သတင်းထောက် ၂ ဦးကို အစိုးရ၏ လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်ထားရှိခြင်း အတွက် ထောင်ဒဏ်ချမှတ်ခံခဲရ့ပြီးနောက်ပိုင်း သတင်းထောက်များ သတင်းလိုက်ရာတွင် နိုင်ငံတော်လျှိုဝှက်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံရနိုင်သည့် စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့ပြီး ခေတ်မမီတော့သော ထိုဥပဒေကို ပြင်ဆင်ရန် ဥပဒေ ကျွမ်းကျင်သူများ၊ စာနယ်ဇင်းသမားများ နှင့် လူ့အခွင့်အရေး ကာကွယ်သူများက တောင်းဆိုခဲ့ကြသည်။
မကြာသေးမီက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ တရားရုံး တရုံးက ရိုက်တာ သတင်းဌာနမှ သတင်းထောက်များ ဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အဆိုပါ ဥပဒေချိုးဖောက်ခြင်းအတွက် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ သည်။
နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီလက်အောက်၌ ရှိနေစဉ် ၁၉၂၃ ခုနှစ်က ပြဌာန်းခဲ့ခြင်း ဖြစ်ပြီး အစိုးရနှင့် သက်ဆိုင်သည့် သတင်းအချက်အလက် အမျိုးအစား အားလုံးနီပါးကို ဖြန့်ဝေခြင်းက ရာဇဝတ်မှုမြောက်သည်။
သတင်းထောက် ၂ ဦးသည် အဆိုပါ ဥပဒေ ၃(၁) (ဂ) ကို ချိုးဖောက်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားတွေ့ရှိခဲ့ရ သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပြီး တရားသူကြီး ဦးရဲလွင်က သူ၏ စီရင်ချက်တွင် သတင်းထောက် ၂ ဦးထံမှ တွေ့ရှိရသည့် လျှို့ဝှက်စာရွက်စာတမ်းများသည် “နိုင်ငံတော်ကို ဆန့်ကျင်သူ သို့မဟုတ် နိုင်ငံတော်၏ ရန်သူများ” အတွက် အသုံးဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။
ပြစ်ဒဏ်ချမှတ်ရာတွင် သူက ထို ဥပဒေ၏ ပုဒ်မ ၃(၂) ဖြစ်သည့် “ ပြစ်မှုအတွက် တရားစွဲဆိုသည့်အခါ တရားခံမှာ နိုင်ငံလုံခြုံ ရေး သို့မဟုတ် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားစေရန် သဘောသက်ရောက်သော ပြုလုပ်မှု တခုခုကို ကျူးလွန်သည်ဟု ပြဆိုရန် မလို၊ ထို့အပြင် အဆိုပါ ပြုလုပ်မှုနှင့် စပ်လျဉ်း၍ ၎င်းအပေါ် သက်သေထင်ရှား မပြ စေကာမူ သက်သေထင်ရှားပြသည့် အမှုအကြောင်းခြင်းရာများကို ဖြစ်စေ၊ ၎င်းအပြုအမူ သို့မဟုတ် သိရှိရသည့် ၎င်း၏ အကျင့်စာရိတ္တကို ဖြစ်စေ ထောက်ထား၍ ၎င်း၏ ရည်ရွယ်ချက်သည် နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးကို ထိခိုက်စေမည့်ပုံ ပေါ်လျှင် ၎င်းအား ပြစ်မှုထင်ရှားစီရင်နိုင်သည်” ကို ကိုးကားခဲ့သည်။
တနည်းဆိုရသော် အကယ်၍ တဦးတယောက်သည် လျှို့ဝှက်စာရွက်စာတမ်းများ ပိုင်ဆိုင်ထားခဲ့လျှင် အဆိုပါ သတင်းအချက်အလက်ကို နိုင်ငံ အကျိုးစီးပွား သို့မဟုတ် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် အသုံးချမည်ဟု တရားစွဲဆိုသူက သက် သေမပြနိုင်စေကာမှု ထိုသူ၏ လုပ်ရပ်နှင့် ရည်ရွယ်ချက်က နိုင်ငံကို ထိခိုက်စေမည့် ပုံပေါ်လျှင်ပင် အပြစ်ရှိသည် ဆိုသည့် သဘော ဖြစ်သည်။
မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားများအတွက် ခေတ်မမီတော့သလို အဓိပ္ပါယ် တိတိကျကျဖွင့်ဆိုမှု အားနည်းသည့် ထိုဥပဒေက သူတို့၏ အသက် မွေးဝမ်းကျောင်း အလုပ်အတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာသည်။ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများထံမှ အတည်ပြုချက် အချိန်မီ ရရှိရန် ခက်ခဲသလို၊ ရဲတပ်ဖွဲ့ နှင့် တပ်မတော်ကလည်း မီဒီယာမှ ဆက်သွယ်မေးမြန်းချက်ကို လက်ခံဖြေကြားခဲလှသည့်အတွက် အတွက် သတင်းထောက်များသည် တခါတရံတွင် ခိုင်လုံသော သတင်း အချက် အလက် အနေဖြင့် ပေါက်ကြားလာသည့် အစိုးရသတင်းအချက်အလက်များ (ညွှန်ကြားချက်များ၊ ဌာနတွင်း မှတ်တမ်းများ သို့မဟုတ် ရဲတပ်ဖွ့ဲ့ကြေးနန်းများ အစရှိသဖြင့်) တို့ အပေါ်အခြေခံပြီး ရေးသား ကြရသောကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ တရားစွဲဆိုခြင်းခံရမည့် ဘေးရှိနေသည်။
“သတင်းသမားတွေ သတင်းလိုက်ရာမှာ ပြသနာတက်နိုင်တယ်။ အထူး သဖြင့် ရဲအဖွဲ့ သို့မဟုတ် တပ်မတော်နဲ့ ပတ်သက်လို့ ရေးတဲ့ အခါမှာ။” ဟု ရိုက်တာသတင်းထောက်များ၏ ရှေ့နေ တဦး ဖြစ်သည့် ဦးသန်းဇော်အောင်က ပြောသည်။
ပုဒ်မ ၃ (၂) မှ “နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးကို ထိခိုက်စေမည့်ပုံ ပေါ်လျှင်” ဆိုသည့် အပိုဒ်က ရေရာမှုမရှိဘဲ လိုရာ ဆွဲ၍ ဖွင့်ဆိုရန် လွယ်ကူသည်ဟု သူက ပြောသည်။
“ ပြစ်မှုကျူးလွန်မယ့် ပုံပေါ်တယ်ဆိုတာကို ဘယ်လို ဆုံးဖြတ်မလဲ။ အဲဒါက အကျယ်ကြီးဗျ” ဟု သူကပြောသည်။
ယနေ့ခေတ်သည် သတင်းအချက်အလက်နည်းပညာ တိုးတက်နေသည့် ခေတ် ဖြစ်ပြီး လျှို့ဝှက် သတင်းအချက်အလက်နှင့် အများပြည်သူနှင့်ဆိုင်သော သတင်းအချက်အလက်များကြားတွင် ခြားနားချက်က အလွန်ကျဉ်းမြောင်းလေ့ ရှိသည်ဟု ဦး သန်းဇော်အောင်က ပြောသည်။ ကန့်သတ်ထားသည့် စာရွက်စာတမ်းများက အွန်လိုင်းတွင် ပျံ့နှံ့သွားလျှင် ၎င်းတို့သည် လူတိုင်းသိသွားသည့် သတင်းအချက်အလက် ဖြစ်သွားတတ်သည်ဟု သူက ဆိုသည်။
“ဒါကြောင့် ဥပဒေမှာက အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ပါ ပါမှရမယ်” ဟု သူကပြောသည်။
သူ၏ အမှုသည်များဖြစ်သည့် ရိုက်တာ သတင်းထောက်များသည် သူတို့ကို ရဲတပ်ဖွဲ့က ပေးသည့် စစ်ရေးဆိုင်ရာ စာရွက်စာတမ်းများကြောင့် တရားစွဲ ခံရခြင်း ဖြစ်သလို သူတို့၏ ဖုန်းများအတွင်းတွင် အခြား လျှို့ဝှက်အဆင့် စာရွက်စာတမ်း တွေ့ရသည်ဟု ရဲက ဆိုသည်။ သူတို့ ဖုန်းများထဲတွင် တွေ့ရသည့် အကြောင်းအရာများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်သည့် ဒုတိယ သမ္မတ၏ ခရီး စဉ်နှင့် ပြီးခဲ့သည့် နှစ်အတွင်းက မြန်မာနိုင်ငံသို့ ပုပ်ရဟန်မင်းကြီး လာရောက်သည့် ခရီးစဉ် အတွက် လုံခြုံရေး ချထားမှု အစီအစဉ်တို့ပါဝင်သလို ရက္ခိုင်တပ်မတော် (AA) မှ တာဝန်ရှိသူ တဦး၏ ဖုန်းနံပါတ်လည်း သီးခြား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ AA အဖွဲ့ သည် လက်ရှိ အချိန်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။
သို့သော်လည်း ရိုက်တာသတင်းထောက်များက သူတို့သည် စာရွက်စာတမ်းများတွင် ပါဝင်သည့် အကြောင်းအရာများကို ပင်သိရှိခဲ့ခြင်း မရှိဘဲထိုစာရွက်များကို ရဲအဖွဲ့ဝင် တဦးမှ ပေးခဲ့ပြီး များမကြာမီ အချိန်မှာပင်ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းနှင့် ကန့်သတ် စာရွက် စာတမ်းများ ဖုန်းအတွင်းတွင် တွေ့ရှိခြင်းကို သတိမပြုမိခဲ့ဘဲ သူတို့ထံသို့ Messenger ကဲ့သို့သော သတင်း အချက်အလက် ဝေမျှသည့် အပလီကေးရှင်း တခုခုမှ တဆင့် ပို့ထားခြင်း ဖြစ်ကောင်း ဖြစ် နိုင်ကြောင်း ထွက်ဆိုခဲ့ကြသည်။
ထိုသတင်းအချက် အလက်များသည် သူတို့ အဖမ်းခံရသည့် အချိန်တွင် လိုက်နေသည့် ရိုဟင်ဂျာများ အစု အပြုံလိုက် အသတ်ခံရသည့် သတင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြောသည်။ သို့သော်လည်း တရားသူကြီးက “လျှို့ဝှက်စာရွက်စာတမ်း များမှ သတင်းအချက်အလက်များသည် လက်နက်ကိုင် အဖွဲ့ တခုဖြစ်သည့် AA အပါအဝင် နိုင်ငံတော် ကိုဆန့်ကျင်နေသည့် အဖွဲ့အစည်းများအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အထောက်အကူဖြစ်စေနိုင်သည်” ဟု ဆိုသည်။
“အဲဒါ တကယ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ တရားဥပဒေစိုးမိုး ရေးမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း အခြေအနေကို ဒါက ဖော်ပြနေပါတယ်” ဟု ဦးသန်းဇော်အောင်က ပြောသည်။
စာနယ်ဇင်းသမားများကို ရာဇဝတ်မှုဖြင့် စွဲဆိုရန် အတွက် ကိုလိုနီခေတ်ဥပဒေများကို ယခင်ကလည်း အသုံးပြုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် The Unity အပတ်စဉ်ထုတ် ဂျာနယ်မှ စာနယ်ဇင်းသမား ၅ ဦးကို မြန်မာနိုင်ငံ အထက်ပိုင်းရှိ တပ်မတော် ၏ ဓာတုလက်နက်စက်ရုံဟု သံသယရှိသည့် စက်ရုံ အကြောင်းကို သတင်းဖော်ပြခဲ့သည့် အတွက် နိုင်ငံတော် လျှို့ဝှက် ချက် ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် နှစ်အတွင်းတွင် ဧရာဝတီမှ အကြီးတန်း သတင်းထောက်တဦး နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ သတင်းထောက် ၂ ဦးတို့ကို အစိုးရတပ်ဖွဲ့များနှင့် တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုမှ ပြုလုပ် သည့် မူးယစ်ဆေးဝါး ဖျက်ဆီးပွဲသို့ သတင်းရယူရန် သွားရောက်သည့် ခရီးစဉ် အတွင်းတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့သည်။ နောက်ပိုင်းတွင် တပ်မတော်က စွဲချက်များကို ရုပ်သိမ်းပေးခဲ့သည်။
International Commission of Jurists (ICJ) က အဆိုပါ ဥပဒေများတွင်ပါဝင်သည့် ပြစ်မှုများနှင့် ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုသည်မှာ ကျယ်ပြန့် လွန်းပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခြင်းခံရတတ်သလို အာဏာပိုင်များက အလွဲသုံး စား ပြုလုပ်ရန်လည်း လွယ်ကူနေသည်ဟု ဆိုသည်။
ICJ ၏ ဥပဒေရေးရာ အကြံပေးဖြစ်သော Sean Bain က နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေသည် ခေတ်မမီတော့သည့် ကိုလိုနီခေတ် ဥပဒေဖြစ်ပြီး လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့် ဆီလျှော်ခြင်းမရှိဟု ဧရာဝတီသို့ ပြောသည်။
