ဧရာဝတီတိုင်း ဒေသကြီးရှိ မြောင်းမြကြိုးတံတားသစ်ကို ၂၀၁၉ ခုနှစ် မတ်လတွင် အပြီးသတ် တည်ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်လင်း က ယနေ့ နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ဒုဝန်ကြီး ဦးကျော်လင်းက “၃ နှစ် အတွင်း အပြီး တည်ဆောက်ဖို့ စီမံချက် ရေးဆွဲခဲ့ပြီး တံတား အသစ် တည်ဆောက်ရေး လုပ်ငန်း ကို ၂၀၁၇ ခုနှစ်၊ မေလ အတွင်းက စတင် တည်ဆောက်ရန် ဆောင်ရွက်ခဲ့ပါတယ်” ဟု ဆိုသည်။
အဆိုပါ တံတားမှာ မြောင်းမြမြို့နှင့် ပုသိမ်-ရန်ကုန်မြို့ အထိ ဆက်သွယ်ထားပြီး ယခင် ကျိုးကျခဲ့သည့် မြောင်းမြ ကြိုးတံ တားဟောင်း၏ ရေစုန်ဘက်ခြမ်း ၄၆ ပေ အကွာအဝေးတွင် မူလ တံတားဟောင်းနှင့် ယှဉ်၍ တံတား ခံနိုင်ဝန် တန် ၆၀ ရှိ သော ၂ လမ်းသွား ‘သံကူ ကွန်ကရစ် တံတား ’ အသစ် တစင်းကို၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ စတင် တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။
တည်ဆောက်ဆဲ တံတား အသစ် ပုံစံမှာ ပင်မတံတား အရှည် ၂၉၀ မီတာ၊ ချည်းကပ် တံတား တဖက်လျှင်၂၇၀ မီတာဖြင့် ၅၄၀ မီတာ၊ စုစုပေါင်း ၈၃၀ မီတာ (၂၇၂၃ ပေ) ဖြစ်ပြီး၊ တံတား တခုလုံး၏ တန်ဖိုးမှာ ၂၅ ဒသမ၂၅ ဘီလီယံခန့် ကုန်ကျ မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆိုသည်။
ယင်းအတွက် ပထမ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂ ဒသမ ၄ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလ အထိ ၆ လ ရန်ပုံငွေ ကျပ် ၁ ဒသမ ၅ ဘီလီယံ ရရှိခဲ့ပြီး၊ နိုင်ငံတော် အရေးပေါ် ရန်ပုံငွေမှ ကျပ် ၆ ဘီလီယံ တင်ပြ တောင်းခံရခြင်း ဖြစ်ကြောင်း၊ ထပ်မံ လိုအပ်သည့် ရန်ပုံငွေ ကျပ် ၁၅ ဒဿမ ၃၅ ဘီလီယံကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တင်ပြ တောင်းခံထားကြောင်း ဦးကျော်လင်းက ဆွေးနွေးသွားသည်။
ထို့ပြင် မြောင်းမြ တံတား အသစ် တည်ဆောက်ရာတွင် I & H ကုမ္ပဏီနှင့် ပူးပေါင်း၍ Three Span Continuous P.C Box Girder Type အမျိုးအစားဖြင့် Balance Cantilever Method အသုံးပြု တည်ဆောက်ပါက နောကထပ် ၃ နှစ်ခန့် ကြာမြင့်မည် ဖြစ်သောကြောင့် အလျင်အမြန် တည်ဆောက်နိုင်မည့် Steel Truss Deck Type အမျိုးအစားဖြင့် ပြောင်းလဲ တည် ဆောက်နိုင်ရန် ဒီဇိုင်း ပြင်ဆင် ရေးဆွဲခဲ့ကြောင်း ဒု ဝန်ကြီး ဦးကျော်လင်းက ပြောသည်။
