ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု၌ တာဝန်ရှိသူများကို လာဘ်ငွေနှင့် တံစိုးလက်ဆောင် ပေးခဲ့သူများကို တရားလိုပြ သက်သေအဖြစ် အသုံးပြုမည်ဖြစ်ပြီး ၎င်းတို့ကို တရားစွဲရန်မရှိကြောင်း အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ယနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီကို ပြောသည်။
ဦးကျော်စိုး က “ကျနော်တို့ အခုစွဲဆိုမယ့် အမှုကိစ္စနဲ့ပတ်သက်လို့ ဒီခြောက်ယောက်ကို တရားစွဲတင်ဖို့ကိစ္စ လုပ်မယ်။ တရား စွဲတင်တဲ့ အချိန်မှာ ဒီအမှုကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့အတွက် ပေးတဲ့သူတွေကို တရားလိုပြသက်သေ အဖြစ် အသုံး ပြုဖို့ စီစဉ်ဆုံးဖြတ်ထားတဲ့အတွက် ပေးတဲ့သူကိုတော့ တရားစွဲဖို့ မရှိပါဘူး” ဟု ရှင်းပြသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က ရုပ်သိမ်းခဲ့သော အောင်ရဲထွေးအမှု၌ အဂတိလိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့နေသည့်အပေါ် ကျော်စောသတင်းအဖြစ် ၂၀၁၈ သြဂုတ် ၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၃၁ ရက်က နိုင်ငံတော်သမ္မတသည် အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင် စုရှေ့နေချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့နှင့် သမ္မတ အိမ်တော်၌ တွေ့ဆုံခဲ့အပြီး ၃ ရက် မြောက် နေ့တွင် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့နောက် ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် အရေးယူဆောင်ရွက် ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် ယမန်နေ့က အမှုဖွင့်ခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင်ပင် အဆိုပါ ၆ ဦးကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ အားချင်းရုံးထုတ်၍ ချုပ်ရက်ရမန်ယူခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ အမြန်ဆုံး (တရား) စွဲတင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ မနေ့ကတော့ အမှုဖွင့်တယ်။ အခု တရားစွဲတင်ဖို့ ကိစ္စတွေ ဆောင်ရွက် နေပါတယ်” ဟု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်စိုးက ပြောဆိုသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် ယခုကဲ့သို့ အရေးယူမှုသည် ပြည်သူများအတွက် အားတက်သွား မည် ဖြစ်သော်လည်း အမှန်တကယ် တရားဥပဒေ စိုးမိုးမှုရေးအတွက်မူ များစွာလိုနေသေးကြောင်း၊ ယခုဖြစ်ရပ်သည် ဥပမာ ကောင်းတခု လုပ်ပြရုံမျှသာ ဖြစ်ကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေ တဦးဖြစ်သူ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။
“ခုက တိုင်လို့ဖြစ်တာ မဟုတ်ဘူး။ ကျော်ဇောသတင်းရှိလို့ ဖေ့စ်ဘုတ်တွေနဲ့ ဝိုင်းအော်လို့။ တိုင်တဲ့သူက မရှိဘူး။ ဒါကြောင့် ကော်မရှင်ကပဲ တရားလိုလုပ်ပြီး လာဘ်ပေးတယ်ဆိုတဲ့သူကို လိုပြသက်သေထားရတာ။ သက်သေမရှိရင် ဒီအမှုက ပျက်ပြီ။ အမှုကြီး ပျက်သွားမှာစိုးလို့ သူ့ကို အစကတည်းက ဘယ်လိုစည်းရုံးရလဲဆို အမှန်သာထုတ်ပြော မင်းကို တရားမစွဲဘူး။ ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး စည်းရုံးပြီး ဖော်ထုတ်ရတာ။ ဒီတော့သူ့ကို သက်သေပဲ ထားတာ” ဟု ၎င်းက ပြောဆိုသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စက်တင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်အရ အရေးယူခံရသူများမှာ ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦး ကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းဒေသကြီးရဲတပ် ဖွဲ့ ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် သံသယတရားခံများ၏ မိဘများထံမျှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် စိစစ်ခြင်းမရှိဘဲ ရုပ်သိမ်းခွင့်ပြုပြီး ဖမ်းဆီးထားသည့် သံသယတရားခံများကို လွှတ်ပေးခဲ့သည့်အတွက် ယင်းသို့ အမှုဖွင့်အ ရေးယူရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးကျော်စိုး၏ ပြောပြချက်အရ တိုင်းဥပဒေချုပ်ဦးဟန်ထူးသည် သိန်း ၁၅၀ ကျပ်၊ Blue Label အရက်ပုလင်းတလုံးနှင့် အင်္ကျီ တထည်၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်သည် သိန်း ၅၀ ကျပ်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး သည် သိန်း ၁၃၀ ကျပ်နှင့် Gold Label အရက် ပုလင်းတလုံး၊ ဒုခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်သည် ကျပ် သိန်း ၃၀ နှင့် ပါတိတ်လုံချည်တထည်၊ တရားသူကြီး ဦးအောင်ကြည်သည် သိန်း ၃၃၀ ကျပ်၊ ရဲအုပ်ချစ်ကိုကိုသည် သိန်း ၃၀ ကျပ်တို့ အသီးသီး ရယူခဲ့သည်ဟု စစ် ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
တဖက်တွင်လည်း တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီး တရားလွှတ်တော်သို့ အောင်ရဲထွေးအမှု အမိန့်ပြင်ဆင် ချက် လျှောက်ထားမှုအား လက်ခံသင့်၊ မသင့် နှစ်ဖက်လျှောက်လဲချက်ကို သြဂုတ် ၂၉ က်တွင် ကြားနာမှု ပြုလုပ်ခဲ့ပြီး တိုင်းတရားလွှတ်တော်က အမိန့်ချမှတ်မည့်ရက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲ ထွေးသည် ၂၀၁၇ ခု ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက် ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ခု ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – အောင်ရဲထွေးအမှု တိုင်းဥပဒေချုပ်အပါအဝင် ၆ ဦးကို လာဘ်စားမှုဖြင့် အမှုဖွင့်