မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး၌ အလောင်းထုတ်ယူမှုတွင် ငွေကြေး ပေးရသည် ဆိုသော ကိစ္စရပ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်တွင် အငြင်းပွားမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ် အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်းက မော်လမြိုင် ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံ၌ အလှူငွေ မထည့်ဝင်ပါက အလောင်းမထုတ်ပေး ဆိုခြင်းမှာ မဟုတ်ကြောင်း လွှတ်တော်တွင် ပြောကြားသည်ဟု သိရသည်။
စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်း အဝေး ပထမနေ့ တွင် ပြောခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါက်တာ ထိန်လင်း က “မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အလှူငွေများ၊ ဆေးရုံသုံး ပစ္စည်းများအား စေတနာရှင် ပြည်သူများမှ မိမိတို့ စေတနာ အလျောက် လှူဒါန်းလျက် ရှိပါတယ်။ အလှူငွေ မထည့်ဝင်ပါက အလောင်းအား မထုတ် ပေးမှု မရှိပါဘူး။ မိမိ ဆန္ဒအလျောက် အလှူငွေ ထည့်ဝင်ခြင်းကိုသာ လက်ခံပါတယ်”ဟု ပြောသည်။
ချောင်းဆုံ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့သော လူနာ များ၏ အလောင်းကို ထုတ်ယူရာ၌ အလှူငွေထည့်မှသာ အလောင်းထုတ်ယူခွင့် ရှိပါသလားဟု လွှတ်တော် အစည်း အဝေး တွင် မေးမြန်းမှုအပေါ် ဖြေကြားခြင်း ဖြစ်သည်။
ဒေါ်ကြည်ကြည်မြက ချောင်းဆုံမြို့နယ်မှ ဒေသခံတဦး ယာဉ်မတော်တဆမှုဖြင့် ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်က မော်လ မြိုင် ဆေးရုံကြီး၌ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ခြင်းကြောင့် ဆေးရုံ ရင်ခွဲရုံတွင် ရုပ်အလောင်း ထားရှိခဲ့ရပြီး ဇူလိုင် ၁ ရက် ဖြစ်သော တနင်္ဂနွေနေ့တွင် အလောင်းထုတ်ယူရန် မော်လမြိုင်ဆေးရုံက အကြောင်းကြားရာ ကျေးရွာ အုပ်ချုပ် ရေး မှူး အပါအဝင် ကာယကံရှင်များက အလောင်းယူရန် နံနက် ၁၀ နာရီမှ စတင် စောင့်ဆိုင်းခဲ့ရပြီးနောက် မွန်းလွဲ ၂ နာရီ ရောက်သော အချိန်မှ ရုံးပိတ်ရက်ဟု ဆိုကာ အလောင်း မထုတ်ပေးခဲ့ကြောင်း ပြောဆိုသည်။
ထို့ပြင် ယင်းမေးခွန်းနှင့် တဆက်တည်း မေးခွန်းအဖြစ် ဒေါ်ကြည်ကြည်မြက တနင်္ဂနွေနေ့သည် ပိတ်ရက်ဟု သတ်မှတ် ထားပါလျှင် အလောင်းထုတ်ယူခွင့် ရှိ မရှိကို သိရှိလိုကြောင်းလည်း မေးမြန်းသည်။
လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်းက“နေ့စဉ် သေဆုံးနေသော အလောင်း များကို နေ့စဉ် ပုံမှန် ထုတ်ယူခွင့် ရှိပါ တယ်။ သို့သော် မှုခင်းဆိုင်ရာ အလောင်းများနှင့် ပတ်သက်၍ တနင်္ဂနွေ နေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ထားပါ သဖြင့် မှုခင်းနှင့် ပတ်သက်သော အလောင်းများကို တနင်္ဂနွေနေ့ တွင် ထုတ်ပေးနိုင်ခြင်း မရှိပါဘူး”ဟု လွှတ်တော် အစည်းအဝေး၌ ဖြေကြားသွားသည်။
ထို့ပြင် ရင်ခွဲရုံစောင့် ဝန်ထမ်းများအား တာဝန်ရှိသူများက ထိန်းကျောင်း ကြပ်မတ် ညွှန်ကြားပေးရန် စီစဉ်ထားပြီး ဖြစ် ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။
ဒေါ်ကြည်ကြည်မြက“တနင်္ဂနွေနေ့မှာ မှုခင်းနဲ့ပတ်သက်ရင် ထုတ်ပေးခြင်း မရှိဘူးလို့ ဖြေပေမယ့်လည်း အလောင်း လာ ရောက် ထုတ်ယူဖို့ အကြောင်းကြားသော ရက်ဟာ ဇူလိုင်လ ၁ ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။ ငွေကြေးရှိသူများ အတွက် အဆင်ပြေမှု ရှိပေမယ့်လည်း ငွေကြေးအင်အား ချို့တဲ့သူများ အတွက် အလောင်းထုတ်ယူရန် ကားငှားခ ကုန် ကျစရိတ် များဟာ အလောင်း ထုတ်ယူခွင့် မရရင် ဒါတွေဟာ အချိန်ကုန်၊ ငွေကုန် သက်သက် ဖြစ်ပါတယ်”ဟု ပြောဆို သည်။
ထို့ပြင် ဆေးရုံ၌ အလှူငွေ ထည့်ဝင်ရန်အတွက် မည်သည့်ဌာနမှ ညွှန်ကြားထားခြင်း မရှိဟု ဆိုသော်လည်း အလောင်း ထုတ် ယူရာ၌ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ဆက်လက် ပြောသည်။
ဒေါ်ကြည်ကြည်မြက“ငွေကြေးလည်း တရားဝင် မတောင်းခိုင်းထားဘူးဟု ဆေးရုံအုပ်ကြီးက အတည်ပြု ပြောဆိုထားပါ တယ်။ သို့သော်လည်း ယခု အလောင်း ထုတ်ယူရာတွင် မှုခင်းဆရာဝန်မှ အလှူငွေထည့်ဖို့ ပြောတဲ့အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အလှူငွေ ၂ သောင်းကျပ် ပေးခဲ့ရတယ်”ဟုလည်း ပြောကြားသွားသည်။