သက်တမ်း နှစ်ပေါင်း ၂၀ ကျော် ရှိသည့် မြောင်းမြ မြစ်ကူး ကြိုးတံတားဟောင်းသည် ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက် နံနက်ပိုင်း က မြစ်အတွင်းသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကာ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အရေးပေါ် အခြေအနေဖြင့် တံတားခံနိုင်သည့် ဝန်ထက် ပိုသည့် ကယ်ဆယ်ရေး ယာဉ်တန်းများ ဖြတ်သန်းသွားလာခဲ့သဖြင့် တံတားမှာ ပိုမို ပျက်စီးခဲ့ကြောင်း ၎င်းက ဆို သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ရောက်ချိန်၌ တံတား၏ ခံနိုင်ဝန်မှာ ၂၀ ရာခိုင်နှုန်းခန့် အောက် သို့ ကျခဲ့သဖြင့် တံတား အသစ်တစင်း ဆောက်လုပ်နိုင်ရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တော်သို့ မေးမြန်းခဲ့ရာ ၂၀၁၇ ခုနှစ် မေလတွင် တံတားအသစ် ဆောက်လုပ်မှု စတင်နိုင်ခဲ့ကြောင်းလည်း ဒေါက်တာ စိုးမိုးသူက ပြောသည်။
ထိုသို့ ကြိုးတံတား အဟောင်း ပြုတ်မကျခင် တံတား အသစ်ဖြစ်သည့် သံကူ ကွန်ကရစ် တံတားကို စတင် ဆောက်လုပ် နေချိန်တွင် အချိန် ၁ နှစ် အကြာတွင် ကြိုးတံတား အဟောင်း ပြုတ်ကျ သွားခဲ့ခြင်း ဖြစ်သည်။
ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်း စိုးအောင်က “ကြိုးတံတား အများစုက အထဲမှာ ကွန်ကရစ် ပိတ်လောင်းထား လိုက်တော့ ကြိုးခိုင် မခိုင် စမ်းသပ်တဲ့ အခါ မှာ မျက်မြင်နဲ့ စစ်လို့ မရဘူး။ စက်ကလည်း မြန်မာနိုင်ငံမှာ မရှိဘူး။ ဒါကြောင့် ကြိုးတံတားတွေက အထဲမှာ ဆွေးနေလား၊ ဘာလားဆိုတာ မသိကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ အတွင်းမှ ကြိုးတံတားများမှာ သက်တမ်းအားဖြင့် ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ယခု မြောင်းမြ ကြိုးတံတား အစား သံကူကွန်ကရစ် တံတား တည်ဆောက်သလို အခြားကြိုးတံတားများကိုလည်း ပြန်လည် တည်ဆောက်သင့်သည် ဟု အကြံပြုလိုကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ ကြိုးတံတား ၂၉ စင်းတွင် အရေးကြီးသည့် တံတားများကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပြီး အန္တရာယ်ရှိ တံတားများအား အသစ်ပြန်လည် တည်ဆောက်၍ ကျန် ကြိုးတံတားများကို အဆင့် ပြန်လည် မြှင့်တင်သွားရန် ဆောက် လုပ်ရေး ဝန်ကြီး ဌာနက လုပ်ဆောင်လျက် ရှိသည်ဟု ထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနက တံတားများ၏ အရည်အသွေး၊ စံချိန်စံညွှန်းများ လျော့နည်း၍ တည်ဆောက်ခြင်း၊ ပြုပြင် ခြင်း၊ အရည်အသွေး စစ်ဆေးရာ၌ သိလျက် တမင် ထိန်ချန် ဆောင်ရွက်ပါက ထောင်ဒဏ် ၇ နှစ်နှစ်နှင့် အထက် ချမှတ် နိုင်သည့် တံတားကြီးများ ဥပဒေကြမ်းကို စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ အတည်ပြုခဲ့ သည်။
ဆက်စပ်ဖတ်ရှုရန်-အန္တရာယ်ရှိ ကြိုးတံတားများ အသစ်ပြန်လည် တည်ဆောက်မည်