တရုတ်နိုင်ငံတွင် ယခင်က မိသားစုစီမံကိန်းမူအရ ထားရှိခဲ့သော ဌာန ၃ ခုကို ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း တရုတ် ကျန်းမာရေး ကော်မရှင်က တနင်္ဂနွေနေ့က ကြေညာခဲ့ခြင်းသည် ဘေဂျင်း၏ လူအိုဦးရေ လျှော့ချရေးအတွက် ကလေး မွေးဖွားမှုနှုန်း ကန့်သတ်ထားခြင်းကို ဖြေလျှော့ပေးမည့် နောက်ဆုံးအချက်ပြမှု ဖြစ်သည်။
ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်သည့် တရုတ်နိုင်ငံတွင် အစိုးရ မီဒီယာက ယင်းကိစ္စကို အရိပ်အယောင်အားဖြင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထုတ်လွှင့်ခဲ့ပြီးနောက် အိမ်ထောင်သည် စုံတွဲများအပေါ် ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သည့် ကလေးမွေးဖွားမှု အရေအတွက် ကန့်သတ်ခြင်းကို အဆုံးသတ်ပေးမည့် အလားအလာ ရှိနေသည်။
ဝက်မိသားစုပုံတွင် ဝက် ၂ ကောင်နှင့်အတူ ရွှင်လန်းနေသည့် ဝက်ပေါက်လေး ၃ ကောင်ဖြင့် သရုပ်ဖော်ထားသည့် တံဆိပ်ခေါင်းကို ပြီးခဲ့သည့်လက တရုတ်စာတိုက်ဌာနတွင် ထုတ်ဝေခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်းမှာပင် မိသားစု စီမံကိန်း ကိစ္စရပ်အားလုံးကို ဖြေလျှော့ပေးလိုက်သည့် အရပ်သားဥပဒေ မူကြမ်း ထွက်ပေါ်လာခဲ့သည်။
အောက်ခြေ လူတန်းစား မိသားစုစီမံချက် မူဝါဒ အကောင်အထည်ဖော်ရေးအတွက် တာဝန်ယူရသည့် ရုံး ၃ ရုံးကို တရုတ်အစိုးရ၊ အမျိုးသားကျန်းမာရေး ကော်မရှင်၏ ဖွဲ့စည်းပုံအသစ်အရ ဖယ်ရှားပစ်မည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်၏ ကြေညာချက်က ဆိုသည်။
“လူဦးရေ စောင့်ကြည့်ရေးနှင့် မိသားစုဖွံ့ဖြိုးမှု” ဌာနဟောင်းအစား မွေးဖွားမှု မူဝါဒ တိုးတက်ရေးနှင့် အကောင်အထည် ဖော်မှု စုစည်းကိုင်တွယ်ရေး ဌာနသစ်ကို ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပြီး မိသားစုစီမံချက်အတွက် သာမန်ထက် ထူးသည့် မိသားစု အထောက်အပံ့ပေးရေး စနစ်ကို ချမှတ် ဖြစ်ထွန်းစေမည်ဖြစ်သည်။
တရုတ်ကျန်းမာရေး ကော်မရှင်အနေဖြင့် မိသားစုစီမံချက် စီမံခန့်ခွှဲမှုနှင့် ပံ့ပိုးမှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နေရဆဲ ဖြစ်ပြီး မိသားစုစီမံချက် မူဝါဒ တိုးတက်လာစေရေး ဆောင်ရွက်လာရကြောင်း ၎င်းကြေညာချက်က ဆိုသည်။
“မိသားစုစီမံချက်” ဟူသော အသုံးအနှုန်းကို ကော်မရှင်က မတ်လတွင် နုတ်ပယ်ခဲ့၍ အစိုးရဌာနတခုကို အပြီးအပြတ် ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်ခြင်းသည် အစိုးရ တဖန် ဆန်းသစ်စေရေး အစိတ်အပိုင်းဖြစ်ခဲ့ပြီး ကြိုးနီစနစ် မူဝါဒ ချမှတ်မှုကို လျှော့ချသည့် အသွင်လည်း ဆောင်နေသည်။
တရုတ်သည် လူဦးရေ များပြားလွန်းလှသဖြင့် မိသားစုစီမံချက်မူဝါဒဖြင့် တင်းကျပ်ခဲ့ရပြီး မွေးဖွားနှုန်းမှာ နှေးကွေးသွားကာ အလုပ်လုပ်နိုင်စွမ်းအားလည်း ကျဆင်းခဲ့သည်။
ကလေးတယောက်သာ ယူခွင့် ဥပဒေ ရှိသော်လည်း ကျေးလက်နေ မိသားစုအချို့ အထူးသဖြင့် မိန်းကလေး မွေးသူ မိသားစုများအား ကလေး ၂ ယောက် ယူခွင့် လျှောက်ထားခွင့် ပြုထားသည်။
၂၀၁၆ ခုနှစ်တွင် မြို့ပြနေ စုံတွဲများအတွက် အစိုးရက ကလေးနှစ်ယောက် ယူခွင့်ပေးလိုက်ခြင်းဖြင့် ၁၉၇၉ ခုနှစ်ကတည်း အတင်းအကျပ် ချမှတ်ခဲ့သော မိသားစုတစုလျှင် ကလေးတယောက်သာ ယူရေးဟူသည့် အငြင်းပွားဖွယ်ရာမူဝါဒကို အစားထိုး ပြုပြင်ပြောင်းလဲခဲ့သည်။
ကလေးတယောက်သာ ယူရေး မူဝါဒအောက်တွင် ကမ္ဘာ့ပျမ်းမျှ စာရင်းတွင် တရုတ်၏ လူဦးရေတိုးပွားနှုန်းမှာ ကျဆင်း သွားခဲ့ပြီး မွေးဖွားနှုန်း နည်းသွားကာ လူအိုဦးရေ အလျင်အမြန် တိုးပွားလာသည်ကို တရုတ်မူဝါဒရေးဆွဲသူများက သတိပြုမိလာခဲ့သည်။
၂၀၁၇ ခုနှစ်အတွက် အသက် ၆၀ နှင့်အထက် လူဦးရေမှာ တရုတ်စုစုပေါင်း လူဦးရေ၏ ၁၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၉၅၀ ပြည့်နှစ်က ၇ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပုံနှင့် ကုလသမဂ္ဂ လူဦးရေဌာနခွဲက နှိုင်းယှဉ်ပြခဲ့သည်။
တရုတ်သည် ၂၀၁၈ နှစ်ကုန်ပိုင်းအရောက်တွင် မိသားစုတစုလျှင် ကလေးအရေအတွက် မည်မျှယူရေး ကန့်သတ်ထားမှုကို ဖျက်သိမ်းရန် စိုင်းပြင်းနေကြောင်း Bloomberg သတင်းဌာနက မေလက ရေးသားဖော်ပြခဲ့သည်။