မြန်မာ့ပင်လယ်ပြင်တွင် ပလတ်စတစ်ပါဝင်မှုကို နော်ဝေနှင့် မြန်မာ သုတေသနပညာရှင်များ ပူးပေါင်း ၍ ပထမဆုံးအကြိမ် လေ့လာမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ရက်နေ့က နော်ဝေနိုင်ငံမှ Dr.Fridtjof Nansen အမည်ရှိ သုတေသန ရေယာဉ် မြန်မာပိုင်နက် ရေပြင်တွင် အဏ္ဏဝါပြင် ဂေဟဗေဒ စနစ်ကို သုတေသနပြုရန် ရောက်ရှိ လာခြင်း အခမ်းအနား၌ ထိုသို့ ပြောဆိုသွားခြင်းဖြစ် သည်။
ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူူး ဒေါက်တာထွန်းမင်းက “ဒီနှစ်ကတော့ ထူးထူး ခြားခြား မိုက်ခရို ပလတ် စတစ်ကို လေ့လာတယ်၊ မြန်မာနိုင်ငံမှာက ဒါနဲ့ ပတ်သက်လို့ Survey ကမရှိသေးတော့ ပထမဦးအကြိမ်ပေါ့၊ ရေထုထဲမှာ မိုက်ခရိုပလတ်စတစ် ဘယ်လောက်ရှိနေလဲ၊ နောက် ပြီး ငါးတွေရဲ့ အစာအိမ်ထဲမှာ ဘယ်လောက်ရှိနေလဲ၊ ငါးတွေရဲ့ အသားထဲမှာ ဘယ်လောက် ရှိနေလဲ ဆိုတာတွေကို လေ့လာနေတယ်”ဟု ပြောသည်။
ပလတ်စတစ်ပါဝင်မှု သုတေသန လုပ်ငန်းစဉ်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စီမံကိန်း၊ ငါးလုပ် ငန်း ဦးစီးဌာန ၏ ဦးဆောင်မှုဖြင့် နော်ဝေနိုင်ငံမှ သုတေသနပညာရှင်များ၊ မြန်မာနိုင်ငံ တက္ကသိုလ်များမှ သုတေသန ပညာ ရှင်များနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်တို့ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ပြီး၊ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ပါဝင်လာခြင်းဖြစ် သည်။
ယင်း သုတေသနရေယာဉ်သည် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် နှင့် တနင်္သာရီ ကမ်းရိုး တန်း ရေပြင်တလျှောက်တွင် သြဂုတ်လ၂၄ ရက်နေ့ မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ သုတေသန များပြုလုပ်ဆောင်ရွှက်သွားမည်ဟု သိရသည်။
ယခုကဲ့သို့ သုတေသနပြုလုပ်ခြင်းမှ ရရှိသည့် ရလဒ်များသည် တိုင်းပြည်၏ ဥပဒေများ မူဝါဒများ ရေးဆွဲရာတွင် အထောက် အကူပြုကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Ms Xiaojie Fan ကလည်း ဆိုသည်။
Ms Xiaojie Fan က “သုတေသနရလဒ်တွေကနေ တိုင်းပြည်ရဲ့ မူဝါဒတွေ ဥပဒေတွေကို ပိုမိုပြီးတော့ ကောင်းမွန်လာ အောင် လုပ်လို့ရတဲ့အတွက် ဆောင်ရွက်ဖို့ရာ အတွက်ရည်ရွယ်တာပါ” ဟုပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရခိုင်နှင့် ဧရာဝတီ ရေပြင်တွင် သုတေသန လုပ် ငန်းများ ပြုလုပ်ခဲ့ရာတွင် ရေပြင်အတွင်း ပလတ်စတစ်ပါဝင်မှုသည် ရခိုင်တွင် ပိုမို များနေပြီး အကြောင်းအရင်းသိရှိရန် သုတေသနလုပ်ငန်းစဉ်များ ကျန်ရှိနေသေးကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။
Ms Xiaojie Fan ကလည်း “ပင်လယ်ထဲမှာ ပလတ်စတစ် ပါဝင်မှုကို ဆောင်ရွက်ထားပါတယ်။ ဒီလို မျိုးဆောင်ရွက်ခြင်းဖြင့် ဒီတိုင်းပြည်မှာ ရာသီဥတု ပြောင်းလဲမှုဒဏ်နဲ့ ညစ်ညမ်းမှုတွေကို သိရှိပြီးတော့ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေ ကို ဒီသုတေသနကနေပြီးတော့ အဖြေတွေ့မယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။
သုတေသန ပြုလုပ်ရန် ကျန်ရှိနေသည့် တနသာၤရီကမ်းရိုးတန်းတွင် စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုတေသန လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
Dr. Fridtjof Nansen သုတေသနရေယာဉ်သည် မြန်မာနိုင်ငံသို့ ၁၉၇၉ ၊ ၁၉၈၀ ၊၂၀၁၃၊၂၀၁၅ နှင့် ယခု ၂၀၁၈ အထိ စုစုပေါင်း ၅ ကြိမ် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စီမံကိန်းအဖြစ် လာရောက်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်တွင် ဆောင်ရွက်မည့် သုတေသန လုပ်ငန်းစဉ်များတွင် ငါးသယံဇာတ တည်ရှိမှု ပမာဏ (Bio-Mass)အား တိုင်းတာခြင်း၊ ရေငန်ဂေဟဆိုင်ရာ အချက်အလက်များအား သုတေသနပြု ဆောင်ရွက် ခြင်း၊ ပင်လည်ရေပြင်အတွင်း ပလတ်စတစ်ပါဝင်မှုအား လေ့လာခြင်း နှင့် ငါးများ၏ ဥနှင့် သားလောင်းများ ပြန့်နှံတည်ရှိမှုများအား သုတေသနပြုခြင်း စသည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါသုတေသန ပြုလုပ်ခဲ့သည့် ရလဒ်များကို သုတေသနပြုပ်လုပ်ပြီးသည့် ကာလမှ နောက် ၆လအကြာတွင် သိရှိရမည်ဖြစ်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ သိရသည်။
ယခုကဲ့သို့ သုတေသနပြုလုပ်ခြင်းများကို မြန်မာနိုင်ငံအပြင် သီရိလကာၤ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့တွင်လည်း ပြုလုပ်လျက်ရှိသည်။