“စာနယ်ဇင်းသမားတွေကို ပြစ်ဒဏ်ပေးဖို့ ခေတ်မမီတော့တဲ့ ဥပဒေတွေကို အသုံးပြုခြင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့ အဖွဲ့အစည်း ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်နေပါတယ်။” ဟု သူက ပြောသည်။ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေနဲ့ ကတိပြုထားတဲ့ အတိုင်း တရာဥပဒေစိုးမိုးရေး အတွက် အဲဒီဖိနှိပ်တဲ့ ကိုလိုနီခေတ် ဥပဒေတွေကို အမြန်ဆုံး ပြင်ဆင် သင့် ပါတယ်။” ဟု လည်းထပ်ပြောသည်။
Myanmar Journalism Institute မှ လေ့ကျင့်ရေးဒါရိုက်တာ ဦးစိန်ဝင်းက ယခုအချိန်တွင် မြန်မာနိုင်ငံမှ ဂျာနယ်လစ်များ အနေဖြင့် အစိုးရ စာရွက်စာတမ်းများ ကိုင်တွယ်ရာတွင် ပိုမို၍ သတိထားရန် ဖြစ်လာသည်ဟု ပြောသည်။ အစိုးရနှင့် သက် ဆိုင်သမျှ အားလုံးနီးပါးကို လျှို့ဝှက်ဟု သဘောထားသည့် အတွက် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲရန် ပိုမို လွယ်ကူလာကြောင်း ရှင်းပြသည်။
“ဒါကြောင့် ဥပဒေကို ပြင်ရမယ်။ ဒီလိုမှ မဟုတ်ရင် ဂျာနယ်လစ်တွေနိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ အရ ထောင်ချခံရမယ့် အန္တရယ်နဲ့ ပိုပြီး ရင်ဆိုင်ရလိမ့်မယ်” ဟု သူက ပြောသည်။
လူ့အခွင့်အရေး NGO တခုဖြစ်သည့် Free Expression Myanmar (FEM) ၏ အဆိုအရ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ သည် ဒီမိုကရေစီနှင့် လုံး၀ ဆန့်ကျင်နေပြီး သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ကာကွယ်ပေးသော၊ အစိုးရ က အမှား အယွင်းလုပ်မိခြင်း သို့မဟုတ် အကျင့်ပျက်ခြစားမှု တို့ကဲ့သို့ အများပြည်သူ သိသင့်သည့် သတင်းအချက်အ လက် များကို ဖော်ထုတ်ရေးသားနိုင်ရန် အတွက် နိုင်ငံတော် လျှို့ဝှက်ချက်ဆိုသည်မှာ မည်သည့်အရာများကို ဆိုသည် ကို ရှင်းလင်းစွာဖွင့်ဆို ပေးထားသော ဥပဒေ သစ်တခုနှင့် အစားထိုးရန် လိုအပ်နေသည်ဟု ဆိုသည်။
“မြန်မာအစိုးရက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို အမျိုးသားလုံခြုံရေး အတွက်လို့ ဆိုပြီးပြောနေတယ်။ ဒါပေမယ့် သူတို့ အမှားအယွင်းလုပ်မိတဲ့စွပ်စွဲချက်တွေကို ဖုံးကွယ်ဖို့ အတွက် အဲဒီ ဥပဒေကို အသုံးပြုနေတယ်ဆိုတာကို အားလုံး အသိဘဲ” ဟု FEM ၏ ပရိုဂရမ် မန်နေဂျာ ဒေါ် ယဉ်ရတနာ သိန်းက ရိုက်တာ သတင်းထောက်များ အမှုကို ရည်ညွှန်း၍ ပြောသည်။
ဗြိတိန် နိုင်ငံအနေဖြင့် ပြည်သူတောင်းဆိုမှုကြောင့် ထို လျှိုဝှက် ဥပဒေ ကို သတင်းအချက်အလက်အခွင်း အရေးသို့ချဉ်းကပ်ရာတွင် ပိုမို၍ ဒီမိုကရေစီ ဆန်စေရန် ၁၉၈၉ ခုနှစ်တွင် ပြင်ဆင်ပေးခဲ့သည်ဟု သူမက ပြောသည်။ “ဒါပေမယ့် မြန် မာနိုင်ငံမှာက ကိုလိုနီခေတ်က အတိုင်းဆက်ထားခဲ့တယ်။”
ဗြိတိန်၏ ဥပဒေသစ်တွင် “သတင်းအချက်အလက် လျှို့ဝှက်ချက်ကို အစိုးရတာဝန်ရှိသူများကသာ ထိန်းသိမ်းရန် တာဝန်ရှိ ပါတယ်။ သူတို့ပြင်ဆင်ထားတဲ့ ဥပဒေအရ စာနယ်ဇင်းသမားတွေ သို့မဟုတ်တက်ကြွလှုပ်ရှားသူတွေက နိုင်ငံတော်ကနေ ပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေ ရှိတဲ့အတွက် ဘယ်တော့မှ တရားစွဲမခံရပါဘူး” ဟု ဒေါ် ယဉ် ရတနာသိန်းက ထပ်ပြောသည်။
နိုင်ငံတော် လျှိုဝှက် ဥပဒေ၏ ပုဒ်မ ၃(အဆိုပါ ပုဒ်မ အရ ရိုက်တာ သတင်းထောက်များကို အရေးယူခဲ့သည်) နှင့် ပုဒ်မ ၅ (အစိုးရနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဝေမျှခြင်းက ပြစ်မှုမြောက်သည်) တို့ကို ပြင်ဆင်ရန် ၊ အမျိုးသား လုံ ခြုံရေး ကိုကာကွယ်ရန် အတွက် မည်သည့်သတင်းအချက်အလက်ကို လျှို့ဝှက်ချက် အဖြစ်ထားရှိရမည် ဆိုသည်ကို ရှင် း လင်း စွာ ဖွင့်ဆိုရန် နှင့် ဥပဒေကို အမှားအယွင်းလုပ်မိခြင်းနှင့် အကျင့်ပျက်ခြစားမှု တို့ကို ဖုံးကွယ်ရာတွင် အသုံးပြုနိုင်ခြင်း မရှိ စေရန် အများပြည်သူအကျိုးစီးပွား ဆိုသည့် ဖြတ်ထုံးတခုကို ထည့်သွင်းရန် FEM က အကြံပြုသည်။
Unity ဂျာနယ်မှ သတင်းထောက်များထောင်ကျခဲ့ပြီးနောက် နှစ် ၁၀၀ နီးပါးသက်တမ်း ရှိပြီဖြစ်သော ထိုဥပဒေကို ပြင်ဆင်ရေး အတွက် ၂၀၁၄ ခုနှစ်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွှန့်က အဆိုပါ ဥပဒေကို ဖိနှိပ်မှု အဖြစ်ဖွင့်ဆိုခဲ့ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် ကိုက်ညီပြီး နိုင်ငံသားများနှင့် သတင်းမီဒီယာ၏ အခွင့်အရေးများကို ယောင်ပြန်ဟပ်သည့် ဥပဒေတခု ဖြစ်လာအောင်ပြင်ဆင်သင့်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့ သည်။
သို့သော်လည်း ထို ကြိုးစားမှုက အချည်းနှီး ဖြစ်ခဲ့ရသည်။ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ် မှူး ချုပ် ကျော်ကျော်ထွန်းက “ဥပဒေပြင်ဆင်ခြင်းက တားမြစ်ထားသည့် ဧရိယာသို့ ကျူးကျော်ဝင်ရောက်လာသူများကို အရေး ယူရာတွင် အတားအဆီး ဖြစ်စေပြီး ဥပဒေကို အသက်မဲ့စေလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုဥပဒေပြင်ဆင်ရေးကို အခြား လွှတ်တော်ကိုယ်စားလှယ်များကလည်း မထောက်ခံ ကြသည့် အတွက် လွှတ်တော်က နောက်ထပ် အရေး ယူတောင်ရွက်မှု မရှိခဲ့ပေ။
FEM က ၂၀၁၄ ခုနှစ်မှ စတင်၍ အဆိုပါဥပဒေကို အခြားသော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့် အတူ ပြင်ဆင်ရေး အ တွက် တောင်းဆိုခဲ့သည်။ NLD အာဏာ ရရှိလာသည့် ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ရေး အတွင် ရှေ့နေချုပ်ရုံး နှင့် ပြန် ကြားရေး ဝန်ကြီးဌာန အပါအဝင် အစိုးရတာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု ဒေါ်ယဉ်ရတနာသိန်းက ပြောသည်။
“သူတို့က ဒီကိစ္စတွေကို ဟိုနဲ့ ဆိုင်တယ်၊ ဒီဖက်နဲ့ ဆိုင်တယ် ဆိုပြီး ဘောလီဘောပုတ်နေတာဘဲ။ ခုချိန်အထိ ခွင့်ပြုချက် မရသေးဘူး” ဟု သူမ က ပြောသည်။
(Calls Mount for Official Secrets Act to Be Amended in Wake of Reuters Case ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – အပြောင်းအလဲအတွက် မကောင်းသော နိမိတ်ဆိုး