တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ ရပ်တန့်ရေးအတွက် နှစ်ဘက်ထိပ်သီးခေါင်းဆောင်များ အကြား ထိပ်တိုက် ဆွေးနွေးရန် ရန်ကုန်မြို့တွင် ပြုလုပ်သော JMC-U အစည်း အဝေးတွင် သဘောတူညီခဲ့ကြသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ပြုလုပ်သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေး အပြီးတွင် JMC-U က အတွင်းရေးမှူး များ၏ ရှင်းလင်းချက်အရ သိရခြင်းဖြစ်သည်။
JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က “RCSS ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးကြပါ တယ်။ တော်တော်လေးကို ကျနော်တို့ ဆွေးနွေးကြပါ တယ်။ ၂ ဖက်စလုံးကလည်း တင်ပြချက်တွေ လုပ်ပါ တယ်။ လောလော ဆယ်မှာတော့ ၂ ခု စီစဉ်ထားတာပေါ့။ ပထမတခုကတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ ခေါင်းဆောင်များ ၂ ဖက် ခေါင်းဆောင်များ တွေ့ဆုံနိုင်ဖို့က အရေး ကြီးတယ်။ ဒီကိစ္စ တခုတည်းမဟုတ်ဘူး ကိစ္စတော်တော်များများ ပါတယ်။ အဲဒါကိုလည်း ၂ ဖက်စလုံးက လက်ခံထားပါတယ်” ဟု ပြောသည်။
တပ်မတော်နှင့် RCSS ကြား တိုက်ပွဲများ ရပ်တန့်ရေး ၂ ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ရန် မူအားဖြင့် သဘောတူညီထားသော်လည်း မည်သည့် အချိန်တွင်တွေ့ဆုံကြမည်ကို ဆက်လက် ညှိနှိုင်း ကြမည်ဖြစ် ကြောင်း၊ သို့သော်လည်း မကြာခင် တွေ့ဆုံနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း JMC-U မှ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောသည်။
ထို့ပြင် မြေပြင်ရှိ ၂ ဖက် တပ်မှူးများ တွေ့ဆုံနိုင်ရေးအတွက်ကိုလည်း စီစဉ်ထားကြောင်း JMC-U ဘက်မှ ပြောသည်။
ဒေါက်တာရွှေခါးရ်က “နှစ်ဖက်တပ်မှူး မြေပြင် တပ်မှူး တွေ့ဆုံဖို့ကိုလည်း ထပ်ပြီးတော့ လုပ်ထားတယ်။ ၂ ဖက် တပ်မှူးတွေ မကြာ ခဏ တွေ့ဆုံမှုက ထိတွေ့မှုတွေကို ရှောင်ရှားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီရှမ်းပြည် နယ်မှာလည်း RCSS နဲ့ အစိုးရ တပ်မတော်ကြား မြေပြင် တပ်မှူးတွေ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆက်လက် ကျင်းပဖို့အတွက် လည်း ကျနော်တို့ လုပ်ပါတယ်” ဟု ပြောသည်။
RCSS သည် NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးခဲ့သည်။ ယခု ၂၀၁၈ ခုနှစ်ထိ ၃ နှစ်အတွင်း တပ်မတော်နှင့် RCSS ကြား တိုက်ပွဲပေါင်း ၈၀ ကြိမ်ဖြစ်ပွားခဲ့ကြကြောင်း RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က Taifreedom မှာ ပြောထားသည်။
တပ်မတော်နှင့် RCSS ကြား တိုက်ပွဲများ ရပ်တန့်ရေးအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေးနှင့် မူးယစ်ဆေးဝါးများ ပူးပေါင်းတိုက်ဖျက်ရေး စသည့် ကိစ္စများကို RCSS ဥက္ကဌ ဗိုလ်ချုပ် ကြီး ယွက်စစ် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပခဲ့သော JMC-U အစည်းအဝေးမှာ ဒေသန္တရာအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (LCM) များ ဖွဲ့စည်းနိုင်ရေး၊ RCSS နှင့် တပ်မတော်ကြား တိုက်ပွဲများ ရပ်တန့်ရေး ၂ ဖက်ခေါင်းဆောင်များ တွေ့ဆုံရေး၊ လူသစ်စုဆောင်းမှု ကိစ္စများ စသည့် အချက်များ အပါအဝင် အချက် ၁၅ ချက်ကို ဆွေးနွေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း JMC-U ထံမှ သိရသည်။