သတင်း

ပုသိမ်မြို့လယ် နာရီစင်အား ဖောက်ထွင်းသူ ၂ ဦးကို ဖမ်းဆီးထား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၏ အထင်ကရ မြို့လယ်ခေါင် နာရီစင်အား ဖောက်ထွင်းခဲ့သည့် လူငယ် ၂ ဦးအား ဖမ်းဆီး ရမိထားကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က သတင်းရရှိသည်။

ဧရာဝတီတိုင်း အစိုးရ အဖွဲ့ရုံးနှင့် တိုင်းလွှတ်တော်ရုံး အနီးရှိ နာရီစင်မှ အင်ဗာတာနှင့် မီးလုံးချုပ်များ ဖောက်ထွင်း ခိုးယူမှု စက်တင်ဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ အသက် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးကို စက်တင်ဘာ ၁၂ ရက်က ဖမ်းဆီးခဲ့ကြောင်း ပုသိမ်မြို့ နယ်မြေ ရဲစခန်းမှ အမှုစစ် အရာရှိ ဒုရဲအုပ် ကျော်စိုးအောင်က ဧရာဝတီသို့ ပြောသည်။

ဒုရဲအုပ် ကျော်စိုးအောင်က “တိုင်းဒေသကြီး အစိုးရ ရုံးရှေ့မှာ CCTV တပ် ထားတော့ အဲဒီမှာ သူတို့ ၂ ယောက် နာရီစင်ကို မနက်၂ ချက်တီး လောက်မှာ ကမ်းနားဘက်က လျှောက်လာပြီး ဝင်ဖောက်တယ်။ ၂ နာရီခွဲလောက် ကျတော့ ပြန်ထွက် သွားတာ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ ပစ္စည်းအဟောင်း ရောင်းတဲ့ ဆိုင်တွေမှာ လူဖြန့် စုံစမ်းတော့ ဒီ ၂ ယောက် လာရောင်းတဲ့ သတင်းရတယ်” ဟု ဆိုသည်။

အဆိုပါ ဖောက်ထွင်းခံရမှုကို ပုသိမ်မြို့ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ဝင်းမြင့်နှင့် အဖွဲ့က CCTV မှတ်တမ်း သက်သေများနှင့် စစ်ဆေး ပေါ်ပေါက်ချက်များ အရ ဝေလင်းထက်အောင်ဇော် (ခ) ကတုံးနှင့် မွှေးနီ (ခ) သီဟတို့ကို ယင်း နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနာရီစင်ရှိ ခိုးယူခံရသည့် ပစ္စည်း တန်ဖိုးမှာ ငွေကျပ် ၆ သောင်းကျော် ရှိကြောင်း သိရသည်။

ဒုရဲအုပ် ကျော်စိုးအောင်က ဆက်လက်၍ “မသင်္ကာ တရားခံ အဖြစ် စစ်ဆေး မေးမြန်းတော့ သူတို့ လုပ်ပါတယ်လို့ ဝန်ခံ တယ်။ ပြီးတော့ နာရီစင်က ခိုးလာတဲ့ ပစ္စည်းတွေ ရောင်းထားတဲ့ ဆိုင်တွေ လိုက်ပြတယ်။ ပြစ်မှု ကျူးလွန်ရာမှာ အသုံးပြု တဲ့ သက်သေခံ ပစ္စည်းတွေလည်း သူတို့ဆီက သိမ်းဆည်း ရမိခဲ့ပါတယ်” ဟု ဆိုသည်။

ဝေလင်းထက်အောင်ဇော် (ခ) ကတုံးနှင့် မွှေးနီ (ခ) သီဟ တို့ နှစ်ဦးမှာ နာရီစင်၏ ဝင်ပေါက် တံခါး သော့ခလောက်အား ဖျက်ဆီး၍ နာရီစင်အတွင်းရှိ Hambo အမျိုးအစား ၁၀၀၀ ဝပ် အင်ဗာတာနှင့် ဆိုဒီယံ မီးလုံး ချုပ်တို့ကို ခိုးယူခဲ့ခြင်း ဖြစ်ပြီး အင်ဗာတာနှင့် မီးလုံး ချုပ်တို့အား ဖျက်ဆီး၍ ရရှိလာသည့် ကြေးနန်းကြိုးများကို ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ အောင်သ ပြေလမ်းရှိ သံအဟောင်း ရောင်းဝယ်သည့် ဆိုင်တွင် ၁၂၃၀၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ရောင်းချမရသည့် ပစ္စည်းများ ကို ဘူတာ အနီးရှိ အမှိုက်ပုံတွင် လွှင့်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒုရဲအုပ် ကျော်စိုးအောင် က “နာရီစင်ကိုဖောက်တဲ့ ကောင်လေး ၂ ယောက်က ဘူတာနားက ပန်းခြံထဲမှာနေကြတဲ့ လေလွင့် လူငယ်တွေ။ သက်သေခံ ပစ္စည်းတွေကို သူတို့ ရောင်းထားတဲ့ အဟောင်းဆိုင် ကရော၊ အမှိုက်ပုံမှာ လွှင့်ပစ်ခဲ့တာတွေရော ပြန်လည် ကောက်ယူ သိမ်း ဆည်းခဲ့ပါတယ်” ဟု ရှင်းပြသည်။

ယင်းအမှုအား ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကောမတီမှ အင်ဂျင်နီယာမှူး ဦးအောင်သန်းဝင်း က တရားလို ပြုလုပ်၍ ပုသိမ်မြို့ နယ်မြေ ရဲစခန်းတွင် အမှု ဖွင့်လှစ်ခဲ့ရာ ပြစ်မှု နံပါတ် ၄၀၉/၂၀၁၈၊ ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင့်ရှောက် ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် ရဲစခန်းက အမှု ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပုဒ်မမှာ ပြည်သူပိုင် ပစ္စည်း တစုံတရာကို ခိုးယူခြင်း၊ ပိုင်ဆိုင်ခွင့် မရှိဘဲ လက်ဝယ်ထားခြင်းနှင့် အလွဲသုံးစားမှု ပြုခြင်း၊ အကျိုးပျက်စီးခြင်းများ ပြုလုပ်လျှင် ကျုးလွန်သူအား ထောင်ဒဏ် ၇ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က “နာရီစင်ကို အခုလိုတွေ ထပ်မဖြစ်အောင် ကျနော် တို့ လုံခြုံရေး မီးတွေ ဆင်မယ်။ ပျက်သွားတဲ့ တံခါးနဲ့သော့ကို ပိုပြီး ခိုင်ခိုင် ခန့်ခန့် ဖြစ်အောင် လုပ်မယ်။ ကျနော်တို့ လုပ်နိုင် တာ ဒါပဲရှိမယ်။ အမြဲတမ်း လူစောင့်ထားဖို့တော့ မလွယ်ဘူး။ ဒါကြောင့် နာရီစင် လုံခြုံရေးက စည်ပင်ချည်းပဲ ကြည့်လို့ မရ ဘူး။ တခြားသော လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်းတွေ ကလည်း သတိထားရမယ့် ကိစ္စပါ”ဟု ပြောသည်။

ပုသိမ်မြို့၏ ကျက်သရေဆောင် နာရီစင်ကို ဖောက်ထွင်းခိုးယူ ဖျက်ဆီးမှုဖြင့် ဖမ်းဆီးထားသည့် သူ ၂ ဦးအား ယနေ့တွင် တရားရုံး၌ ချုပ်ရမန်ယူကာ ပုသိမ်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading