အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် စစ်ဖက်နှင့် ထောက်လှမ်းရေးများက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး အလားအလာရှိသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပါက နိုင်ငံတကာရာဇဝတ် တရားရုံး (ICC) ကို မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုက စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောလိုက်သည်။
ICC အနေဖြင့် ၂၀၀၂ ခုနှစ်တွင် စတင် ထူထောင်ထားသည့် စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိသည့် အမေရိကန်များ၊ သို့မဟုတ် တခြား နိုင်ငံများမှ ပြည်သူများ အပေါ် စီရင်ခွင့်မရှိသင့်ကြောင်း ဝါရှင်တန်ရှိ ရှေးရိုးစဉ်လာဝါဒီ ဖက်ဒရယ် အသင်းသို့ အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘောလ်တန်က ပြောသည်။
အစ္စရေးနိုင်ငံ၏ လုပ်ရပ်များကို ICC က စစ်ဆေးရန် ပါလက်စတိုင်းတို့၏ အားထုတ်မှုနှင့် ငြိမ်းချမ်းရေး စာချုပ်အတွက် ပါလက်စတိုင်းတို့က အစ္စရေးနှင့် တိုက်ရိုက် ဆွေးနွေးရန် ငြင်းဆိုခြင်းတို့ကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဝါရှင်တန်ရှိ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ရုံးကိုလည်း ပိတ်လိုက်ကြောင်း ဂျွန်ဘော်လ်တန်က တချိန်တည်းတွင် ကြေညာခဲ့သည်။
အစ္စရေးနိုင်ငံကို ICC က စစ်ဆေးရန် PLO ၏ အားထုတ်မှုအတွက် PLO ရုံးကို ပိတ်မည်ဟု ထရမ့်အစိုးရက လွန်ခဲ့သော နှစ်က စတင် ကြေညာခဲ့သော်လည်း နောင်တွင် ထိုဆုံးဖြတ်ချက်ကို ရုပ်သိမ်းခဲ့သည်။
အခြေချနေထိုင်ရေး လှုပ်ရှားမှုများနှင့် ပြည်သူများကို ရန်လိုကျူးကျော်မှုများတွင် ပါဝင်ပတ်သက်ခြင်းအတွက် အစ္စရေး အရာရှိများကို စုံစမ်းစစ်ဆေးရန် ပါလက်စတိုင်း သမ္မတ မာမွတ် အက်ဘက်စ်က ICC ကိုတောင်းဆိုထားသည်။
PLO ရုံးကို ပိတ်လိုက်သည့် ထရမ့်အစိုးရ၏ လုပ်ရပ်က ပါလက်စတိုင်း အစိုးရ၏ ICC နှင့်ပတ်သက်သော လုပ်ဆောင်မှုများကို တားဆီးနိုင်မည် မဟုတ်ကြောင်း ပါလက်စတိုင်းအရာရှိ ဆေအက် အီရီကက်က ပြောသည်။
“ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးတွေက ရောင်းကုန်မဟုတ်ဘူး။ အမေရိကန်ရဲ့ ခြိမ်းခြောက် အနိုင်ကျင့်မှုကို အလျှော့ပေးမှာ မဟုတ်ဘူး” ဟု စက်တင်ဘာလ ၁၀ ရက်နေ့တွင် သူက ပြောလိုက်သည်။
ICC သည် အခြေခံအားဖြင့်ပင် တရားမဝင်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို စော်ကားခြင်းဖြစ်ကြောင်း ဘော်လ်တန်က ဆိုသည်။
အမေရိကန် ပြည်ထောင်စုသည် စစ်ရာဇဝတ်မှုကျူးလွန်သူများကို အပြစ်ပေးရေးအပေါ် ဆန့်ကျင်ခြင်း မဟုတ်ဘဲ စစ်ရာဇဝတ်မှုများကို စွပ်စွဲလာပါက ကျူးလွန်သူများကို အချုပ်အခြာ အာဏာပိုင် အမျိုးသား အစိုးရများကသာ စွဲချက်တင်ရမည် ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
အာဖဂန်နစ္စတန်မှ အမေရိကန် စစ်ရေးဆောင်ရွက်ချက်များကို ICC က စုံစမ်းစစ်ဆေးလာပါက ထိုတရားရုံးမှ တရားသူကြီး များနှင့် တရားစွဲ ရှေ့နေများကို အမေရိကန် နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ဘဏ္ဍာ အဖွဲ့အစည်း များက ၎င်းတို့၏ မည်သည့်ရန်ပုံငွေကို မဆို ထိန်းချုပ်မည် ဖြစ်ကာ အမေရိကန် တရားရုံးများတွင်သာ စုံစမ်း စစ်ဆေးရန် အားထုတ်မည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။
အမေရိကန် တပ်ဖွဲ့ဝင်များနှင့် ဘော်လ်တန်က အမေရိကန် မျိုးချစ်များဟုခေါ်သော ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ဝန်ထမ်းများ၏ မှားယွင်းသော လုပ်ရပ်များအတွက် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ICC က မကြာမီ ကြေညာနိုင် ကြောင်းလည်း သူက ပြောသည်။
အမေရိကန် ကန့်ကွက်မှုကို တုံ့ပြန်မှုများ
ထို စုံစမ်းစစ်ဆေးမှုသည် အထူးသဖြင့် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အတွင်း အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကျူးလွန်သော ရာဇဝတ်မှုများနှင့် CIA က အသုံးပြုခဲ့သော အာဖဂန်မှ လျှို့ဝှက် ဖမ်းဆီး ထိန်းသိမ်းရေး စခန်းများကို အာရုံစိုက်မည် ဖြစ်ကြောင်း ICC ၏ တရားစွဲရှေ့နေချုပ် ဂမ်ဘီယာနိုင်ငံမှ ဖက်တူး ဘန်ဆူဒါက လွန်ခဲ့သော နိုဝင်ဘာလက ပြောခဲ့သည်။ ထို့အပြင် တာလီဘန်အဖွဲ့၊ ၎င်း၏ အဖွဲ့ခွဲ ဟက်ကနီ ကွန်ရက်နှင့် အာဖဂန်အမျိုးသား လုံခြုံရေး တပ်များကိုလည်း စုံစမ်း စစ်ဆေးမည်ဟု သူက ဆက်ပြောသည်။
အလားအလာရှိသော စုံစမ်းစစ်ဆေးမှုကို အမေရိကန် ကာကွယ်ရေး ဌာနက ကန့်ကွက်ခဲ့ပြီး ၎င်းတို့သည် စစ်ဥပဒေများကို လိုက်နာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြစ်မှုများ၏ လေးနက်ပြင်းထန်မှုနှင့် ထိခိုက်နစ်နာသူများ၏ အကျိုးစီးပွားတို့ကို ထည့်သွင်းစဉ်းစားပါက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းသည် တရားမျှတမှု၏ အကျိုးစီးပွားကို မထမ်းဆောင်နိုင်ဟု ယုံကြည်ရန် ခိုင်မာသော အကြောင်းမရှိဟု ဆုံးဖြတ်ထားကြောင်း ဘန်ဆူဒါ၏ ရုံးက ကြေညာသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အရာရှိ အဒိုတိ အက်ကွေက အမေရိကန် နိုင်ငံ၏ သဘောထားကို ချက်ခြင်း ဝေဖန်လိုက်ပြီး ICC ၏ တရားဝင်မှုကို ပယ်ချခြင်းသည် နိုင်ငံတကာ ဥပဒေအရ အပြင်းထန်ဆုံး ရာဇဝတ်မှုများကို ကြုံတွေ့ခဲ့ရသည့် သန်းနှင့်ချီသော ထိခိုက်နစ်နာသူများနှင့် သေတွင်းမှ လွတ်မြောက်လာသူများကို တိုက်ခိုက်မှု ဖြစ်ကြောင်း၊ တရားမျှတမှုကို ရှေ့တန်းတင်ရန် နိုင်ငံတကာ အသိုင်းအဝန်း၏ ဆယ်စုနှစ်များစွာကြာသော လုပ်ဆောင်မှု သစ်ကို အင်အားချိနဲ့ သွားစေကြောင်း ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စုသည် ICC ကို ထူထောင်သည့် ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးသင့်ပြီး စုံစမ်း စစ်ဆေးမှုများကို မဟန့်တားဘဲ ထောက်ခံသင့်သည်ဟု အက်ကွေက ပြောသည်။
ICC သည် နိုင်ငံတကာ ဥပဒေအရ အပြင်းထန်ဆုံး ပြစ်မှုများဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် ကျူးကျော်ရန်စသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသည့် အဖွဲ့အစည်း ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုကို ဆန့်ကျင်ကြောင်း ICC အား တိုက်ခိုက်မှု ပြန်လည်စတင်ခြင်းဖြင့် အန္တရာယ်ကြီးမားစွာ ပြသလိုက်ခြင်း ဖြစ်သည်ဟု အက်ကွေက ဆိုသည်။
စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများကို စုံစမ်း စစ်ဆေးရာတွင် ICC ကို အမြဲတမ်းပုံစံဖြင့် အမျိုးသား အစိုးရများနှင့် အမှီအခို ကင်းအောင် ဖွဲ့စည်းထားသော်လည်း ICC သည် ထိရောက်မှုကင်းမဲ့ပြီး တာဝန်ခံမှု ကင်းမဲ့သည်ဟု ဘော်လ်တန်က ပြောသည်။
ကိုးကား။ ။ VOA