သတင်း

တပ်မတော် အာဏာမသိမ်းရေး အစိုးရတာဝန်ရှိဟု ကြံ့ဖွံ့ပါတီပြော

Want create site? Find Free WordPress Themes and plugins.

လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကြောင်းရင်းတချို့ကြောင့် တပ်မတော်မှ အာဏာပြန်လည် ရယူမည်ကို စိတ်ပူမှုများ ရှိနေရာ ယင်းသို့ မဖြစ်စေရန်မှာ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ တာဝန်ဖြစ်ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီက ပြောဆိုလိုက်သည်။

“လက်ရှိ အာဏာရ အစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက် အပေါ်မှာပဲ စဉ်းစားရမယ့် အနေအထား ဖြစ်ပါတယ်။ အသွင် ကူးပြောင်းရေး ကာလမှာ နောက်ကြောင်း ပြန်မလှည့်အောင် မှန်ကန်တဲ့ မူဝါဒ၊ မှန်ကန်တဲ့ ဦးဆောင်မှုတွေနဲ့ ဆောင်ရွက်သွားရမှာက လက်ရှိ အစိုး ရရဲ့ တာဝန်ဖြစ်တယ်”ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

NLD အစိုးရ လက်ထက်တွင် ပြည်ပဖိအားများ ပိုများလာခြင်း၊ အမျိုးသားရေး ပြဿနာများ၊ လူမျိုးရေး ပြဿနာများ၊ ဘာသာ ရေး ပဋိပက္ခများ၊ တိုင်းပြည်၏ စီးပွားရေး အကြပ်အတည်းများ၊ ပြည်တွင်း၌ တရားဥပဒေ စိုးမိုးမှု အားနည်းချက်များ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့က ယခင် အစိုးရနှင့် မတူသည့် အချက်များ ဖြစ်ကြောင်း ၎င်းတို့က သုံးသပ် ထောက်ပြ သည်။

NLD အစိုးရလက်ထက် ၂ နှစ် ကျော် ကာလတွင် ပြည်သူလူထုထံမှ နောက်ကြောင်း ပြန်လှည့်မည်ကို စိုးရိမ်သည့် စကားမျိုး စတင် ကြားလာရပြီး နောက်ကြောင်း ပြန်လှည့်လာနိုင်သလားဆိုသည့် မေးခွန်းမျိုးလည်း ပေါ်ထွက်လာကြောင်း၊ နောက်ကြောင်း ပြန်လှည့် ခြင်း ဆိုသည်မှာ စစ်တပ်က အာဏာပြန်သိမ်းမလား ဆိုသည်ကို စိုးရိမ်သည့် သဘော ဖြစ်ကြောင်း ယင်းပါတီ၏ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ဧရာဝတီသို့ ပြောဆိုသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် တိုင်းပြည်ဖွံ့ ဖြိုးရေး စီမံကိန်းများ ရေးဆွဲပြီး အစိုးရအဖွဲ့ အတွင်း လွတ်လပ်စွာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်ဆောင်နိုင်ခဲ့သဖြင့် ပြည်သူလူထုတွင် ထိုစဉ်က နောက်ကြောင်းပြန်လှည့်ပြီး တပ်မ တော်က အာဏာသိမ်းမလားဆိုသည့် အတွေးမျိုး မရှိဟုလည်း ဆိုသည်။

ဒေါက်တာ နန္ဒာလှမြင့်က “ဘယ်သူ့ကိုမှလည်း မတိုင်ပင်၊ ဘယ်သူ့ကိုမှလည်း လက်မတွဲ။ ကိုယ်သိကိုယ်တတ်၊ ကိုယ်လုပ်နိုင်တယ်။ ငါလုပ်မယ်၊ ငါလုပ်ရင် ဖြစ် ပါတယ်ဆိုတဲ့ အတွေးမျိုးနဲ့ ငါတကော ကောပြီး သွားမယ်ဆိုရင်တော့ ပြည်သူလူထု ကြောက်လန့်နေတဲ့ အနေအထားမျိုးတွေ အချိန်မရွေး ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်”ဟု ပြောသည်။

