မွန်ပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ခရီးစဉ်များတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရပ်ဝတ်ဖြင့် နောက်ယောင်ခံလိုက်နေမှုနှင့် ပတ်သက်ပြီး မွန်ပြန်နယ် လွှတ်တော်တွင် လွှတ်တော် အမတ်တဦးက မေးခွန်းထုတ်ခဲ့သည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာလ ၁၃ ရက် နေ့တွင် သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်လိုင်လဲ့ က ယင်းသို့ မေးခွန်းထုတ် သွားခြင်းဖြစ်သည်။
ဒေါ်ခိုင်ခိုင်လဲ့ က “ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရပ်ရွာကို ဆင်းတဲ့နေရာတွေမှာရော၊ နောက်ပြီးတော့ ဖွင့်ပွဲအခမ်း အနားတွေ သွားတဲ့နေရာတွေမှာရော ကျမတို့ရဲ့နောက်မှာ အရပ်ဝတ်နဲ့ ပုဂ္ဂိုလ်တွေ မသိမသာ လိုက်ပါနေတာဖြစ်တာကြောင့် ကျမဒီမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးရာ ထိုဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အနောက်ကို နောက်ယောင်ခံလိုက်ခြင်း၊ အသံသွင်း ယူခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းများ မပြုလုပ်ရန် ပြဋ္ဌာန်းထားကြောင်း မွန်ပြည်နယ်လွှတ်တော်ထံ ဒေါ်ခိုင်ခိုင်လဲ့ က တင်ပြခဲ့သည်။
ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့နယ်မြေအတွင်း ရောက်ရှိလာသော ပြည်နယ်အဆင့် ပုဂ္ဂိုလ်များအား လုံခြုံရေးကိစ္စများကို အဓိက တာဝန်ယူကြရသည့် အဖွဲ့သာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးရအဖွဲ့ ဝန်ကြီးများထက် မိမိမဲဆန္ဒနယ်အပြင် တောရောမြို့ပါမကျန် ပြည်သူတစ်ရပ်လုံးနှင့် အဆက်မပြတ် ထိတွေ့နေရသည့် ပုဂ္ဂိုလ်များဖြစ်၍ လုံခြုံရေး ပေးခြင်းသာ ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်သို့ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
ဗိုလ်မှူးကြီးဝင်းနိုင်ဦး က “ကျနော်တို့ တာဝန်အရသော် လည်းကောင်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်ပေးရမယ့် လေးစား ထိုက်တဲ့ ပြည်နယ်အဆင့် ပုဂ္ဂိုလ်များဖြစ်တဲ့ အတွက်ကြောင့်သော် လည်းကောင်း လုံခြုံရေးအရ လိုက်ပါဆောင်ရွက်ပေးခြင်း၊ လုံခြုံရေးအရ လိုက်ပါ စောင့်ရှောင့်ပေးခြင်းသာ ဖြစ်ပါကြောင်း” ဟု ပြန်လည်ဖြေကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ခရီးစဉ်များတွင် ရဲတပ်ဖွဲ့မှ အရပ်ဝတ်ဖြင့် မသိမသာ သတင်းယူခြင်းနှင့် ပတ်သက်၍ “လုံခြုံရေးပေးတယ်လို့ မခံစားရဘူး၊ နောက်ယောင်ခံလိုက်တယ်လို့ပဲ ခံစားရတယ်၊ လုံခြုံရေးပေးရင် ယူနီဖောင်းနဲ့ ပေးရမှာလေ” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေတွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
ထိုအပြင် ဥပဒေ၏ ပုဒ်မ ၉ တွင် မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ယင်းဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ နှင့်အညီ အရေးယူဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ပင်လယ်ဒီရေကြောင့် နေအိမ်များ ပြိုပျက်မှုကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့က သတင်းဌာန ၅ ခုတို့မှ သတင်းသွားရောက်ယူခြင်းကို ရဲတပ်ဖွဲ့ဟုဆိုသော ယူနီဖောင်းမပါသူက သတင်းထောက် များ၏ ကိုယ်ရေးအချက်လက် အသေးစိတ်ကို နောက်ယောင်ခံမေးမြန်းခဲ့ကြောင်း မွန်ပြည်နယ် သတင်းထောက် ကိုနေမင်းက ပြောဆိုသည်။
“သတင်းဌာနအမည်၊ မိမိနာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာတောင်းတယ်၊ အဖအမည်ပါတောင်းတာ အလှပ်နယ်ထိန်းလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါသတင်း သွားရောက်ယူစဉ်က ဧရာဝတီ သတင်းဌာနအပါဝင် Speaker Journal သတင်းဌာန၊ အစိုးရဌာနဖြစ်တဲ့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဌာန၊ MRTV-NRC သတင်းဌာနနှင့် Sky-Net သတင်းဌာနတို့မှ သတင်းထောက်များကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။