက်အဦး အကျိုး ပျက်စီးမှု ပုဒ်မ ၆ ( ၁ )ဖြင့် အမှုဖွင့်လှစ်ကာ စစ်တွေမြို့ ပြည်သူဆေးရုံးကြီး အတွင်း အချုပ်သား လူနာ ဆောင်သို့ ပြောင်းရွေ့ကုသခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ပိုင်းတွင် ဆေးရုံ မှနေ စစ်တွေ အကျဉ်း ထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။
မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ဝမ်းနည်းမှုအထိမ်းအမှတ် ပွဲကျင်းပခြင်း ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေ ဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြောက်ဦးလူငယ် ၈ ဦးအမှု စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲမည်