ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပိုင်နက်နယ်မြေနှင့် လွတ်လပ်ရေးအတွက် မစိုးရိမ်ကြရန် မဲဆန္ဒရှင်များကို ကတိပြုထားသည်။
“စစ်မှန်သော မျိုးချစ်စိတ်နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြည်ပက စွက်ဖက်မလာစေဖို့ တွန်းလှန်ရမယ့်အချိန်ပါ” ဟု USDP အတွင်းရေးမှူး ဦးပိုက်ထွေးက အစိုးရပိုင် ရုပ်သံလိုင်းနှင့် ရေဒီယိုတို့မှတဆင့် အသံလွှင့်ပြောကြားသည်။
“ကျနော်တို့ကိုပေးတဲ့ ခင်ဗျားတို့ရဲ့ မဲတွေဟာ နိုင်ငံတည်တံ့ခိုင်မြဲရေး သေချာစေဖို့ ကတိပြုပါတယ်” ဟု သူက ဆိုသည်။
အမျိုးသားအကျိုးစီးပွားသည် မိမိတို့ပါတီ၏ ထိပ်ဆုံးအစီအစဉ်ဖြစ်ကြောင်းနှင့် နယ်မြေပိုင်နက် ဆုံးရှုံးခြင်း (သို့မဟုတ်) တိုင်းတပါး၏ အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုသည်ဟု အဆိုပါ အတွင်းရေးမှူးက ပြောသည်။
“စဉ်းစားဖို့ အချိန်တန်ပြီ” ဟူသည့် မဲဆွယ် ဆောင်ပုဒ်ဖြင့် ကြွေးကြော်နေသည့် ကြံ့ခိုင်ရေးပါတီသည် ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းရာတွင် နိုင်ငံခြားမှ ကျွမ်းကျင်သူများကို လက်သင့်ရာ ခေါ်ယူခဲ့သည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို အမျိုးသားလုံခြုံရေး ထိခိုက်နိုင်သည်ဟု ဆို၍ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက နေပြည်တော်တွင် ချီတက်ပွဲ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ဖြစ်ပွားနေသော ပဋိပက္ခသည် နယ်မြေပိုင်နက် ဆုံးရှုံးရေးသို့ ဦးတည်နေကြောင်း သတိပေးခဲ့ပြီး ကုလသမဂ္ဂနှင့် အမေရိကန်တို့က လူမျိုးရေး သုတ်သင်မှုအဖြစ်ဖော်ပြခဲ့သော စစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပေါ် ထိရောက်စွာ ကာကွယ် ပြောဆိုရန် ပျက်ကွက်ခဲ့သည်ဟုလည်း အစိုးရကို စွပ်စွဲခဲ့သည်။
အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးများ၏ နိုင်ငံရေးကွန်းခိုရာ USDP သည် ကျယ်လောင်စွာဝေဖန်ခံရသည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဖြင့် အာဏာရလာခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကို ရှုံးနိမ့်ခဲ့ ရသည်။ ၎င်းပါတီဝင်တချို့သည် အာဏာရခဲ့စဉ်က အလွဲသုံးစား မကောင်းသတင်းများကြောင့် မှေးမှိန်နေခဲ့ပြီး ဖြစ်သည်။
“အမိမြေကို တလက်မ မဆုံးရှုံးစေရေးအတွက်” မိမိပါတီက ကတိပြုကြောင်း ဦးပိုက်ထွေးက ပြီးခဲ့သည့် အပတ် စနေနေ့တွင် ပြောသည်။
နိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံအခွင့်အရေးများ ရရှိစေရန် မိမိတို့ပါတီက ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုးရှည်နေသည့် ပြည်တွင်းစစ်ကို အောင်မြင်စွာချုပ်ငြိမ်းစေရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပါတီအာဏာရစဉ်က အစပျိုးပေးခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးက ဆိုသည်။
သို့သော် နယ်မြေပိုင်နက်ဆုံးရှုံးမှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော USDP ၏ ပြောကြားချက်မှာ ပါတီ၏ ဦးထုပ်ဟောင်းပင် ဖြစ်ကြောင်း၊ ၎င်းမဟာဗျူဟာ၏ အစိတ်အပိုင်းဖြစ်သည့် ခြောက်လှန့်ရေး နည်းဗျူဟာဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွဆောင်ရွက်နေသူ ကိုမိုးသွေးက ပြောသည်။
“မကြာခင်ကမှ ပြန်လည်ဆန်းသစ်ထားတဲ့ အမျိုးသားရေးအခြေခံတဲ့ ဝါဒဖြန့်မှုပါဗျာ” ဟု သူက ဆိုသည်။
ဒီမိုကရေစီနည်းလမ်းမကျသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိကာ သာယာဝပြောမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိ ပြည်သူလူထု သဘောထားအရ USDP က ဦးဆောင်မှု အခန်းကဏ္ဍရယူပြီး ကိုင်တွယ်ဆုံးဖြတ်ခြင်းကို မလိုလား ကြကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ ဦးရန်မျိုးသိမ်းက ပြောသည်။
အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တို့တွင် ၁၃ နေရာရရှိထားသည့် အဆိုပါပါတီသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမိအရ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီ ၂၄ ပါတီမှ ပါဝင် ယှဉ်ပြိုင်သူ စုစုပေါင်း ၆၉ ဦးတို့သည် ချင်း၊ ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်တို့တွင် မဲအရွေးခံကြမည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ၆၉ ဦးအနက် ၇ ဦးမှာ တသီးပုဂ္ဂလ ဖြစ်သည်။
လက်ရှိ အဓိက အတိုက်အခံပါတီဖြစ်နေသည့် USDP က ၁၀ နေရာ ယှဉ်ပြိုင်မည်ဖြစ်သည်။ NLD ပါတီက မဲဆန္ဒနယ် ၁၃ နေရာ ဝင်ပြိုင်ရန် ရှိသည်။
“ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို သိဖို့ အရေးကြီးပါတယ်။ လက်ရှိ အချိန်နဲ့ အရင်က ပါတီမူဝါဒနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အနာဂတ်မှာ တိုင်းပြည်အတွက် ပိုကောင်းလာအောင် ဆောင်ရွက်သွားမှာပါ” ဟု ဦးပိုက်ထွေးက ပြီးခဲ့သည့် အပတ် စနေနေ့က ပြောသည်။
“နိုင်ငံရေး၊ စီးပွားရေး၊ အဖွဲ့အစည်း၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတာတွေ ဖြစ်ထွန်းလာဖို့ ကျနော်တို့ တာဝန်ယူစဉ်က အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့တာ ဘယ်သူမဆို မျက်မြင်ပါ။ ပြည်သူတွေ ဒီမိုကရေစီ ခံစားခဲ့ရပါတယ်” ဟု သူက ဆက်ပြောသည်။
လက်ရှိအစိုးရကို စိတ်ပျက်နေကြသော်လည်း မဲဆန္ဒရှင်များအနေဖြင့် USDP အနိုင်ရလိုစေခြင်း မရှိကြကြောင်း ဦးရန်မျိုးသိမ်းက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်နှစ်တာကာလမှာ NLD အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို စိတ်ပျက်နေသူတွေရှိပါတယ်။ ဒါပေမယ့် အဲဒီလို စိတ်ပျက်နေသူတွေတောင်မှ USDP ကို မဲပေးကြမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
(USDP Vows to Protect Territory, Independence in By-Election Speech ကို ဆီလျော်အောင် ဘာသာပြန်သည်။)