ကြံ့ခိုင်ရေး ပြောခွင့်ရသူ၏ ပြောဆိုချက်သည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နှင့် တိုက်ဆိုက်လျက်ရှိပြီး ယမန်နေ့က လွှတ်တော်တွင် ကျင်းပသည့် အခမ်းအနားတွင် ပါတီ အစုအဖွဲ့အသီးသီးကလည်း ဒီမိုကရေစီနှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်မှု အသီးသီးကိုလည်း ထုတ်ဖော်ခဲ့ကြသေးသည်။

အာဏာရ NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က“ဘာမှတောင် ဖြစ်မလာသေးဘဲ ဖြစ်လာရင် ဘယ်သူ့ကို တာဝန်ရှိမလဲလို့ ရွေးချယ်စဉ်းစားနေတာမျိုးကတော့ မဖြစ်သေးတဲ့ ပြဿနာကို ဖြစ်လာအောင် ငြင်းရင်း ရန်ဖြစ်သလို ဖြစ်နေမယ်။ တပ်ကလည်း အာဏာသိမ်းဦးမှ။ တကယ်တမ်းဆိုရင် ဘာစိတ်ပူစရာ ရှိလဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဒီမိုကရေစီ စနစ်ဆိုသည်မှာ မှန်ကန်မှုကို အများဆန္ဒနှင့် သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး မှားမှားမှန်မှန် အများညီသည် နှင့် “ဤ” ကို “ကျွဲ”ဖတ်ခြင်းသည် ဒီမိုကရေစီ မဟုတ်သည်မှာ အားလုံးအသိဖြစ်ကြောင်း တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းထိုက်က ယနေ့ လွှတ်တော်တွင် ပြောသည်။

“နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် မှန်ကန်မ ျှတသော ဒီမိုကရေစီ ကျင့်စဉ် ဖြစ်စေရေး အားလုံး ပူးပေါင်းဆောင်ရွက် ရမည်ဖြစ် ပြီး တဦးကောင်းတယောက်ကောင်း ဆောင်ရွက်ခြင်းဖြင့် မရနိုင်ပါ”ဟု ဗိုလ်မှူးကြီး သန်းထိုက်က ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောသည်။

တိုင်းပြည် နောက်ကြောင်း ပြန်လှည့်ခြင်း၊ မလှည့်ခြင်းသည် အစိုးရ၏ စီမံခန့်ခွဲမှု အပေါ်တွင် မူတည်ပြီး အခြေခံ ဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ထိခိုက် ဆုံးရှုံးမည် ဆိုပါက တပ်မတော်က ကာကွယ်စောင့်ရှောက်ရမည်ဟု အတိအလင်း ဖော်ပြထားပြီး ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဗဟို ကော်မတီဝင်လည်း ဖြစ်သူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

“အဲဒီလို အနေအထားမျိုး မရောက်အောင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးစား အားထုတ်မှု၊ ဦးဆောင်မှု အရည်အသွေးဟာ အဓိက ကျမယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒီလို အနေအထားမျိုးတွေ ရောက်လာရင်တော့ နောက်ဆုံးခံတပ်က တပ်မတော်ပဲ ဖြစ်တာ ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ လက်ပိုက်ကြည့်နေလို့လည်း ရမယ်မထင်ဘူး။ လက်ပိုက်ကြည့်နေရင်လည်း သူ(တပ်မတော်) သည် သမိုင်းတရားခံ ဖြစ်သွားမှာပဲ”ဟု ၎င်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာကို တပ်မတော်က ၂ ကြိမ်တိုင်တိုင် ရယူခဲ့ဖူးပြီး ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက တကြိမ်၊ ၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ ညွှန်ကြားချက်ဖြင့် ဗိုလ်ချုပ် စောမောင်က တကြိမ် ရယူခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်မူ ရွေးကောက်ပွဲတခု ကျင်းပကာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် လက်ထဲသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အာဏာကို အပ်နှင်းပေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading