“ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် “ဝ”ဒေသအတွင်းမှာ တည်ငြိမ်ရေး ပျက်ပြားစေသည့် စည်းရုံးမှုများကို လုပ်နေသည်ဟုဆိုကာ ဘာသာရေး ခေါင်းဆောင် တချို့အား ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရသည်။
UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက “ပြင်ပ တချို့ အစွန်းရောက် /မှတ်ပုံမတင် ဘာသာ ရေး ဆရာတော်တွေကြောင့် ဒေသအတွင်း မတည်မငြိမ် ဖြစ်နေမှုတွေကို ထိန်းချုပ်ဖို့ ခေါ်ယူစစ်ဆေး မေးမြန်း တာ လုပ်နေကြတယ်လို့ သိရပါတယ်။ ပွဲတော် နှစ် ၃၀ အတွက် လုံခြုံးရေး ကြိုပြင်ဆင်တဲ့ သဘောလည်း ပါဝင်တယ်။ ပြင်ပမှ ဘာသာရေးဆရာများ ခေါ်ယူ စစ်ဆေး မေးမြန်းနေပါတယ်” ဟု ပြောသည်။
မည်သည့် ဘာသာဝင်များဖြစ်ကြောင်း အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း “ဝ” ဒေသထဲက သတင်းရင်းမြစ်အချို့၏ အဆိုအရ ခရစ်ယာန်ဘာသာဝင်များဖြစ်သည်ဟုဆိုသည်။
UWSA က ခေါ်ယူ၍ စစ်ဆေးမှုများ ပြုလုပ်နေသော ဘာသာရေး ခေါင်းဆောင်များသည် ဒေသခံ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ပြင်ပ (ဝဒေသက မဟုတ်သော တခြားဒေသက) က ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်ကြောင်း၊ ထိုဘာသာရေး ခေါင်းဆောင်များကို နေထိုင်ခွင့် ရှိ/မရှိ အပြင်၊ ဘာသာရေး စည်းရုံးမှုများ ရှိ/ မရှိတို့ကို စစ်ဆေးနေခြင်း ဖြစ် ကြောင်း UWSA ဘက်က ပြောသည်။
ဦးညီရမ်းက “ အဓိက ဆရာတော်အပိုင်းလို့ သိရပါတယ်။ အစွန်း ရောက်သည့် မည်သည့် ဘာသာမဆိုပါ။ အရင်လည်း လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ပြင်ပမှ ဘာသာရေး ဆရာများ ခေါ်ယူ စစ်ဆေးမေးမြန်းနေတယ်”ဟု ပြောသည်။
ယခုလို ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များကို ဖမ်းဆီး စစ်ဆေးနေခြင်းက ဘာသာရေးဖိနှိပ်မှု လုပ်နေခြင်း ဖြစ်ကြောင်း ဝဒေသနေ ခရစ်ယာန်ကိုးကွယ်သူများက ယူဆနေကြပြီး UWSA ဘက်ကတော့ အစွန်းရောက် ဘာသာရေးခေါင်းဆောင်များနှင့် ဒေသတွင် ဘာသာရေး မစည်းရုံးရ စည်းမျဉ်းကို ချိုးဖောက်နေသူများ၊ “ဝ” ဒေသ ဥပဒေနှင့် မကိုက်ညီသော (သို့မဟုတ်) ဥပဒေကျော်လွန်၍ လုပ်ဆောင်သူ နှင့် လှုံ့ဆော်သူများသာ စစ်ဆေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့သို့ စစ်ဆေးမှုများ ပြုလုပ်ရခြင်းကလည်း UWSA ၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်း အနား ကျင်းပရန် စီစဉ်နေရာ လုံခြုံရေးပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ခြင်း အပြင် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားမည်ကို ထိန်းသိမ်းခြင်း၊ အစွန်းရောက် ဘာသာရေး ခေါင်းဆောင်များ ဝင်ရောက်မှုများ တားဆီးခြင်း၊ ဘာသာရေး စည်းရုံးမှုများ မပြု လုပ်ရန် စသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း UWSA ပြောခွင့်ရ ဦးညီရမ်းက ပြောသည်။
ဝတိုင်းရင်းသူ တဦးက “ တန့်ယန်းတို့၊ မြန်မာပြည် (ပြည်မ) ဘက်ကဆိုရင် ၁ နှစ် ထောင်ချတယ်။ ဒေသခံဆိုရင် ၃ နှစ် ထောင်ချတယ်။ သူတို့က ပြောတာ ကျမတို့ ခရစ်ယာန်တွေက စည်းရုံးတာတဲ့၊ “ဝ” ပြည် က နတ်ကိုးကွယ်တာ များတယ်လေ၊ ယုံကြည်သူတွေက များလာတယ်။ ဒါကို သူတို့ သဘောမကျဘူး ထင်တယ်။ အခု အကုန် ဖမ်းနေတာ၊ ပန်ဆန်းမှာဆို ဘယ်သူမှ မနေရဲကြတော့ဘူး” ဟု ပြောသည်။
ဦးညီရမ်းက “ဝ” ဒေသတွင် စည်းစနစ်ရှိပြီး လွတ်လပ်စွာ ကိုးကိုယ်ခွင့်ရှိသည်ဟု UWSA ဥပဒေမှာ ပြဋ္ဌာန်း ထားကြောင်း၊ ယခုအခါတွင် ဘာသာရေး စည်းရုံးမှုများကြောင့် နေရာတချို့မှာ လူမျိုး / မိသားစုချင်း သဘောထားများ ကွဲလာခဲ့ကြကြောင်း စသည့် အခြေအနေများကြောင့်လည်း တားဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
UWSA ခေါင်းဆောင်များတွင် ခရစ်ယာန် ကိုးကွယ်သူ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ စသဖြင့် ရှိသော်လည်း အများဆုံးမှာ နတ်ကိုးကွယ်သူများဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက UWSA ခေါင်းဆောင်များ အစည်းအဝေး လုပ်၍ ဘာသာရေးဖြင့် စည်းရုံးမှုများ ပြုလုပ် နေမှုများကို တားဆီးရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ထိုအစည်းအဝေး ဆုံးဖြတ်ချက်အရ “ဝ” ဒေသအတွင်းရှိ ဘာသာရေး အမှုတော်ဆောင် (စာသင်ကျောင်း ဆရာ /မ များ အပါအဝင်) များကို စစ်ဆေးရန်၊ အမှုတော်ဆောင် တဦးချင်းကို စစ်ဆေးရန်၊ “ဝ” ဒေသရှိ ခရစ်ယာန် ဘုရားကျောင်း ဆောင်များ အရေအတွက် ကောက်ခံရန်၊ ၁၉၉၂ တွင် အစိုးရခွင့်ပြုချက်ဖြင့် ဆောက်ထားသော ဘုရားကျောင်းများမှ အပ နောက်ပိုင်း ဆောက်သော ဘုရားကျောင်းများကို ပယ်ဖျက်ရန်၊ ထပ်မံ၍ ဘုရား ကျောင်းဆောင်များ ဆောက်လုပ်ခွင့် မပြုရန်၊ ဘာသာရေး စည်းရုံးမှုများ မပြုလုပ်ရန် စသည့် ကိစ္စများကို ဆုံး ဖြတ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ခရစ်ယာန် ဘုရားကျောင်းများကို ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို စစ်ဆေးရန်၊ “ဝ”ဒေသရှိ အဖွဲ့စည်းကော်မတီဝင်များ ပါဝင် ပတ်သက်မှု မပြုလုပ်ကြရန်၊ စာသင်ကျောင်းများ တွင် ဘာသာရေးနှင့် ဆိုင်သော အကြောင်းအရာများကို မသင်ကြားရန်နှင့် တိုက်တွန်းမှုများ မပြုလုပ်ရန်၊ “ဝ” ဒေသရှိ ဘာသာရေး ခေါင်းဆောင်များသည် ဒေသခံများသာ ဖြစ်ရန်၊ ဘာသာရေး ခေါင်းဆောင်များသည် “ဝ” အစိုးရ၏ လုပ်ပိုင်ခွင့်ပေးမှု အောက်တွင်သာ လုပ်ဆောင်ရန်၊ UWSA ဗဟိုဌာနချုပ်က သတ်မှတ်ထားသော စည်း မျဉ်း စည်းကမ်းအတွင်းကသာ လုပ်ဆောင်ရန် စသည့် ကိစ္စများကိုလည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် “ဝ” ဒေသတွင် ဝ၊ အာခါ၊ လားဟူ၊ ကချင်၊ ရှမ်း၊ ဗမာ၊ တရုတ်၊ ကိုးကန့် စသည့် တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသား ၁၇ မျိုးခန့် နေထိုင်ကြပြီး ထိုသူများထဲတွင် ခရစ်ယာန် ကိုးကွယ်သူများ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ များ၊ နတ်ကိုးကွယ်သူများ ရှိကြကြောင်း သိရသည်။
UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၅၆) အရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ခြောက်မြို့နယ်ကို ခရိုင် ၂ ခရိုင် ခွဲ၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
AI KAWN WA ဆိုသော Page တခုကတော့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များကို တားဆီးခြင်းမှာ “ဝ” ဒေသ ဥပဒေနှင့် မကိုက်ညီသော (သို့မဟုတ်) ဥပဒေဘောင်ကို ကျော်လွန်၍ လုပ်ရပ်များကို လုပ်ဆောင်သူ၊ လှုံဆော် (မူရင်း စေ့စော်) သူ၊ ကျောထောက်နောက်ခံ လုပ်သူများကိုသာ နယ်မြေ ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ခေတ္တ ခေါ်ယူ ထိန်းသိမ်းထားခြင်းသာ ဖြစ်ကြောင်း ရေးသားထားသည်။
ထို့ပြင် UWSA အဖွဲ့အစည်းတွင် ဘာသာရေး မစည်းရုံးရဟု စည်းကမ်းထုတ်ထားရာ လူမျိုးရေးကို အကြောင်း ပြ၍ လည်းကောင်း၊ စာပေ ယဉ်ကျေးမှု (ပညာရေး)ကို အကြောင်းပြ၍ လည်းကောင်း၊ မတ်မောစရာ ငွေရေး- ကြေးရေး နှင့် ပစ္စည်းများကို (လာဘ်ပေး လာဘ်ယူ) ပေး၍ လည်းကောင်း၊ အမိန့်အာဏာကို အသုံးချ (ခြောက်လှန့်) ၍ လည်းကောင်း စသဖြင့် မိမိဘာသာဝင် မဟုတ်သူများကို မစည်းရုံးရဟု ဆိုထားရာ အထက်ပါ အချက် တချက်ကို ဖောက်ဖျက်ပါက အရေးယူခြင်း ခံရမည်ဟု ၎င်း Page တွင် ရေးထားသည်။