ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဖမ်းဆီးထားသော နန်းမိုဟွမ် လွတ်မြောက်ရေး အတွက် မိသားစုဝင်များ အပါအဝင် နမ့်ခမ်းမြို့ခံများနှင့် မြို့နယ်တွင်းရှိ ဒေသခံများက လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆန္ဒပြပွဲကို နန်းခမ်းမြို့ပေါ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မိသားစုဝင်များ၊ မြို့ခံများနှင့် မြို့နယ် အတွင်းရှိ နန်းမိုဟွမ် လွတ်မြောက်ရေးနှင့် တရားမျှတမှု ရရှိရေး လိုလားသူများ ပါဝင်ကြမည် ဖြစ်ကြောင်း လူငယ်များကွန်ကယ် (နမ့်ခမ်း) မှ ဆက်ဆံရေး တာဝန်ခံ စိုင်းသိန်းရွှေက ဧရာဝတီသို့ ပြောသည်။
“နန်းမိုဟွမ် လွတ်မြောက်ရေးအတွက်မြို့ လုံးကျွတ် ဆန္ဒပြတောင်းဆိုသွားမယ်။ ဖမ်းဆီးခံ တစ်လပြည့် လည်းဖြစ်တယ်။ ၁၇ ရက်နေ့မှာ လုပ်မယ်။ နမ့်ခမ်းမြို့မှာ လုပ်မှာပါ” ဟု ၎င်းက ပြောသည်။
ဆန္ဒပြ တောင်းဆို ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ နမ့်ခမ်း ဆေးရုံကုန်း တောင်ခြေကနေ မြို့လယ်ဘုရားကျောင်းနားထိ စီးတန်းလှည့်လည်၍ လူအင်အား ၃၀၀၀ ဖြင့် ဆန္ဒပြမည် ဖြစ်ကြောင်း သိရသည်။
“မနေ့က စာတင်ထားတယ်။ အင်အား ၃၀၀၀ ယောက် တင်ထားတယ်။ ရပ်ကွက်/ရွာတိုင်း လူမှု ဖွဲ့ စည်းတိုင်း၊ အင်အားတောင်းခံထားတယ်။ ၁၄ ရက်နေ့က ဒုမြို့နယ်မှူးဆီ စာတင်ထားတယ် သူလည်းလက်ခံပြီး ကူညီဆောင်ရွက်ပေးမယ်လို့ ပြောတယ်” ဟု စိုင်းရွှေသိန်းက ပြောသည်။
နမ့်ခမ်းမြို ့တွင် ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်၊ ကျေးရွာ ၄၈ ရွာ၊ လူမှုအဖွဲ့အစည်း ၁၅ ဖွဲ့ဝန်းကျင် ရှိကြောင်း ၎င်းက ပြောသည်။
နန်းမိုဟွမ် မိသားစုဝင် တဦးက “အခုထိ ဘာမှ သတင်းမကြားရတော့ အရမ်းစိုးရိမ်မိတယ်။ ဒါကြောင့် လွတ်ပေးပါလို့တောင်းဆိုရတာပါ” ဟု ပြောသည်။
နန်းမိုဟွမ်ကို TNLA က ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်က နမ့်ခမ်းမြို ့၊ဟိုနောင်ရပ်ကွက်ရှိ သူမှနေအိမ်သို့ဝင်ရောက်၍ ဖမ်းဆီးသွားခဲ့သည်။
TNLA အကောက်ခွန် ဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက် သေဆုံးစေသည်အထိ နန်းမိုဟွမ်မှ တာဝန်ဝတ္ထရား နှောင်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် TNLA ဗဟိုတရားရုံးသို့ အမှုဖွင့် တိုင်ကြားခဲ့ပါသည်ဟု ၂၀၁၈ ခုနှစ်။ စက်တင်ဘာ ၃ ရက်က TNLA က ထုတ်ပြန်ခဲ့သည်။
ထို့နောက် TNLA ဝမ်ထမ်း တာဝန်ဝတ္ထရား ထမ်းဆောင်နေစဉ် မိမိအလိုအလျောက် အပြင်း အထန် နာကျင်စေမှုဖြင့် နန်းမိုဟွမ်အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟိုတရားရုံးမှ အမှုဖွင့်အရေးယူထားသည်ဟုလည်း ထိုထုတ်ုပန်ချက်မှာ ဖော်ပြထားသည်။
လူငယ်များကွန်ရက် (နမ့်ခမ်း)မှ ဆက်ဆံရေးတာဝန်ခံ စိုင်းရွှေသိန်း က “သူတို့ (TNLA) ဥပဒေနဲ့ တရားစီရင် မယ်ဆိုတာကို ပြည်သူတွေက လုံးဝလက်မခံနိုင်ပါ။ တိုင်ရင်းသား ပြည်သူချင်းချင်း လေးစား စာနာမှုရှိရင် ချွင်းချက်မရှိ အမြန်လွတ်ပေးချင်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂို ဒေါ်အောင်ဆန်းစုကြည် ဥက္က| အဖြစ် တာဝန်ယူထားသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနကလည်း နန်းမိုဟွမ်ကို လွတ်ပေးရန် တောင်း ဆိုထားသည်။
သို့သော်လည်း ယနေ့တိုင် နန်းမိုဟွမ် လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် မိသားစုဝင် များ အပါအဝင် နမ့်ခမ်းမြို့ဒေသခံများ စုပေါင်း၍ စက်တင်ဘာ ၁၇ ရက်မှာ မြို့လုံးကျွတ် ဆန္ဒပြ တောင်းဆိုကြမည် ဖြစ်သည်။
ထိုဆန္ဒပြပွဲတွင် TNLA မှ ဖမ်းဆီးထားသော နန်းမိုဟွမ်အား ချက်ချင်းလွှတ်၊ မတရားဆက်ကြေးကောက်ခြင်းအား ချက်ချင်းရပ်၊ အကြမ်းဖက် ဝါဒ ဆန့်ကျင်ရေး ဒို့အရေး၊တရားဥပဒေ စိုးမိုးရေး ဒို့အရေး စသည့် ကြွေးကြော်သံများ ပါဝင်မည် ဖြစ်ကြောင်း စိုင်းရွှေသိန်းက ပြောသည်။
အလားတူ TNLA မှ မတရားဖမ်းဆီးထားသည့် နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ အပြစ်မဲ့သော နန်းမိုဟွမ်အား အမြန်ဆုံး ချက်ချင်း လွှတ်ပေးပါရန်၊ အပြစ်မဲ့ ပြည်သူလူထုအား အကြမ်းဖက် တိုက်ခိုက် အနိုင်ကျင့်မှုများကို ချက်ချင်း ရပ်ပေးပါ၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြည်သူလူထုထံ ဆက်ကြေးကောက်ခံခြင်းကို ချက်ချင်းရပ်ပေးပါ ဆိုသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
- နန်းမိုဟွမ် လွှတ်ပေးရန် TNLA ကို အစိုးရ ကြေညာချက်ထုတ်၍ သတိပေး
- နန်းမိုဟွမ် ကို လွှတ်ပေးရန် တိုင်းရင်းသား လက်နက်ကိုင်များ လိုလား
- TNLA မှ ဖမ်းထားသော နန်းမိုဟွမ် လွတ်မြောက်ရေး နမ့်ခမ်းတွင် ဆန္ဒပြ